ဒီတပတ် English Learning: America Idioms and Expressions ကဏ္ဍမှာလည်း အမေရိကန်သမ္မတ ရွေးကောက်ပွဲကာလအတွင်းမှာ သတင်းမီဒီယာမှာ ရေပန်းစားတဲ့ အသုံးအနှုန်းတချို့  one trick pony, super PAC နဲ့ binders full of women စတဲ့ အီဒီယံတချို့ ကို တင်ပြပေးသွားပါမယ်။
ပထမဦးဆုံး one trick pony ဖြစ်ပါတယ်။ One = တခု၊ တကောင်, Trick = အဓိပ္ပါယ်အမျိုးမျိုး ရှိပါတယ်။ လှည့်စားတာ၊ မျက်လှည့်ပြတာ စသဖြင့်တို့ရှိပြီးတော့ ဒီနေရာမှာတော့ ကျွမ်းကျင်မှုတရပ်ကို ဆိုလိုပါတယ်။ ဥပမာ အိမ်မှာမွေးထားတဲ့ ခွေးကလေးက အစာတောင်းတတ်တာ၊ တုတ်ပြေးကောက်တတ်တာ။ ဆပ်ကပ်တွေမှာဆိုရင်လည်း ဆင်တွေ၊ မြင်းတွေက သူတို့ကျွမ်းကျင်ရာကို အထူးသဖြင့် ခလေးတွေအကြိုက် သရုပ်ဆောင်ပြကြတာကိုလည်း trick အနေနဲ့ ပြောဆိုသုံးနှုန်းနိုင်ပါတယ်။ ဒါကြောင့်မို့ ဒီနေရာမှာ one trick က ကျွမ်းကျင်တာတမျိုးကို လုပ်ပြတာ ဖြစ်ပါတယ်။ Pony = မြင်းပေါက်ကလေး ဖြစ်ပြီး စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်ကတော့ သရုပ်ဆောင်ရာမှာ တမျိုးပဲ လုပ်ပြနိုင်တဲ့ မြင်းပေါက်ကလေး ဖြစ်ပါတယ်။
ဒီအသုံး ဆင်းသက်လာတာကတော့ ရှေးတုန်းက နယ်လှည့်ကပြတဲ့ ဆပ်ကပ်ပွဲခေတ်က ဖြစ်ပါတယ်။ ဆပ်ကပ်အဖွဲ့သေးလေးတွေက ငွေကြေးသိပ်မတတ်နိုင်တော့ ဆင်တွေ၊ ကျားတွေလို ကုန်ကျစရိတ် သိပ်ကျတာမျိုးကို မပြနိုင်တော့ ခွေးလိမ္မာ၊ မြင်းလိမ္မာလေးတွေကို ထည့်ပြီး ခလေးတွေအကြိုက် တစ်ခါနှစ်ခါ သူတို့တတ်တာလေးတွေကို လုပ်ပြကြလေ့ ရှိတဲ့အတွက် အဲဒီ ဆပ်ကပ်ပွဲမျိုးကို one trick pony လို့ ရည်ညွှန်းပြောဆိုတာ ဖြစ်ပါတယ်။ ဆိုလိုတာကတော့ နည်းနည်းနဲ့ ကျဲကျဲဝိုင်းတာမျိုး ဖြစ်ပါတယ်။ တနည်းအားဖြင့် တမျိုးတည်းသန်တဲ့သဘောမျိုးလည်း ဖြစ်ပါတယ်။ ရွေးကောက်ပွဲ မဲဆွယ်လှုပ်ရှားရာမှာလည်း သမ္မတလောင်း နှစ်ဦးတို့အနေနဲ့ နိုင်ငံ့ခေါင်းဆောင်မှုကို one trick pony နည်းဆိုတဲ့ တဖတ်တည်းသန်ပြီး လုပ်ပြတာမျိုး မဖြစ်သင့်ဘူးလို့ သတင်းမီဒီယာတွေက ရေးသားကြတာတွေ တွေ့ရပါတယ်။ မဲဆန္ဒရှင်တွေ ထောက်ခံမှုရရှိဖို့ကလည်း ထောင့်စုံကနေ လုပ်ပြနိုင်ဖို့ အရေးကြီးပါတယ်။ ဒါကြောင့် ဒီအသုံးရဲ့  အီဒီယံအဓိပ္ပါယ်ကတော့ တဖတ်တည်း သန်နေတာကို ဆိုလိုတာဖြစ်ပါတယ်။
ဒီအသုံးနဲ့ ပတ်သက်လို့ George Grow ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
A President cannot be one trick pony with only one approach to leadership.
သမ္မတတဦးအနေနဲ့ နိုင်ငံခေါင်းဆောင်မှုကို လျှောက်လှမ်းရာမှာ သန်ရာတခုတည်းနဲ့တော့ မဖြစ်နိုင်ဘူး။
ဆက်လက်တင်ပြပေးမယ့် အသုံးအနှုန်းက super PAC ဖြစ်ပါတယ်။ ဒီနေရာမှာ Super = အထူး၊ ထူးကဲတာ။ PAC = Political Action Committee စကားစုရဲ့  Acronony ဆိုတဲ့ ရှေ့ စကားလုံးတွေရဲ့  ဝေါဟာရတွေဖြစ်တဲ့ Political = A, Action = A, Committee = C တို့ကိုယူပြီး PAC လို့ ခေါ်ဆိုထားတာ ဖြစ်ပါတယ်။ ဒီအသုံးကတော့ အီဒီယံမဟုတ်ပေမဲ့ ရွေးကောက်ပွဲမှာ တော်တော်လေး ရေပန်းစားတဲ့ အသုံးအနှုန်း ဖြစ်ပါတယ်။ ဒီ Super PAC အဖွဲ့အစည်းတွေဟာ အမေရိကန် နိုင်ငံရေး၊ လူမှုရေး စသဖြင့်တို့မှာ ခံယူချက်ကို ရှေ့ ရှုဆောင်ရွက်နိုင်ဖို့ ကော်ပိုရေးရှင်းကြီးတွေ၊ အဖွဲ့အစည်းကြီးတွေ၊ သမဂ္ဂတွေ၊ တသီးပုဂ္ဂလိကတွေထံကနေ အကန့်အသတ်မရှိ ငွေကြေးအလှူခံခွင့် ရကြတာ ဖြစ်ပါတယ်။
ဒီအဖွဲ့တွေဟာ နိုင်ငံရေးပါတီတွေ လက်အောက်မှာမရှိဘဲ သီးခြားရပ်တည်ကြပြီး အပြောင်းအလဲကို ဖော်ဆောင်ပေးဖို့ အားသန်ရာကို ကောက်ခံရတဲ့ အလှူငွေတွေကိုသုံးပြီး လှုပ်ရှားပိုင်ခွင့် ရှိကြတာလည်း ဖြစ်ပါတယ်။ အလှူငွေ ဘယ်လောက်ကောက်ခံရရှိတယ်ဆိုတာကို အစိုးရထံကို အသိပေးဖို့လိုပြီး ဘယ်သူထံက ဘယ်လောက်ရတယ်ဆိုတာကိုတော့ ထုတ်ဖော်ကြေညာပေးဖို့ မလိုကြပါဘူး။ ဒီအဖွဲ့တွေကို ဗဟိုအစိုးရ ရွေးကောက်ပွဲ ဥပဒေတွေအရ ခွင့်ပြုထားတာဖြစ်ပြီး သူတို့ ယုံကြည်တဲ့ ရပ်တည်ချက်တွေကို လူထုနှိုးကြားမှုရှိစေဖို့ ကြော်ငြာတွေမှာ အလှူခံလို့ရတဲ့ ငွေတွေကို သုံးခွင့်ရှိကြတာလည်း ဖြစ်ပါတယ်။
ဒီနေရာမှာ Super PAC နဲ့ သမာရိုးကျ PAC ကွဲပြားတာလည်း ရှိပါတယ်။ သမာရိုးကျ PAC ဖြစ်ကြတဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေအနေနဲ့ကတော့ ရွေးကောက်ပွဲအတွက် အလှူရှင်တဦးထံကနေ ဒေါ်လာ ၂၅၀၀ ပဲ ကောက်ခွင့်ရှိပါတယ်။ Super PAC တွေကတော့ စောစောက ရှင်းပြတဲ့အတိုင်း ကောက်ခံတဲ့ငွေဟာ အကန့်အသတ် မရှိပါဘူး။ ဒါပေမဲ့လည်း သူတို့မှာ စည်းမျဉ်းကတော့ ဘယ်နိုင်ငံရေးပါတီရဲ့  လွမ်းမိုးချက်အောက်ကို မရောက်ဖို့ပါပဲ။ Super PAC တွေက မြန်မာလို ဆိုရင်တော့ အထူးနိုင်ငံရေး အကျိုးတော်ဆောင် ကော်မတီတွေ ဖြစ်ပါတယ်။ Super PAC ဘာကြောင့် ဖြစ်လာရပါသလဲ။ ၂၀၁၀ ဇူလိုင်လက ဗဟိုအစိုးရ တရားရုံးရဲ့  ဆုံးဖြတ်ချက်တွေအရ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကာကွယ်စောင့်ရှောက်တဲ့အနေနဲ့ Super PAC တွေ ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။

The USA Super PAC spends over 2 million dollars on television ads. It supports gun control.
USA Super PAC နိုင်ငံရေး အထူးအကျိုးတော်ဆောင် ကော်မတီက ရုပ်သံလွှင့် ကြော်ငြာတွေ ဝယ်ရာမှာ ဒေါ်လာ နှစ်သန်းကျော် သုံးခဲ့တယ်။ အဲဒီအဖွဲ့က သေနတ်ထိန်းချုပ်ရေးကို ထောက်ခံတယ်။
အခုနောက်ဆုံး တင်ပြပေးမှာက သမ္မတလောင်း နှစ်ဦးတို့ ဒုတိယအကြိမ် စကားစစ်ထိုးပွဲမှာ ပရိသတ်တွေထံကနေ မေးခွန်းတွေ ဖြေကြရလေတော့ အမျိုးသမီးတဦးက Massachusetts ပြည်နယ် အုပ်ချုပ်ရေးမှုးဟောင်း Mitt Romney ကို လုပ်ငန်းခွင်မှာ ကျားမခွဲခြား ဆက်ဆံမှုရှိနေတာကို ဘယ်လိုကိုင်တွယ် ဖြေရှင်းမလဲ။ အထူးသဖြင့် အလုပ်အတူတူ လုပ်ကြပေမယ့်လို့လည်း အမျိုးသားတွေက ဒေါ်လာ တစ်ရာရရင် အမျိုးသမီးတွေက ၇၂ ဒေါ်လာ ရနေတဲ့ ပြဿနာကို ရည်ညွှန်းမေးခဲ့တာ ဖြစ်ပါတယ်။ အဲဒီလို အမေးကို Mitt Romney က ပြန်ဖြေခဲ့ရာမှာတော့ Massachusetts ပြည်နယ် အုပ်ချုပ်ရေးမှုး ဘဝတုန်းက သူဟာ အုပ်ချုပ်ရေးအဖွဲ့ကို ဖွဲ့ရာမှာ လျှောက်လွှာရှင်တွေက အမျိုးသားတွေကြီးပဲ ဖြစ်နေတော့ သူက ဒီလိုတော့ မဖြစ်ချေဘူးဆိုပြီးတော့ အမျိုးသမီးအဖွဲ့တွေထံ အကူအညီတောင်းခဲ့တယ်လို့ ဆိုပါတယ်။
သူ့ရဲ့  ပြောကြားချက်က
I went to a number of women's groups and said 'Can you help us find folks?' and they brought us whole binders full of women.
ကျနော် အမျိုးသမီးအဖွဲ့တွေထံသွားပြီး အမျိုးသမီးတွေ ကူရှာပေးဖို့ မေတ္တာရပ်ခံခဲ့တော့ အမျိုးသမီးလျှောက်လွှာရှင်တွေ ဖိုင်တွဲအပြည့် ရခဲ့တယ်လို့ Mitt Romney က ပြန်ဖြေခဲ့ပါတယ်။
သူ့အဖြေမှာ ဖိုင်တွဲတွေအပြည့် အမျိုးသမီးတွေဆိုတဲ့ Binders full of women ဆိုတဲ့ အသုံးအနှုန်းက အမျိုးသမီးတွေ တပုံကြီးရခဲ့တယ်ဆိုတဲ့ သဘောမျိုးဖြစ်တဲ့အတွက် နိုင်ငံရေးလောကမှာ ပြောစရာအကွက် ဖြစ်လာခဲ့ပါတယ်။ Binders = ဖိုင်တွဲများ၊ Full of = အပြည့်၊ Women = အမျိုးသမီးများ ဖြစ်ကြတော့ စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်ကတော့ ဖိုင်တွဲအပြည့် အမျိုးသမီးများ ဖြစ်ကြပါတယ်။ အမျိုးသမီးတွေ အများကြီးရှိတာပေါ့ဗျာလို့ ပြောတာမျိုးဖြစ်တာမို့လည်း တချို့ အမျိုးသမီးတွေအတွက် မခံချင်စရာ ဖြစ်ခဲ့ရပါတယ်။ ဒါကလည်း အီဒီယံအသုံးမဟုတ်ပေမယ့်လည်း နောင်တချိန်မှာ ပြောစမှတ်ဖြစ် ကျန်ခဲ့မယ့် ၂၀၁၂ ရွေးကောက်ပွဲရဲ့  အမွေရလဒ်လို့ ဆိုနိုင်ပါတယ်။