သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Lunch စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ


ဒီသတင်းပတ် English Learning: American Idioms and Expressions ကဏ္ဍမှာ နေ့လည်စာ အဓိပ္ပါယ်ရတဲ့ Lunch စကားလုံးဝေါဟာရကို အခြေခံတဲ့ A free lunch, Power lunch နဲ့ Out to lunch စတဲ့ အီဒီယံအသုံးအနှုန်းများကို တင်ပြထားပါတယ်။

(၁) A free lunch

A (တခု)၊ Free (အလကား၊ အခမဲ့)၊ Lunch (နေ့လည်စာ) ဖြစ်ပြီး စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ အလကား စားရတဲ့ နေ့လည်စာ ဖြစ်ပါတယ်။ ဒီအသုံးဆင်းသက်လာတာကတော့ အမေရိကန် ဆိုရိုးစကားက ဖြစ်ပါတယ်။ အဲဒါကတော့ There is no such thing as a free lunch ဖြစ်ပါတယ်။ ဆိုလိုတာကတော့ အလကားကျွေးမယ့် နေ့လည်စာမျိုး ဘယ်တော့မှ မရှိဘူးဆိုတဲ့ သဘောပါ။ ကမ္ဘာ့အင်အားကြီး နိုင်ငံတွေရဲ့ တနိုင်ငံဖြစ်တဲ့ အမေရိကန်နိုင်ငံမှာ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ သဟဇာတဖြစ်အောင် နေထိုင်ကြိုးစားကြရတာ ဖြစ်ပါတယ်။ ဒီနိုင်ငံမှာတော့ ဘာမှ အလကားမရဘူး။ ဆိုလိုတာကတော့ ထိုင်နေလို့တော့ ကိုယ့်ပေါင်ပေါ် ကျမလာဘူး။ ဒီအတိုင်းနေလို့တော့ ဘာမှ မဖြစ်လာဘူး။ ကိုယ်လုပ်မှ ကိုယ်ရမယ့် သဘောမျိုး ဖြစ်ပါတယ်။ ဒါကြောင့် သူများကိုမှီခို၊ သူများကို ကပ်စား၊ လူပျော့လူညံ့ တနည်းအားဖြင့် ဆန်ကုန်မြေလေး လူမျိုးအတွက်တော့ ဒီနိုင်ငံမှာ နေရာမရှိတဲ့သဘော ဖြစ်ပါတယ်။ ကျမတို့မြန်မာမှာ ကြိုးစားမှ ဒိုးပြားရမယ်ဆိုတဲ့ သဘောဖြစ်ပါတယ်။ ပညာရေးမှာဖြစ်ဖြစ်၊ လုပ်ငန်းခွင်မှာဖြစ်ဖြစ် ကြိုးစားရမှာ ဖြစ်ပါတယ်။ တခါတရံ သူများကျွေးတဲ့ ထမင်းစားပြီးနောက် တခုခုကို ပြန်လုပ်ပေးရမယ့် တာဝန်ရှိတဲ့သဘော၊ ကျေးဇူးတုံ့ပြန်ရတယ် သဘောကိုလည်း ရည်ညွှန်းပြောဆိုတာ ဖြစ်ပါတယ်။ အထူးသဖြင့် နိုင်ငံရေးနဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှာ Lobbyist ဆိုတဲ့ အကျိုးတော်ဆောင်တွေ ရှိပါတယ်။ သူတို့က စီးပွားရေးလုပ်ငန်းရှင်တွေ၊ အလုပ်သမား အဖွဲ့အစည်းတွေနဲ့ ပတ်သက်ရာ၊ ပတ်သက်ကြောင်း အုပ်စုတွေကိုယ်စား အဆုံးအဖြတ်ပေးနိုင်မယ့် ပုဂ္ဂိုလ်တွေကို ချဉ်းကပ်ပြီး အကျိုးကို ရှေ့ရှုဆောင်ရွက်ပေးတာ ဖြစ်ပါတယ်။ သူတို့ဟာ ထိပ်ပိုင်းအစိုးရ တာဝန်ခံတွေ၊ လွှတ်တော်အမတ်တွေကို ထမင်းဖိတ်ကျွေး၊ သွားလိုရာခရီးတွေ အကုန်ကျခံပြီး လိုက်ပို့ပေး၊ မိတ်ဆွေအပေါင်းအသင်းတွေလုပ်ပြီး ကျေးဇူးတုံ့ပြန် မျှော်ကိုးကြတာ ဖြစ်ပါတယ်။ အပေါင်းအသင်းနဲ့ အလုပ်ဖြစ်အောင် လုပ်ကြတာပေါ့။ လွှတ်တော်အမတ်တဦးအနေနဲ့ ဒီလို ချဉ်းကပ်လာတာကို ရှောင်ရှားတာနဲ့ ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

I have never let lobbyists buy me lunch or do any favor for me. Early in my political career, I learned the truth of the old saying there is no such thing as a free lunch.
ကျနော့်အနေနဲ့ အကျိုးတော်ဆောင်တွေထံကနေ ဘယ်တော့မှ ထမင်း အလကား မစားဘူး။ ကျနော့်အတွက်လည်း ဘာမှ မလုပ်ခိုင်းဘူး။ ကျနော် နိုင်ငံရေး စလုပ်ကတည်းက အလကား စားရတာ ဘာမှ မရှိဘူးဆိုတဲ့ ဆိုရိုးစကားသိပ်မှန်တယ်ဆိုတာကို ကိုယ်တွေ့ သိခဲ့တယ်။

(၂) Power lunch

Power (စွမ်းအား၊ အာဏာ)၊ Lunch (နေ့လည်စာ) ဖြစ်ပြီး စကားစုတခုလုံးရဲ့ လုံးကောက်အဓိပ္ပါယ်ကတော့ တန်ခိုးအာဏာရှိသူတွေစားတဲ့ နေလည်စာ ဖြစ်ပါတယ်။ အီဒီယံ သွယ်ဝိုက်အဓိပ္ပါယ်ကတော့ အရေးပါ၊ တန်ခိုးအာဏာရှိတဲ့ အထက်အရာရှိ ပုဂ္ဂိုလ်တွေ အတူတူ စားကြသောက်ကြတာကို ဖြစ်ပါတယ်။ ကောင်းပေ့၊ ဈေးကြီးပေ့ဆိုတဲ့ ပျော်ပွဲစားရုံးတွေမှာ စားကြသောက်ကြတာကို ဆိုလိုပါတယ်။ အဲဒီကို ခေါ်သွားသူ ကော်မတီ (အုပ်စု) က လုပ်ငန်းအသုံးစရိတ်ဆိုပြီး အကုန်ကျခံတာ ဖြစ်ပါတယ်။ ဒီလို စားသောက်ဆိုင်မှာ အလုပ်လုပ်ကြတဲ့ ဝန်ထမ်းတွေက အဲဒီမှာ အလုပ်လုပ်ရတာ အရမ်းကောင်းတယ်လို့ ပြောတဲ့ ဥပမာကို လေ့လာကြည့်ရအောင်။

My brother works in a place that is very popular for power lunches. And, he gets plenty of nice big tips because these people like to show off in front of each other.
တန်ခိုးထွားသူတွေ လာစားကြတဲ့ ဆိုင်တဆိုင်မှာ ကျနော့်ညီက အလုပ်လုပ်တယ်။ အဲဒီမှာ ဒီလိုစားသောက်သူတွေ ပေးတဲ့ ဘောက်ဆူးငွေတွေလည်း အများကြီးရတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလူတွေက တဦးရှေ့တဦး အပြိုင်ကြွားချင်လို့ ပြိုင်ပြီးပေးကြလို့ ဖြစ်ပါတယ်။

(၃) Out to lunch

Out (အပြင် ထွက်နေတာ)၊ Lunch (နေ့လည်စာ) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က နေ့လည်စာစားဖို့ အပြင်ထွက်နေတာ ဖြစ်ပါတယ်။ အီဒီယံ သွယ်ဝိုက်အဓိပ္ပါယ်ကတော့ သတိမေ့လွယ်တဲ့ အကျင့်ရှိလို့ ဗလုံးဗထွေး ဖြစ်နေတဲ့အတွက်ကြောင့် လက်တွေ့ဘဝနဲ့ ကင်းကွာနေတဲ့ အခြေအနေကို ရောက်နေတဲ့ ကြောင်တောင်တောင် ဖြစ်နေတာကို ဆိုလိုပါတယ်။ ကျမတို့မြန်မာ ခေတ်စကားအရတော့ ရူးကြောင်မူးကြောင် ဖြစ်တာလို့ အနီးစပ်ဆုံး ပြောရမှာပါ။ ဒီအသုံးအနှုန်းနဲ့ ပတ်သက်ပြီး အသက်အရွယ် အိုမင်လာပြီးဖြစ်တဲ့ စီးပွားရေးကော်မတီတခုရဲ့ အကြီးအကဲတယောက်နဲ့ ပတ်သက်လို့ အမှုထမ်းတယောက်ရဲ့ ကောက်ချက်ချပြောဆိုတဲ့ ဥပမာကို လေ့လာကြည့်ရအောင်။

I am afraid it's time for our company's president to retire. He is so forgetful these days. He doesn't know what is going on around here. In fact, he has been out to lunch for years.
ပြောရမှာတော့ ဝမ်းနည်းပါတယ် ကျနော်တို့ ဥက္ကဌကြီး အနားယူဖို့ အချိန်တန်ပြီလို့ ထင်ပါတယ်။ အခု ရက်တွေအတွင်း မေ့လိုက်တာလည်း လွန်ပါရော။ လုပ်ငန်းခွင်မှာ ဘာတွေဖြစ်နေတယ်ဆိုတာ သူလုံးဝ မသိတော့ဘူး။ တကယ်ဆို သူဟာ လက်တွေ့လုပ်ငန်းတွေနဲ့ ကင်းကွာနေပြီး ကြောင်တောင်တောင် ဖြစ်နေတာ နှစ်နဲ့ချီ ရှိနေပါပြီ။

ဒီသတင်းပတ် တင်ပြပေးခဲ့တဲ့ Lunch စကားလုံးကို အခြေခံတဲ့ Idiom အသုံးအနှုန်းတွေက A free lunch, Power lunch နဲ့ Out to lunch တို့ ဖြစ်ကြပါတယ်။

XS
SM
MD
LG