ဒီတပတ် English Learning: America Idioms and Expressions ကဏ္ဍမှာ တင်ပြပေးထားတဲ့ အီဒီယံအသုံးအနှုန်းများမှာ lame duck, golden parachute နဲ့ land on your feet တို့ ဖြစ်ကြပါတယ်။
ပထမဦးဆုံး တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ lame duck ဖြစ်ပါတယ်။ Lame = နာနေသော, Duck = ဘဲ တို့ ဖြစ်ကြပါတယ်။ စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်က ထိခိုက်နာနေသော (ခြေထောက်၊ အတောင်ကျိုးနေသော) ဘဲ လို့ ပြန်ဆိုလို့ရပေမယ့် အီဒီယံအသုံးမှာတော့ နိုင်ငံရေးလောကမှာ ရာထူးလက်ကိုင်ရှိနေသူတဦး ပြန်လည်ရွေးကောက်ပွဲဝင်ဖို့ မဲကောက်ပွဲဝင်ခဲ့ပေမယ့် ပြန်လည် ရွေးကောက်မခံရဘဲ အရှုံးနဲ့ရင်ဆိုင်ရတဲ့ ပုဂ္ဂိုလ်မျိုးကို ရည်ညွှန်းအသုံးပြုပါတယ်။
တခြားအဓိပ္ပာယ်တမျိုးကတော့ အမေရိကန်သမ္မတတဦး အနေနဲ့ သမ္မတသက်တမ်းနှစ်ဆက် ထမ်းဆောင်ပြီး ဥပဒေကန့်သတ်ချက်အရ တတိယသက်တမ်းမှာ ပြန်ဝင်ရွေးချယ် မခံနိုင်တဲ့အတွက်လည်း သူရဲ့  သမ္မတ သက်တမ်းနှစ်ဆက်အပြီး သူ့သက်တမ်းကုန်တဲ့အထိ စောင့်နေရတာဖြစ်ပါတယ်။ ဒါကြောင့်မို့လည်း သူကို lame duck president လို့ သတင်းမီဒီယာတွေက ခေါ်ဝေါ်သုံးနှုန်းကြပါတယ်။
Lame duck ဆိုတဲ့ အသုံးအနှုန်းကို သမ္မတ အပြင် လွှတ်တော်ကိုယ်စားလှယ်၊ ပြည်နယ်အုပ်ချုပ်ရေးမှုး၊ မြို့တော်ဝန် စသည်ဖြင့် နိုင်ငံရေးလောကမှာ ရာထူးအမျိုးမျိုးမှာ ရည်ညွှန်းသုံးနိုင်ပါတယ်။ တနည်းဆို ရာထူးသက်တမ်းကုန်ဖို့ အချိန်ပိုင်း လပိုင်းလို့ ရှိနေတဲ့ ပုဂ္ဂိုလ်မျိုးတွေကို ပြောဆိုခေါ်နိုင်ပါတယ်။
အမှန်တကယ်တော့ ဒီ စကားအသုံးအနှုန်းက စီးပွားရေးလောကမှ ဆင်းသက်လာခြင်းဖြစ်ပါတယ်။ လန်ဒန် စတော့ (London Stock Market) မှာ စတော့ ရှုံးလို့ အကြွေးပြန်မဆပ်နိုင်တဲ့ ရင်းနှီမြှုပ်နှံရှင်ကို ရည်ညွှန်းပြောရကာနေ နိုင်ငံရေးလောကထဲ ရောက်လာခဲ့ခြင်း ဖြစ်ပါတယ်။ စကားချပ်အနေနဲ့ ပြောရရင် လက်ရှိရာထူးမှာ ဆက်လက်တာဝန်ထမ်းဆောင်ဖို့ ရက်အကန့်အသတ်သာ လိုတော့တဲ့ ပုဂ္ဂိုလ်တဦးအနေနဲ့ အာဏာဟာ အလိုအလျှောက် မရှိတော့ပါ။ အတောင်ကျိုးလို့ မပျံနိုင်တဲ့ငှက်လို၊ ခြေနာလို့ လမ်းမလျှောက်နိုင်တော့တဲ့ ဘဲ (lame duck) လို ဖြစ်ပါတယ်။ တနည်းဆိုရင် လက်ရှိရာထူးမှာ မီးစာကုန်၊ ဆီခမ်း အခြေစိုက်ပြီး ပွဲပြီးလို့ အိမ်ပြန်ဖို့ ဖျာလိပ်ရသူပါ။
ဒီအသုံးနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
The Governor of our state ended up as a lame duck when he lost the election. He still has six weeks left in office, but there is nothing to do except to pack up his papers.
ကျနော်တို့ ပြည်နယ်အုပ်ချုပ်ရေးမှုးကတော့ ဒီရွေးကောက်ပွဲမှာ ရှုံးနှိမ့်သွားတဲ့အတွက် အတောင်ကျိုးတဲ့ (ဘဲ) ငှက်ဘဝ ရောက်နေရှာပြီ။ လက်ရှိရာထူးမှာ သူဆက်ပြီး တာဝန်ထမ်းဆောင်ဖို့လည်း သတင်းခြောက်ပတ်ပဲ လိုတော့တယ်။ ဒါကြောင့် သူဟာ သူရဲ့  စာရွက်စာတမ်းတွေ သိမ်းဖို့ကလွဲလို့ ဘာမှ လုပ်စရာမရှိတော့ဘူဗျာ။
Lame duck လို့ အခြေအနေမျိုး ရောက်နေသူတွေ ဘယ်လိုခရီးဆက်ကြမလဲလို့ မေးစရာရှိပါတယ်။ အများအားဖြင့် သူတို့ လက်ရှိရာထူးမှာ ပြန်ရွေးချယ်မခံရပေမဲ့ အကျသက်သာအောင် လုပ်ပေးလေ့ရှိတာကို golden parachute လို့ အီဒီယံ အသုံးအနှုန်းနဲ့ ပြောဆိုနိုင်ပါတယ်။
Golden = ရွှေ , Parachute = လေထီး တို့ ဖြစ်ကြပါတယ်။ စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်ကတော့ ရွှေလေထီး ဖြစ်ပါတယ်။
ရာထူးကြီးတွေမှာ ပြန်လည် ခန့်အပ်ခြင်းမခံရတဲ့ ပုဂ္ဂိုလ်ကြီးတွေအတွက် သက်တမ်းပြည့်ပြီးနောက်ပိုင်း ငွေရေးကြေးရေး အခြေအနေ အခက်အခဲ မရှိရလေအောင် ကြည့်ရှု့ စောင်မပေးတဲ့သဘောဖြစ်ပါတယ်။ တချို့  ပုဂ္ဂိုလ်များမှာ စီးပွားရေးလုပ်ငန်းတွေ၊ ဥပဒေလုပ်ငန်းတွေမှာ အမှုဆောင်အရာရှိတွေအဖြစ် ပြန်ပြီးဆောင်ရွက်ခွင့် ရတက်ကြပါတယ်။ တနည်းဆိုရရင် ရွှေလေထီးက အကျကောင်းအောင် အကျသက်သာအောင် ပံ့ပိုပေးတဲ့ သဘောဖြစ်ပါတယ်။
ဒီအသုံးနဲ့ ပတ်သက်ပြီး George Crows ပေးထားတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
Congressman Smith lost in the election, but he got a golden parachute. He was offered a vice-president post at a big company in New York State.
အောက်လွှတ်တော်အမတ် Smith ဟာ ရွေးကောက်ပွဲမှာ ရှုံးသွားခဲ့တယ်။ ဒါပေမဲ့ သူကတော့ အကျကောင်းတယ်ဗျာ။ သူရဲ့  ဌာနေဖြစ်တဲ့ နယူရော့ပြည်နယ်က ကုမ္မဏီကြီးတခုမှာ အဆင့်မြင့် ဒုတိယ ဥက္ကဌ ရာထူးကို ကမ်းလှမ်းခြင်း ခံရတယ်။
နောက်ဆုံးတင်ပြပေးမယ့် အီဒီယံ အသုံးအနှုန်းမှာ land on your feet ဖြစ်ပါတယ်။ Land = (ကြိယာ) အောက်ကိုကျသည်, On = အပေါ်မှာ, Your = သင်၏, Feet = ခြေထောက် တို့ ဖြစ်ကြပါတယ်။ စကားစုတခုလုံးရဲ့  လုံးကောက်အဓိပ္ပါယ်ကတော့ ခြေနဲ့ ပြန်ကျတာ လို့ ရပါတယ်။ ဥပမာအားဖြင့် သစ်ပင်ပေါ်က ကြောင်တကောင် အောက်ကို ခုန်ချတဲ့အခါ လေထဲမှာ သူ့ကိုယ်ကိုထိန်းပြီး ခြေလေးဖက်လုံးနဲ့ ညင်ညင်သာသာ မြေပြင်ကို ပြန်ကျတာမျိုးဖြစ်ပါတယ်။ ဒီအတိုင်းပါပဲ နေ့စဉ်ဘဝမှာလည်း ရာထူးသက်တမ်းကုန်ဆုံးတော့မယ့် ပုဂ္ဂိုလ်ကြီးတွေ ရာထူးမှာ ပြန်လည် အရွေးမခံရတော့တဲ့ နိုင်ငံရေးပုဂ္ဂိုလ်ကြီးတွေဆိုရင် သူတို့အလုပ်အကိုင်က အိုစာနာစာအတွက် ဖူဖူလုံလုံပေးလိုက်လို့ ကျတောင်မှ ရွှေလေထီး နဲ့ လျှောလျှောရှုရှုကျတဲ့ သဘောမျိုးဖြစ်ပါတယ်။ လက်ရှိရာထူး ထပ်မံမခန့်ထားတောင်မှ နောက်ထပ်ရာထူးကောင်းရတဲ့ သဘောမျိုးပါ။ အီဒီယံ အဓိပ္ပာယ်ကတော့ အကျကောင်းခြင်း လို့ သုံးနိုင်ပါတယ်။
George Crows ပေးတဲ့ အောက်ပါဥပမာကို လေ့လာကြည့်ရအောင်ပါ။
Governor Noel lost his campaign to be elected for another four years, but he landed on his feet. He has been appointed as an ambassador to a nice little country overseas.
ပြည်နယ်အုပ်ချုပ်ရေးမှုး Noel တယောက် နောက်ထပ်လေးနှစ် တာဝန်ထမ်းဆောင်ဖို့ ပြန်အရွေးချယ် မခံရပေမဲ့ သူက အကျကောင်းတယ်ဗျာ။ သူဟာ အတော်လေးကောင်းတယ်လို့ ပြောလို့ရတဲ့ ပြည်ပက နိုင်ငံလေးတနိုင်ငံမှာ သံအမတ်ကြီးရာထူး ခန့်အပ်ခြင်း ခံရတယ်။