သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Court, Drill, Dirt စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ


ဒီတပတ် English Learning: America Idioms and Expressions ကဏ္ဍမှာ တင်ပြပေးထားတဲ့ အီဒီယံအသုံးအနှုန်းများမှာ full court press, two minute drill နဲ့ dig up the dirt တို့ ဖြစ်ကြပါတယ်။

ပထမဦးဆုံး တင်ပြပေးထားတဲ့ အီဒီယံအသုံးအနှုန်းမှာ full court press ဖြစ်ပါတယ်။ Full = အပြည့်အ၀၊ Court = အဓိပ္ပါယ်အမျိုးမျိုး ရှိပေမယ့် ဒီနေရာမှာ ကစားကွင်း၊ Press = ဖိအားပေးသည် ဖြစ်ကြပါတယ်။ စကားစုတခုလုံးရဲ့ အဓိပ္ပါယ်ကတော့ ဖိအားအပြည့်အ၀ ပေးသည် ဖြစ်ပါတယ်။ ဒီအသုံးကတော့ ဘက်စကတ်ဘော (basketball) ကစားပွဲမှ ဆင်းသက် လာတယ်လို့ ဆိုပါတယ်။ ဘက်စကတ်ဘော ကစားကြရာမှာ ထုံးစံအနေနဲ့ အသင်း တသင်းရဲ့ အသင်းသား တယောက်က တဖက်အသင်းက ဂိုးသွင်း တိုင်းဆီ ဘောလုံးကို ပုတ်ယူပြေးလွှား ကစားရပြီး ပိုက်ထဲ ဘောလုံးကို သွင်းထည့်လိုက်တာနဲ့ တပြိုင်နက် မိမိ ဂိုးတိုင်ဘက်ဆီကို တိုက်ရိုက်တက်သုတ် ပြန်ပေးလာကာ တဖက် အသင်းက ဂိုးမသွင်းနိုင်အောင် ကာကွယ်ပေး ကြရပါတယ်။

ဘက်စကတ်ဘောကွင်းကို Court လို့ ခေါ်ပါတယ်။ Press ကတော့ ဖိအားပေးတဲ့ အဓိပ္ပါယ်ရှိတာကြောင့်မို့ full court press ဆိုတဲ့ အသုံးအနှုန်းကတော့ ကိုယ့်ကွင်းဘက်ကို ပြန်မဆုတ်တော့ဘဲ တဖက် အသင်း ကွင်းဘက်မှာ တရစပ် ဖိအားပေး ကစားသွားခြင်းကို ဆိုလိုတာဖြစ်ပါတယ်။ အလုံးအရင်းနဲ့ ဖိအားပေးသည်၊ ဒါမှမဟုတ် တရစပ် ဖိအားပေးသည် ဆိုတဲ့ အဓိပ္ပါယ် သက်ရောက်စေပါတယ်။

ဒီအသုံးအနှုန်းနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ပါစို့။

The Bush administration is planning a full court press to get its legislative program through the Congress.

သမ္မတ ဘွတ်ရှ် အစိုးရဟာ သူတို့ တင်ထားတဲ့ ဥပဒေကြမ်းကို ကွန်ဂရက် လွှတ်တော်က ပြဌာန်းလာအောင် တရစပ် တွန်းအားပေးဖို့ စီမံနေကြတယ်။

အမေရိကန် အီဒီယံ အသုံးအနှုန်း အတော်တော်များများဟာ ယှဉ်ပြိုင်တဲ့ အားကစားပွဲတွေကနေ ဆင်းသက်လာတာကို တွေ့ရပါတယ်။

နောက်ထပ်ပြီး တင်ပြချင်တဲ့ အသုံးအနှုန်းကတော့ Two minute drill ဖြစ်ပါတယ်။ Two = ဂဏန်းနံပတ် နှစ်၊ minute = မိနစ်အချိန်၊ drill = လေ့ကျင့်မှု တို့ ဖြစ်ကြပါတယ်။ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ နှစ်မိနစ် လေ့ကျင့်မှု ဖြစ်ပါတယ်။ ဒါပေမဲ့ အီဒီယံ ဘန်းစကားအဓိပ္ဗါယ်ကတော့ အရှုံးနဲ့ ရင်ဆိုင်နေရတဲ့ အခြေအနေ၊ အချိန်ကလည်း မရှိတော့တဲ့ အခြေအနေမျိုးမှာ အထိရောက်ဆုံး ဖြစ်လိမ့်မယ်လို့ ယူဆရတဲ့ တိုက်စစ်နည်းကို ရုတ်တရက် ပြောင်းလဲ အသုံးပြုလိုက်ခြင်းပဲ ဖြစ်ပါတယ်။

Two minute drill ဆိုတာကတော့ အမေရိကန် ဘောလုံးပွဲ (football) ကနေ ဆင်းသက်လာခဲ့တာ ဖြစ်ပါတယ်။ အမေရိကန် ဘောလုံးပွဲက မြန်မာ ဘောလုံးကစားနည်းလို မဟုတ်ဘဲ ခြေနဲ့လည်း ကန်နိုင်တဲ့အပြင် လက်နဲ့ပိုက်ပြီး တဖက်ကွင်းဆီ ယူပြေးတဲ့ ကစားနည်းမျိုး ဖြစ်တယ်။ တဖက်ဂိုးစည်းကို ကျော်ပြီး ယူပြေးသွားနိုင်ရင် ဒါမှမဟုတ် ဘောလုံးကို ဖမ်းနိုင်ရင် အမှတ်ရပါတယ်။ စုစုပေါင်း ကစားချိန်ဟာ မိနစ် ၆၀ ဖြစ်ပြီး ပွဲသိမ်းခါနီး ၂ မိနစ် အလိုမှာ ရှုံးနေတဲ့ အသင်းက နိုင်နေတဲ့ အသင်းကို ပြန် အနိုင်ရလိုရငြား ကစားနည်းစနစ်ကို ပြောင်းတတ်ကြပါတယ်။ တဖက်စည်းအရောက် မိမိဘောလုံးအသင်းက ကစားသမားကို ပြေးခိုင်းပြီး ဘောလုံး ပြစ်ပေးတဲ့ ကစားနည်း စနစ်သုံးခြင်း အားဖြင့် ကံကောင်းရင်လည်း နိုင်နိုင်ပါတယ်။ ဒီစနစ်ဟာ အခါခပ်သိမ်းတော့ မအောင်မြင်ပေမဲ့ ဘောလုံးကို ဖမ်းမိပြီး ဂိုးစည်းထဲ ၀င်သွားနိုင်ရင် အရှုံးအနိုင် အခြေအနေဟာ တနည်းတဖုံ ပြောင်းလဲသွားနိုင်ပါတယ်။ ဒါကြောင့် ဒီအသုံးကို နိုင်ငံရေး နယ်ပယ်နဲ့ စီးပွားရေးနယ်ပယ်မှာလည်း နောက်ဆုံးအခြေအနေ ပြောင်းဖို့ အလောသုံးဆယ် လိုအပ်ရင် သုံးလေ့ ရှိပါတယ်။

Two minute drill ဆိုတဲ့ စကားအသုံးနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Only a week until the election and we are still behind. Time to go to our two minute drill.

ရွေးကောက်ပွဲ ကျင်းပဖို့ တပတ်ပဲ လိုတော့တယ်။ အခုထိ ဘာမှ မပြီးသေးဘူး။ ဒါကြောင့် ထိရောက်ပြီး လျင်မြန်တဲ့ အပြောင်းအလဲမျိုးတော့ လုပ်ဖို့လိုနေပြီဗျာ။

ရွေးကောက်ပွဲ ကျင်းပချိန်တွေမှာ ကိုယ်စားလှယ်လောင်းတွေ ဖြစ်တဲ့၊ အထူးသဖြင့် သမ္မတ ဖြစ်ဖို့ ရည်မှန်းသူတွေနဲ့ ပတ်သက်တဲ့ နောက်ကြောင်း အရှုပ်အရှင်း ရာဇ၀င်တွေကို သတင်းမီဒီယာတွေက လိုက်လံရှာဖွေ၊ စုံစမ်းဖော်ထုတ်လေ့ ရှိပါတယ်။ ဒီလိုမျိုး အခြေအနေမှာ အသုံးပြုတဲ့ အီဒီယံကတော့ Dig up the dirt ဖြစ်ပါတယ်။ Dig up = တူးဖော်သည်၊ the dirt = အမှိုက်သရိုက် အညစ်အကြေးပါ။

စကားစုတခုလုံးရဲ့  အဓိပ္ပါယ်ကတော့ အမှိုက်သရိုက် အညစ်အကြေးများကို တူးဖော်ပါလို့ အဓိပ္ဗါယ် ရပါတယ်။ အီဒီယံ အဓိပ္ပါယ်ကတော့ အရှုပ်တော်ပုံကို ဖော်ထုတ်ပါ။ ဒါမှမဟုတ် တယောက်ယောက်ကို စိတ်အနှောက်အယှက်ပေးစေတာ၊ နစ်နာစေတာမျိုးကို ဖော်ထုတ်ပါဆိုတာပဲ ဖြစ်ပါတယ်။ နိုင်ငံရေး ပြိုင်ဘက်အပေါ်မှာ သူ့နောက်ကြောင်း ဘာများ လျှို့ဝှက်ချက် ရှိခဲ့သလဲ၊ သူ့ကို ပရိသတ် အလယ်မှာ အရှက်တခွဲ ဖြစ်ရလေအောင် စုံစမ်းထောက်လှမ်း တာဟာ နိုင်ငံရေး လောကတိုင်းမှာ ရှိစမြဲပါ။

အခု တင်ပြမယ့် ဥပမာကတော့ သူ့ပြိုင်ဘက် ကိုယ်စားလှယ်လောင်းတဦးရဲ့ နောက်ကြောင်း အရှုပ်တော်ပုံတွေ တူးဆွပေးဖို့ နိုင်ငံရေး ဆိုင်ရာ လုပ်စားသူ တဦးကို တာဝန်ပေးတာဖြစ်ပါတယ်။ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

We spent weeks trying to dig up dirt on this guy. We talked to his enemy and looked at court records. The only dirt we found is two traffic tickets for speeding. I hate to say it, but the guy looks clean.

ဒီအမျိုးသားမှာ ဘာအရှုပ်တော်ပုံများ ရှိထားသလဲ သိရအောင် ကျနော်တို့ ကြိုးပမ်းရှာဖွေခဲ့တာ သတင်းပတ် အတော်ကြာခဲ့ပြီ။ ကျနော်တို့က သူ့ရန်ဘက်တွေကို မေးမြန်းခဲ့ပြီး၊ တရားရုံးက မှတ်တမ်းတွေ ရှာကြည့်ခဲ့တယ်။ တခုတည်းသော သူ့သတင်းဆိုးကတော့ ကားမောင်းကြမ်းလို့ ယာဉ်ထိန်းရဲက ဒဏ်တပ်တဲ့လက်မှတ် နှစ် စောင်ရထားဖူးခြင်းပါပဲ။ ကျွန်တော် သိပ်တော့ မပြောချင်ဘူး။ ဒါပေမဲ့ ဒီအမျိုးသားက ခြောက်ပြစ်ကင်းပုံရတယ်။

XS
SM
MD
LG