သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မျက်မှောက်သတင်းလောက အီဒီယံအသုံးအနှုန်းများ


Bite the dust အသုံးအနှုန်း
Bite the dust အသုံးအနှုန်း
တိုက်ရိုက် လင့်ခ်

ဒီတပတ် English American Style Idioms ကဏ္ဍမှာ မျက်မှောက်သတင်းလောကမှာ သုံးနှုန်းနေတဲ့ အီဒီယံအသုံးတချို့ဖြစ်တဲ့ Bite the dust, Up in the air နဲ့ Connect the dots တို့ကို တင်ပြထားပါတယ်။

(၁) Bite the Dust

Bite (ကိုက်တာ)၊ the dust (ဖုန်) ဖြစ်ပြီး စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ဖုန်ကိုကိုက်တာ ဖြစ်ပါတယ်။ ဒီအသုံးကို ၁၇၅၀ က Scottish စာရေးဆရာ Tobias Smollett က စတင်သုံးခဲ့တယ်လို့ ဆိုပါတယ်။ ထိုစဉ်က သူ့ရဲ့ စွန့်စားခန်းဝထ္တုထဲမှာ လူနှစ်ယောက် ဖုန်ထဲမှောက်ရက်ကျတယ်၊ တခြားလူတွေက ထွက်ပြေးသွားတယ်လို့ ရေးရာမှာ လဲကျသွားလို့ သေသွားတယ်ဆိုတာကို ရည်ညွှန်ပြီး Bite the dust ကို သုံးခဲ့တာ ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကတော့ အသက်ထွက်တာ၊ သေတာ၊ နိဂုံးချုပ်တာ၊ အဆုံးသတ်တာ၊ ကျမတို့ မြန်မာဘန်းစကားမှာတော့ ကိစ္စချောတာ၊ ကြွသွားတာ၊ ဈာန်လျှောတာမျိုးကို ဆိုလိုပါတယ်။ အလုပ်တာဝန်နဲ့ ပတ်သက်လို့လည်း ရပ်စဲခံရရင် ဒီအသုံးကိုရည်ညွှန် သုံးနိုင်ပါတယ်။ Bite the dust အသုံးကို လူတွေနဲ့သာမကပါဘူး ကိစ္စတခုခု၊ လုပ်ငန်းတခုခု၊ ပစ္စည်းတခုခု အကြောင်းကြောင်းကြောင့် ပျက်သွားတယ် သုံးလို့မရတော့ဘူး လွှင့်ပစ်ရဘို့ပဲ ရှိတယ်ဆိုရင်လဲ ဒီအီဒီယံကို သုံးနိုင်ပါတယ်။ ဒီအသုံးကို စက်တင်ဘာ (၁၀) ရက်နေ့က သမတ Donald Trump က သူ့ရဲ့အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် John Bolton ကို ရာထူးကနေ ထုတ်ပစ်လိုက်တယ်လို့ Twitter ကတဆင့် ကြေငြာလိုက်တဲ့အတွက်၊ Trump အစိုးရ ရဲ့ သုံးနှစ်တာသက်တမ်းမှာ Bolton ဟာ တတိယမြောက် နှုတ်ထွက်ခဲ့တဲ့ အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် ဖြစ်သလို အိမ်ဖြူတော်ကနေ ရာထူးထုတ်ပစ်ခဲ့သူတွေလည်း မနည်းတော့တာမို့ Blavity.com မှာ “Another One Bites The Dust: National Security Advisor John Bolton Leaves The White House “ နောက်တယောက် ထပ်သွားပြန်ပြီ၊ အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် John Bolton အိမ်ဖြူတော်က ထွက်ခွါဆိုတဲ့ ခေါင်းကြီးနဲ့ရေးသားခဲ့တာဖြစ်ပါတယ်။

ဥပမာ

My old computer “bit the dust” yesterday. I am planning to buy a new one.

ကျနော့် ကွန်ပြူတာအဟောင်းကြီး မနေ့က လုံးဝပျက်သွားတယ်။ ကျနော် အသစ်တလုံး ဝယ်ဖို့စီစဉ်နေတယ် ။

(၂)Up in the Air

Up (အပေါ်) in the air (လေထဲမှာ) ဖြစ်ပြီး၊ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က အပေါ်လေထဲမှာ ဖြစ်ပါတယ်။ ဒီအသုံးက လေထဲမှာပျံဝဲနေတဲ့ ဖုန်လိုမျိုး မသေချာမရေရာဘဲ၊ ဘာမှ အတည်တကျ မဖြစ်သေးတဲ့ အနေအထားမျိုးကို ရည်ညွန်းတာ ဖြစ်ပါတယ်။ အီဒီယံဆိုတဲ့သွယ်ဝိုက်အဓိပ္ပါယ်ကလဲ သိပ်မကွာလှပါဘူး၊ တိတိကျကျ မပြောနိုင်သေးတာ၊ မဆုံးဖြတ်ရသေးတာ၊ ဘာမှရေရေရာရာ မရှိသေးတာကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီအသုံးကို Aghanistan နဲ့ပတ်သက်လို့ သမတ Trump က Aghan အစိုးရ အပြင် Taleban သူပုန်တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကျင်းပဖို့ အစီအစဉ်ကို ရုတ်တရက် ဖျက်သိမ်းလိုက်တဲ့အတွက် Aghanistan မှာ လောလောဆယ် စေလွှတ်ချထားတဲ့ အမေရိကန်စစ်သားအရေအတွက် ၁၄၀၀၀ ကျော်ရှိရာမှာ ၊ ဒီနှစ်အကုန် ၅၀၀၀ ကျော် ရုပ်သိမ်းပြီး ကျန်အားလုံးကိုတော့၂၀၂၀ နှစ်ကုန်မှာအပြီး ပြန်ရုပ်သိမ်းပေးဖို့ အမေရိကန်ရဲ့အစီအစဉ်ဟာ မသေချာမရေရာတဲ့ အခြေအနေမှာ ရှိနေတယ်ဆိုပြီး The Washington Post သတင်းစာကြီးမှာ “ Afghan pullout plan is up in the air” ဆိုတဲ့ ခေါင်းကြီးနဲ့ ရေးသားခဲ့တာဖြစ်ပါတယ်။

The Myitsone dam project is still “up in the air” because of countrywide protests in Myanmar.

မြစ်ဆုံရေကာတာ စီမံကိန်းက မြန်မာနိုင်ငံတဝှမ်း ကန့်ကွက်မှုတွေကြောင့် မသေချာမရေရာတဲ့ အနေအထားမှာ ရှိနေတယ်။

(၃) Connect the Dots

Connect (ဆက်စပ်တာ)၊ the dots (အမဲစက်တွေ) ဖြစ်ပြီး၊ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ် အမဲစက်တွေကို ဆက်စပ်တာ ဖြစ်ပါတယ်။ ဒီအသုံးက ကျောင်းနေစ ခလေးငယ်တွေကို ပုံဆွဲပြီး အရောင်ချယ်နည်းသင်တဲ့ စာအုပ်တွေမှာ ရုပ်ပုံတွေပုံ ပေါ်ရလေအောင် အစက်တွေကိုခဲတံနဲ့လိုက်ဆက်ရတဲ့ သင်နည်းကနေ ဆင်းသက်လာတာ ဖြစ်ပါတယ်။ အမဲစက်ကလေးတွေအားလုံးကို လိုက်ဆက်ပြီးတဲ့အခါ ရုပ်ပုံဟာ ဘာဖြစ်တယ်ဆိုတာ ရုပ်လုံးပေါ်လာတာ ဖြစ်ပါတယ်။ ဒီအတိုင်းပါပဲ အီဒီယံအဓိပ္ပါယ်က သဲလွန်စတွေ၊ အချက်အလက်တွေကို ဆက်စပ်ကြည့်တဲ့အခါ တစ်နဲ့တစ်ပေါင်း အဖြေက နှစ်ဖြစ်သလို၊ အခြေအနေမှန် အဖြေထွက်လာတာ၊ အဖြေမှန်ဟာ ဗူးပေါ်သလို ပေါ်လာတာမျိုး အရင်းစစ်တော့ အမြစ်မြေကဆိုတဲ့ ကျမတို့မြန်မာဆိုရိုးနဲ့ဆင်တယ်လို့ဆိုရမှာပါ။ တကယ်တော့ ပတ်သက်နေတဲ့ အကြောင်းအရင်းတွေကို ဆက်စပ်ကြည့်ရာမှာ တလွဲတချော် စဉ်းစားမိရင်လဲ၊ အဖြေမှန်က ထွက်လာမှာမဟုတ်တာမို့ ဉာဏ်သုံးပြီး သမာသမတ်ကျကျ စဉ်းစားတွေးခေါ်တတ်ဖို့လဲ လိုပါတယ်။ ဒီအသုံးကို ဟောင်ကောင်မှာ သုံးလနီးပါးကြာခဲ့ပြီဖြစ်တဲ့ ဆန္ဒပြမှုတွေမှာ တခြားတောင်းဆိုချက်တွေအပြင် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေကိုပါ တောင်းဆိုခဲ့ကြတဲ့အတွက် ဒီအချက်တွေကို ဆက်စပ်ပြီး စဉ်းစားကြည့်လိုက်တဲ့အခါ ဒီဆန္ဒပြမှုတွေ နောက်ကွယ်မှာ အမေရိကန်ရှိနေတယ်ဆိုပြီး တရုတ်အစိုးရက ဒေါသနဲ့စွပ်စွဲလိုက်တဲ့အတွက် The New York Times သတင်းစာကြီးမှာ “In Hong Kong Protests, China Angrily Connects Dots Back to U.S.” ဆိုတဲ့ ခေါင်းကြီးနဲ့ရေးသားခဲ့တာ ဖြစ်ပါတယ်။

ဥပမာ

When John finally “connected the dots,” he found out who was behind the plan.

အချက်အလက်ကိုဆက်စပ်ကြည့်လိုက်တော့အစီအစဉ်နောက်ကွယ်မှာဘယ်သူ့ဖြစ်တယ်ဆိုတာကို John က နောက်ဆုံးသဘောပေါက်သွားတယ်။

---------------------

XS
SM
MD
LG