သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Kick စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ


Kick စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ
Kick စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ

ဒီတပတ် English Learning: America Idioms and Expressions ကဏ္ဍမှာ တင်ပြပေးထားတဲ့ အီဒီယံ အသုံးအနှုန်းများမှာ kick the bucket, kick the can down the road, kick up dust နဲ့ kick up a fuss တို့ ဖြစ်ကြပါတယ်။

ပထမဦးဆုံး တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ kick the bucket ဖြစ်ပါတယ်။ Kick = ကန်သည်, Bucket = ရေပုံး တို့ ဖြစ်ပါတယ်။ တိုက်ရိုက်အဓိပ္ပါယ်က ရေပုံးကို ကန်လိုက်သည် ဖြစ်ပါတယ်။ ဒီ စကားဆင်းသက်လာတာကတော့ အယူအဆအမျိုးမျိုး ရှိပါတယ်။ တမျိုးက လူတွေကို ကြိုးကွင်းစွပ် သေဒဏ်ပေးတယ်ဆိုရင် တချိန်က ရေပုံးကိုမှောက်ပြီး အဲဒီအပေါ်မှာ လူကိုတက်ရပ်ခိုင်းပြီး သစ်ကိုင်း (သို့မဟုတ်) ထုတ်တန်းကနေ လည်းပင်ကြိုးကွင်းစွပ်ပြီးတော့ အားလုံးအဆင်သင့်ဖြစ်တဲ့အခါ ခြေထောက်အောက်က ရေပုံးကို ကန်ထဲ့လိုက်တာနဲ့ အဲဒီကြိုးပေးခံရတဲ့လူ ခြေထောက်လွတ်သွားပြီး ကြိုးကွင်းက လည်းပင်တင်းကာ ကြိုးပေးသတ်ခံရတာကို ဆိုပါတယ်။ ဒါကြောင့် kick the bucket ရဲ့ အီဒီယံအဓိပ္ပါယ်က လူတဦးဦး သေဆုံးတာ၊ အသက်ထွက်တာကို ရည်ညွှန်းတာ ဖြစ်ပါတယ်။

နောက်အယူအဆတခုကတော့ ရှေးတုန်းက သားသတ်ရာမှာ ကျွဲနွားတိရစ္ဆာန်တွေကို ချည်နှောင်ထားတဲ့ သစ်သားတိုင်ကို bucket လို့ ခေါ်တယ်လို့ ဆိုပါတယ်။ အဲဒီ bucket သစ်သားတိုင်မှာ သတ်မယ့် ကျွဲနွားတွေကို ချည်နှောင်ထားရာကနေ အဲဒီ ကျွဲနွားဟာ ခြေထောက်ယက်ကန်ယက်ကန် ဖြစ်ရာက kick the bucket အသုံးဆင်းသက်လာတယ်လို့ ဆိုပါတယ်။ ဘယ်အယူအဆက ဆင်းသက်လာပါစေ အီဒီယံအဓိပ္ပါယ်ကတော့ အသက်ထွက်တာကို ဆိုလိုပါတယ်။ ကျမတို့ မြန်မာဘန်းစကားအရတော့ ကြွသွားပြီပေါ့ ဖြစ်ပါတယ်။

ဒီအသုံးအနှုန်းနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Have you heard the news that John kicked the bucket last night? He had a heart attack.

ခင်များ သတင်းကြားပြီးပြီလား။ John တယောက် ညကပဲ ဆုံးသွားခဲ့တယ်။ သူ နှလုံးရောဂါနဲ့ ဆုံးသွားတာပါ။

ဒုတိယတင်ပြပေးမယ့် အီဒီယံအသုံးက kick the can down the road ဖြစ်ပါတယ်။ Kick =ကန်သည်။ the Can = သံဘူး။ Down = အောက်ဖက်။ the Road = လမ်း တို့ ဖြစ်ကြပါတယ်။ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ လမ်းတလျှောက် သံဗူးခွံကို ကန်နေသည် ဖြစ်ပါတယ်။ ခလေးတွေ လမ်းပေါ်မှာ နို့ဆီဘူးခွံ၊ သံဘူးခွံ စသဖြင့် ကန်ရာမှ ဒီအသုံး ဆင်းသက်လာတာ ဖြစ်ပါတယ်။ ကစားကြမယ့် ခလေးတွေထဲကနေ တယောက်ကို ရွေးပြီး အဲဒီ ခလေးတွေနဲ့ ကစားတဲ့ထဲက ခလေးတဦးဦးကနေ ကန်ထဲ့လိုက်တဲ့ ဘူးခွံကို လိုက်ကောက်ရတာ ဖြစ်ပါတယ်။ ကောက်လို့ရပြီးမှ တခြားခလေးတွေကို သူက လိုက်ဖမ်းရတာမို့ သံဘူးခွံကို ဝေးဝေးကန်လေ အဲဒီ ခလေးအနေနဲ့ သံဘူးခွံကောက်ဖို့ အချိန်ပိုကုန်လေ ဖြစ်တာမို့ ဒီကြားထဲမှာ တခြားခလေးတွေက သူဖမ်းလို့ မမီအောင် ဝေးဝေးပြေးနိုင်လေ ဖြစ်ပါတယ်။ ဒါကြောင့် kick the can down the road အီဒီယံအဓိပ္ပါယ်ကတော့ တခုခုကို မရင်ဆိုင်ဘဲ အချိန်စွဲပြီး လိုရင်းကိုမရောက်ဘဲ ကွေးဝိုက်ရှေးရှေးဝေးဝေး ပြောတာမျိုးကို ရည်ညွှန်းတာ ဖြစ်ပါတယ်။ တနည်းအားဖြင့် အချိန်စွဲလုပ်ကိုင်တာ ဖြစ်ပါတယ်။

အများအားဖြင့် ဒီ အီဒီယံအသုံးကို နိုင်ငံရေးသမားတွေ သုံးလေ့ရှိပါတယ်။

ဒီအသုံးအနှုန်းနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

The President said some in Congress want to kick the can down the road when it comes to solving the country’s deficit problem.

သမ္မတကပြောတယ် လွှတ်တော်မှာရှိတဲ့ ပုဂ္ဂိုလ်တချို့က နိုင်ငံရဲ့ လိုငွေပြမှု ပြဿနာကို ဖြေရှင်းရေးနဲ့ ပတ်သက်လို့ တိုက်ရိုက်မကိုင်တွယ်ကြလို့ဘဲ အချိန်စွဲထားချင်ကြတယ်။

ဆက်လက်တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ kick up dust ဖြစ်ပါတယ်။ Kick up = အပေါ်ကို ကန်ထဲ့လိုက်တယ် ဆိုတဲ့ သဘောမျိုးရှိပေမယ့် ဒီနေရာမှာ kick ကို up ဝိဘတ်နဲ့ တွဲသုံးတဲ့ kick up အဓိပ္ပါယ်ကတော့ ဒီနေရာမှာ တခုခုကို ဖြစ်စေတာ ဖြစ်ပါတယ်။ Dust က ပုံမှန်အားဖြင့် ဖုန်၊ အမှုန့်၊ မြေကြီးမှုန့် အဓိပ္ပါယ်ရပေမယ့် ဒီနေရာမှာ dust က ပြဿနာ၊ မကျေနပ်ချက်ကို ရည်ညွှန်းတာမို့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ မကျေနပ်ချက်ကို ထုတ်ဖော်တာ၊ ပြဿနာလုပ်တာ ဖြစ်ပါတယ်။

အီဒီယံအသုံးအနှုန်းကလည်း ဒီနေရာမှာ ဆင်တူတယ်လို့ ဆိုနိုင်ပါတယ်။ Kick up dust က ပြဿနာလုပ်တာ၊ ဆူဆူပူပူ လုပ်တာမျိုး တို့ ဖြစ်ပါတယ်။

ဒီအသုံးအနှုန်းနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

The students kicked up the dust when they heard the bus fares were double by the school board.

ကောလိပ်ဘုတ်အဖွဲ့က ဘတ်စ်ကားခတွေကို နှစ်ဆတင်လိုက်တယ်လို့ ကြားကြတော့ ကျောင်းသားတွေ ဆူဆူပူပူ လုပ်ကြတော့တယ်။

နောက်ဆုံးတင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ kick up a fuss ဖြစ်ပါတယ်။ Kick up = ပြဿနာလုပ်သည်။ A = တစုံတခု။ Fuss = ဇီဇာကြောင်ခြင်း။ ကြေးများခြင်း။ ရေးကြီးခွင်ကျယ်လုပ်ခြင်း တို့ ဖြစ်ပါတယ်။ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ တခုခုနဲ့ ပတ်သက်လို့ ကြေးများတာကို ဆိုလိုပါတယ်။ အီဒီယံအဓိပ္ပါယ်ကလည်း စိတ်တိုလို့ ပူညံပူညံလုပ်တာ။ အတိုင်အတော ထူတယ် ဖြစ်ပါတယ်။

ဒီအသုံးအနှုန်းနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Mary kicked up a fuss when she found out that she was charged more than her friends for the ticket to the concert.

Mary က တေးဂီတပွဲ ဝင်ကြေးအတွက် သူ့သူငယ်ချင်းတွေထက် လက်မှတ်ဖိုး ပိုပေးလိုက်ရတယ်ဆိုတာကို သိသွားတော့ ပူညံပူညံ လုပ်တော့တယ်။

XS
SM
MD
LG