သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Christmas စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ


Saint Mary's ဘုရားရှိခိုးကျောင်း ခရစ်စမတ်မီးအလှရောင်စုံ၊ ရန်ကုန်။ (ဒီဇင်ဘာ ၂၅၊ ၂၀၁၄)
Saint Mary's ဘုရားရှိခိုးကျောင်း ခရစ်စမတ်မီးအလှရောင်စုံ၊ ရန်ကုန်။ (ဒီဇင်ဘာ ၂၅၊ ၂၀၁၄)

ဒီတပတ် English Learning: American Idioms and Expressions ကဏ္ဍမှာ Christmas ကိုအခြေခံတဲ့ အီဒီယံ အသုံးအနှုန်းတွေဖြစ်ကြတဲ့ Like turkeys voting for early Christmas, Cancel someone’s Christmas နဲ့ White Christmas တို့ကိုတင်ပြထားပါတယ်။

(၁) Like turkeys voting for early Christmas

Like (တူတာ)၊ turkeys (ကြက်ဆင်တွေ)၊ voting (မဲပေးတာ ၊ထောက်ခံတာ )၊ for (အတွက်)၊ early (စောစော)၊ Christmas (ခရစ်စမတ်) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ ကြက်ဆင်တွေက ခရစ်စမတ် စောစောရောက်ပါစေလို့ ဆုတောင်းနေကြတယ်၊ မဲပေးနေကြတယ်၊ ဆန္ဒပြုနေကြတာနဲ့ တူနေတယ် ဆိုတာဘဲဖြစ်ပါတယ်။ ကြက်ဆင်တွေကို Thanksgiving (ကျေးဇူးတော်နေ့) နဲ့ ခရစ်စမတ်ပွဲတော်ရက်တွေမှာ အကောင်လိုက်ပေါင်းစားလေ့ရှိတာမို့၊ ကြက်ဆင်တွေက ခရစ်စမတ် စောစောကျပါစေလို့ ဆုတောင်းကြတယ်ဆိုရင်၊ ကြက်ဆင်တွေကိုယ်တိုင်ကဟင်းအိုးထဲမြန်မြန်ရောက်ရလေအောင်ဆန္ဒပြုကြတဲ့သဘောမျိုးရောက်နေတာဖြစ်ပါတယ်။ ဒါ့ကြောင့်အီဒီယံဆိုတဲ့သွယ်ဝိုက်အဓိပ္ပါယ်ကကိုယ့်ဘဝ ဆုံးရှုံးရလေအောင် ကိုယ်တိုင်က မြန်မြန်ဖြစ်ပါစေလို့ ဆုတောင်းတာနဲ့ တူတယ်လို့ အဓိပ္ပါယ်ရပါတယ်။ တနည်းတော့ ကိုယ့်ဘဝ ပျက်စီးရာပျက်စီးကြောင်း ဦးတည်နေတဲ့ အခြေအနေကို ကိုယ်ကသိသိကြီးနှင့်လက်ခံနေတာဖြစ်ပါတယ်။ ကျမတို့ မြန်မာမှာတော့ ကိုယ့်ကြမ္မာဆိုး ကိုယ်ဖန်တီးတာ၊ ကိုယ့်သေတွင်း ကိုယ်တူးတာစတဲ့အသုံးအနှုန်းတွေနှင့်ဆင်တူတယ်လို့ဆိုရမှာပါ။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

If you guys keep drinking and gambling, it will be like turkeys voting for early Christmas!
ကိုယ့်လူတို့ ၊ ဒီလိုသာဆက်ပြီး အရက်သောက်၊ လောင်းကစား နေကြမယ်ဆိုရင်၊ ကိုယ့်သေတွင်း၊ကိုယ်တူးတာနဲ့ တူနေမယ်။

(၂) Cancel someone's Christmas

Cancel (ပယ်ဖျက်လိုက်တာ၊ ဖျက်သိမ်းလိုက်တာ)၊ someone's (လူတဦးတယောက်ရဲ့)၊ Christmas (ခရစ်စမတ်ပွဲ) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ လူတဦးတယောက်ရဲ့ ခရစ်စမတ်ပွဲတော်ကို ဖျက်သိမ်းလိုက်တာပေါ့။ ကမ္ဘာတဝှမ်းမှာ ခရစ်စမတ်ပွဲတော်ကိုတနှစ်တခါ ဆင်နွှဲရာမှာ လူတဦးရဲ့ ခရစ်စမတ်ပွဲတော်ကို ဖျက်သိမ်းပစ်လိုက်တယ်ဆိုရင် အဲဒီလူရဲ့ ဘဝကို ချုပ်ငြိမ်းစေတဲ့ သဘောမျိုးကို ဆိုလိုတာဖြစ်ပါတယ်။ ဒီလူဘဝမှာ နောက်ထပ် ခရစ်စမတ်ပွဲတော်နဲ့ မကြုံရတော့ဘူးဆိုတော့ ၊ သူလည်း လ့ူ့ပြည်မှာ မရှိတော့တဲ့သဘောမျိုးပေါ့။ တနည်းလူတဦးရဲ့ဘဝပျက်အောင်၊ ကျမတို့မြန်မာအဆိုဖြစ်တဲ့ အသက်နှင့်ကိုယ်အိုးစားကွဲအောင် လုပ်တဲ့သဘောမျိုးနှင့်ဆင်တူတယ်လို့ဆိုရမှာပါ။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

I was terrified when he said he was going to cancel my Christmas! He must be mad at me!
ကျနော့်ကို သူက အသက်နှင့်ကိုယ်အိုးစားကွဲအောင်လုပ်မယ်လို့ပြောတော့ ကျနော်လည်း တကယ်ပဲ လန့်သွားတယ်။ ကျနော့်ကိုသူသိပ်စိတ်ဆိုးနေပုံရတယ်။

(၃) White Christmas

White (အဖြူရောင်)၊ Christmas (ခရစ်စမတ်ပွဲတော်) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ခရစ်စမတ် အဖြူရောင်ပေါ့။ ခရစ်စမတ်ဖြစ်တဲ့ ဒီဇင်ဘာလ (၂၅) ရက်နေ့ဟာ အနောက်နိုင်ငံတွေမှာ ဆောင်းရာသီဖြစ်တဲ့အတိုင်း နှင်းကျလေ့ ရှိပါတယ်။ ခရစ်စမတ်နေ့မှာ နှင်းကျရင် ပတ်ဝန်းကျင်တခုလုံး ဖြူဖွေးနေတဲ့အတွက် အဲဒီနေ့ကို White Christmas လို့ တင်စားခေါ်ဝေါ်တာ ဖြစ်ပါတယ်။ ဒါကြောင့် White Christmas ရဲ့ အီဒီယံအသုံးအနှုန်းက ခရစ်စမတ်နေ့မှာ နှင်းကျတာကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

I’m hoping this year will be a white Christmas. My kids are looking forward to playing with the snow.
ဒီနှစ် ခရစ်စမတ်မှာ နှင်းကျပါစေလို့ ကျနော် ဆုတောင်းတယ်။ ကျနော့် ခလေးတွေက နှင်းနဲ့ ဆော့ချင်ကြတယ်။

ဒီသတင်းပတ် တင်ပြပေးခဲ့တဲ့ Christmas ကိုအခြေခံတဲ့ idiom အသုံးတွေက Like turkeys voting for early Christmas, Cancel someone’s Christmas နဲ့ White Christmas တို့ ဖြစ်ကြပါတယ်။

XS
SM
MD
LG