သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Money စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ


Money စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ
Money စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ

ဒီတပတ် English Learning: America Idioms and Expressions ကဏ္ဍမှာ တင်ပြပေးထားတဲ့ အီဒီယံအသုံးအနှုန်းများမှာ deep pocket, bet your bottom dollar, chicken feed နဲ့ cash cow တို့ ဖြစ်ပါတယ်။

ပထမဦးဆုံး တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ deep pocket ဖြစ်ပါတယ်။ Deep = နက်ရှိုင်းသော, Pocket = အိတ်၊ အိတ်ကပ် တို့ဖြစ်ပြီး စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က နက်ရှိုင်းသောအိတ် တို့ ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကတော့ အိတ်ကကြီးတယ်၊ နက်တယ်ဆိုရင် ဘယ်လိုနေမလဲဆိုတာ လေ့လာသူများ စဉ်းစားနိုင်ပါတယ်။ တနည်းအားဖြင့် ဓနအင်အားကို အိတ်နဲ့ တင်စားပြောဆိုထားတဲ့အတွက်ကြောင့် အိတ်ကကြီးလေ၊ နက်လေ ပိုက်ဆံနှိက်သလောက် ထွက်လေဆိုတော့ deep pocket အီဒီယံအဓိပ္ပါယ်က ငွေရေးကြေးရေး အတော်ချမ်းသာကြွယ်ဝ၊ ငွေလုံးငွေရင်း အတော်ရှိတာကို ဆိုလိုပါတယ်။ ဒါကြောင့် လူတဦး၊ အဖွဲ့အစည်းတခု၊ ကုမ္မဏီတခုခုက deep pocket ရှိတယ်ဆိုရင် ငွေအင်အားအတော်လေး တောင့်တင်းတာကို ဆိုလိုတာဖြစ်ပါတယ်။

ဒီအသုံးဆင်းသက်လာတာကတော့ ၁၉၇၀ ခုနှစ်တွေက စတင်လာတယ်လို့ ဆိုပါတယ်။ တခုခုကြောင့် တရားစွဲခံရတဲ့လူ သို့မဟုတ် ကုမ္မဏီအနေနဲ့ ရုံးတော်က ဆုံးဖြတ်ချက်အတိုင်း လျှော်ကြေးငွေကိုပေးဖို့ တတ်နိုင်တယ်ဆိုရင် deep pocket လို့ ရည်ညွှန်းပြောဆိုပါတယ်။ အထူးသဖြင့် ချမ်းသာတဲ့နိုင်ငံတွေမှာ တရားစွဲလို့ နိုင်တယ်ဆိုရင် စီးပွားရေးကုမ္မဏီကြီးတွေအနေနဲ့ deep pocket ရှိတယ်ဆိုရင် ငွေအင်အားတောင့်တင်းတဲ့အတွက်ကြောင့် တရားသူကြီးက ချမှတ်တဲ့လျှော်ကြေးကို ပေးနိုင်တာဖြစ်ပါတယ်။ ဒေါ်လာသန်းနဲ့ချီလျှော်ကြေး ပေးရတာတွေကို တတ်နိုင်တာဖြစ်ပါတယ်။

ဒီအသုံးနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

The oil company was sued for pollution, but since the company has deep pocket, it could pay the fine with no problem.

အဲဒီ ရေနံကုမ္မဏီဟာ ပတ်ဝန်းကျင်ညစ်ညမ်းမှုအတွက် တရားစွဲဆိုခံရတယ်။ ဒါပေမဲ့ အဲဒီ ကုမ္မဏီက ငွေကြေးအင်အား တောင့်တင်းေတော့ ဒဏ်ငွေကို ပြဿနာမရှိဘဲ ပေးဆောင်နိုင်ခဲ့တယ်။

ဒုတိယတင်ပြပေးမယ့် bet your bottom dollar ဖြစ်ပါတယ်။ Bet = လောင်းကစား, Your = သင်၏, Bottom = အောက်ဆုံး၊ နောက်ဆုံး, Dollar = ဒေါ်လာငွေ တို့ဖြစ်ကြပြီး စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က အောက်ဆုံး၊ နောက်ဆုံး ဒေါ်လာငွေကို လောင်းကစားသည် ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကလည်း နောက်ဆုံးလက်ကျန် ဒေါ်လာငွေ၊ မရှိမဲ့ရှိမဲ့ ဒေါ်လာနဲ့ လောင်းရဲတယ်ဆိုရင် တခုခုကို ရာနှုန်းပြည့်သဘောမှ လောင်းမှာဖြစ်တယ်ဆိုတာ လေ့လာသူများ သိပြီးဖြစ်ပါတယ်။ ကျမတို့ မြန်မာမှာလည်း အကုန်အောပြီး လောင်းရဲတယ်ဆိုရင် တခုခုဟာ ရာနှုန်းပြည့် သေချာတာ၊ ဖြစ်ကိုဖြစ်မှာဆိုတဲ့ သဘောမျိုး ဖြစ်ပါတယ်။

ဒီအသုံးနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

John is very lazy. You can bet your bottom dollar he will be sleeping now after having a heavy meal.

John က အလွန်ပျင်းတဲ့လူဖြစ်တယ်။ ကျနော် သတ္တိရှိရှိ လောင်းရဲတယ်။ ထမင်းအဝစားပြီးတော့ သူ အခုဆိုရင် အိပ်နေပြီဆိုတာ သေချာတယ်။

နောက် တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ chicken feed ဖြစ်ပါတယ်။ Chicken = ကြက်များ, Feed = အစားအစာ ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ကြက်စာ ဖြစ်ပါတယ်။ ကြက်စာ၊ ငှက်စာ ဆိုတော့ အားလုံးသိတဲ့အတိုင်း မဆိုသလောက်ရှိတာဆိုတော့ အီဒီယံအဓိပ္ပါယ်ကလည်း တန်းဖိုးသိပ်မရှိတာ၊ သိပ်အရေးမကြီးတာ၊ မဖြစ်စလောက်ရှိတာမျိုးကို ဆိုလိုပါတယ်။

ဒီအသုံးနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Thanks goodness I got a job at the book store, but the pay is chicken feed. So, I have to do something.

တော်သေးလို့ပေါ့ စာအုပ်ဆိုင်မှာ ကျနော် အလုပ်ရလို့။ ဒါပေမဲ့ လစာက မဖြစ်စလောက်ဆိုတော့ ကျနော်အနေနဲ့ တခုခုလုပ်ရမယ့် အခြေအနေ ရောက်နေတယ်။

နောက်ဆုံးတင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ Cash Cow ဖြစ်ပါတယ်။ Cash = ငွေကြေး၊ ငွေသား, Cow = နွား ဖြစ်ပြီး စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ငွေရမယ့်နွား ဖြစ်ပါတယ်။ နွားဆိုရင် နို့စားနွားဆိုရင် အမြဲဝင်ငွေရနေတာ ဖြစ်ပါတယ်။ အီဒီယံအဓိပ္ပါယ်ကလည်း တီထွင်တဲ့ပစ္စည်း၊ ရင်းနှီးမြုပ်နံှမှု စသည်တို့မှာ ဝင်ငွေကောင်းစေမယ့် အလားအလာရှိတာကို ဆိုလိုတာဖြစ်ပါတယ်။ Apple တယ်လီဖုန်းတွေက Apple ကုမ္မဏီအတွက် cash cow လို့ ဆိုနိုင်ပါတယ်။

ဒီအသုံးနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

The company’s latest invention of the phone turned out to be a real cash cow.

အဲဒီ ကုမ္မဏီက နောက်ဆုံး တီထွင်လိုက်တဲ့ တယ်လီဖုန်းဟာ တကယ်ပဲ ကုမ္မဏီအတွက် ဝင်ငွေကောင်းစေမယ့် တီထွင်မှု ဖြစ်နေတယ်။

XS
SM
MD
LG