သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Money စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ


ဒီသီတင်းပတ် English Learning: American Idioms and Expressions ကဏ္ဍမှာ - ငွေ လို့ အဓိပ္ပါယ်ရတဲ့ (Money) ကို အခြေခံတဲ့အသုံးတွေဖြစ်တဲ့ Give a run for the money, Put your money where your mouth is, Money burns a hole in one’s pocket တို့ကို တင်ပြထားပါတယ်။

၁။ Give a run for the money

Give (ပေးသည်)၊ A (တခု)၊ Run (ပြေးသည်)၊ For (အတွက်)၊ the Money (ငွေ) ဆိုတော့ စကားပိုဒ်တခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ ငွေအတွက် ပြေးပြရတာ ဖြစ်ပါတယ်။ ဒီအသုံးဆင်းသက်လာတာကတော့ မြင်းပြိုင်ပွဲက ဆိုပါတယ်။ ပြိုင်မြင်းတွေအပေါ် လောင်းကြေးထိုးကြရင် အဲဒီ လောင်းကြသူတွေအနေနဲ့ ပိုက်ဆံရင်းထားတဲ့မြင်းကို အနိုင်ပြေးစေချင်ကြတာကတော့ ဓမ္မတာပါ။ များများလောင်းကြေးပေးလေ အဲဒီ မြင်းကိုစီးပြီး ပြိုင်ရတဲ့ Jockey အနေနဲ့ အနိုင်ရရလေအောင် ကိုယ့်မြင်းကို ပြိုင်ရဖို့က တာဝန်ကြီးလှပါပေတယ်။ အီဒီယံအဓိပ္ပါယ်ကလည်း အလားတူပါပဲ နေ့စဉ်ဘဝမှာ တခုခုအတွက် ယှဉ်ပြိုင်ရတော့မယ်ဆိုရင် အရည်အချင်းရှိတဲ့လူနဲ့ ယှဉ်ပြိုင်ရမယ်ဆိုရင် မနည်းကြိုးစားရတာကို ဆိုလိုတာဖြစ်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

She is a very smart politician. I think she can give other politicians a run for the money.
သူက သိပ်ကိုထက်မြက်တဲ့ နိုင်ငံရေးသမားတဦးပါ။ သူနဲ့ ယှဉ်ပြိုင်နိုင်ဖို့က တခြားနိုင်ငံရေးသမားတွေအနေနဲ့ သိပ်ကိုကြိုးစားကြရမှာ ဖြစ်ပါတယ်။

၂။ Put your money where your mouth is

Put (ထားသည်)၊ Your (သင့်ရဲ့)၊ Money (ငွေ)၊ Where (နေရာကို ရည်ညွှန်းတာ)၊ Mouth (ပါးစပ်)၊ is (ရှိတဲ့နေရာကိုပြတာ) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ ငွေကို ပါးစပ်ရှိတဲ့နေရာမှာ ထားတာ ဖြစ်ပါတယ်။ ဒီအသုံးက ဖဲကစားရကနေ ဆင်းသက်လာတာပါ။ ဖဲကစားရာမှာ ဖဲကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ ဖဲသမားတွေအနေနဲ့ ကိုယ်ကိုင်ထားတဲ့ဖဲက ကောင်းတယ်ဆိုပြီး ပါးစပ်ကနေ အတည်ပေါက်လှိမ့်တတ်ကြတာ ရှိပါတယ်။ တကယ်လို့ ကိုယ့်ဖဲကောင်းလို့ရှိရင် ကောင်းတဲ့ဟာကို သက်သေပြနိုင်ဖို့ ပါးစပ်ကမပြောဘဲ ကိုယ့်ဖဲကောင်းတဲ့အတွက်ကြောင့် လက်တွေ့အနေနဲ့ လောင်းကြေးငွေ ထပ်ထိုးဖို့ကို ပြောရာကနေ ဆင်းသက်လာတာ ဖြစ်ပါတယ်။ ဒီအသုံးရဲ့ အီဒီယံအဓိပ္ပါယ်ကလည်း ရှင်းပါတယ်။ ပါးစပ်ကချည်းပဲ ပြောမနေဘဲ လက်တွေ့လည်း လုပ်ပြဖို့။ အထူးသဖြင့် ငွေပေးပြီး ထောက်ပံ့မယ်ဆိုရင်လည်း အရင်းစိုက်ထုတ်ပေးဖို့ စသဖြင့်ကို ရည်ညွှန်းတာဖြစ်ပါတယ်။ အပြောကြီးသက်သက် မဟုတ်ဘဲ ပြောတဲ့အတိုင်းလည်း လက်တွေ့လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

If the government is really sincere about helping poor farmers, it should put its money where its mouth is.
အစိုးရအနေနဲ့ ပြောတဲ့အတိုင်း ဆင်းရဲတဲ့လယ်သမားတွေကို တကယ်အကူအညီပေးဖို့ စေတနာရှိတယ်ဆိုရင် လက်တွေ့လည်း သက်သေပြရမှာ ဖြစ်ပါတယ်။

၃။ Money burns a hole in one’s pocket

Money (ငွေ)၊ Burns (လောင်ကျွမ်းသည်)၊ A (တခု)၊ Hole (အပေါက်)၊ In (အထဲမှာ)၊ One’s (တဦးတယောက်ရဲ့)၊ Pocket (အိတ်) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ ငွေဟာ သူ့အိတ်ထဲမှာ အပေါက်ဖြစ်အောင် လောင်တယ့်သဘော ဖြစ်ပါတယ်။ ကျမတို့မြန်မာမှာ လူမိုက်နဲ့ငွေ အတူမနေဆိုသလို၊ အိတ်ပေါက်နဲ့ ဖားကောက်စတဲ့ ဆိုရိုးတွေအတိုင်း ဖြစ်ပါတယ်။ ငွေကို အသုံးလွယ်တာ၊ အနှမျောမရှိတာ၊ ငွေရှိရင် လက်ထဲမှာ ကြာကြာမခံတာ။ အသုံးကြမ်းတာ၊ ငွေရှိရင် သုံးဖို့ပဲ ကြည့်နေတာမျိုးကို ရည်ညွှန်းပြောဆိုတာ ဖြစ်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Money burns a hole in his pocket. He just got his pay yesterday and now he is spending most of it on his friends.
သူ့လက်ထဲငွေရှိရင် ကြာကြာမခံဘူး။ မနေ့ကပဲ လခရတယ်။ အခု သူငယ်ချင်းတွေနဲ့ ရတဲ့ငွေအများစုကို သုံးနေလေရဲ့။

ဒီသတင်းပတ် တင်ပြပေးခဲ့တဲ့ ငွေ လို့အဓိပ္ပါယ် Money ကို အခြေခံတဲ့ idiom အသုံးတွေက Give a run for the money, Put your money where your mouth is နဲ့ Money burns a hole in one’s pocket တို့ ဖြစ်ကြပါတယ်။
XS
SM
MD
LG