သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Face စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ


ဒီတပတ် English Learning: American Idioms and Expressions ကဏ္ဍမှာ မျက်နှာ (Face) စကားလုံးကို အခြေခံတဲ့ အီဒီယံအသုံးအနှုန်းများဖြစ်တဲ့ Poker face, Face the music နဲ့ Fall flat on your face တို့ကို တင်ပြထားပါတယ်။

(၁) Poker face

Poker (ဖဲကစားနည်းတမျိုးဖြစ်တဲ့ပိုကာ)၊ Face (မျက်နာ) ဆိုတော့ ဒီစကားစုရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ ပိုကာမျက်နာ ဖြစ်ပါတယ်။ ဒီအသုံးက ဖဲကစားရာကနေ ဆင်းသက်လာတာ ဖြစ်ပါတယ်။ ဖဲကစားရင် ကိုယ့်လက်ထဲက ဖဲတွေက ကောင်းသလားမကောင်းဘူးလား ဆိုတာကို ကိုယ်နဲ့ ဖဲကစားတဲ့ တခြားလူတွေ မရိပ်မိအောင် မျက်နာသေနဲ့ နေတာမျိုးကို ဆိုလိုတာ ဖြစ်ပါတယ်။ အီဒီယံနေ့စဉ် အသုံးမှာတော့ စောစောက အဓိပ္ပါယ်အတိုင်း မျက်နာသေနဲ့နေတာ၊ အကဲခတ်ရတာခက်တဲ့ မျက်နာမျိုးကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

John has a poker face. You can never tell what’s on his mind.
John ရဲ့ မျက်နာထားက မျက်နာသေနဲ့ဆိုတော့ သူ့ ဘာတွေ စဉ်းစားနေသလဲဆိုတာ ပြောရဖို့ မလွယ်ဘူး။

(၂) Face the music

Face (မျက်နာချင်းဆိုင်တာ)၊ the Music (တေးဂီတ၊ သီချင်း) ဆိုတော့ ဒီစကားစုရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ တေးဂီတကို မျက်နာချင်းဆိုင်တာပေါ့။ ဒီအသုံးဆင်းသက်လာတာကတော့ အင်္ဂလိပ်စစ်တပ်ကဖြစ်ပါတယ်။ တပ်ထဲမှာ အပြစ်တစ်ခုခုကြောင့် အထုတ်ခံရတယ်ဆိုရင် တပ်ရှေ့မှာ စစ်ဘင်ခရာတီးသံနဲ့အတူ စစ်အခမ်းအနားနဲ့ တပ်ကနေ အထုတ်ခံရတဲ့ဓလေ့ကနေ ဆင်းသက်လာတယ်လို့ ဆိုပါတယ်။ ဒါကြောင့် အီဒီယံအသုံးက တစ်ခုခု အပြစ်လုပ်မိလို့၊ အမှားလုပ်မိလို့ ကိုယ်ထိုက်နဲ့ကိုယ်ခံရတာ၊ ထိုက်သင့်တဲ့အပြစ်ပေးခြင်းကို ခံရတာမျိုး၊ ကိုယ်လုပ်တဲ့အတွက်ကြောင့် ကိုယ်ရောက်တဲ့ဒုက္ခကို ရင်ဆိုင်ရတာကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

If you don’t study regularly, you’ll face the music when exams come.
စာမှန်မှန် မကျက်ရင်တော့၊ စာမေးပွဲဖြေဖို့ အချိန်ကျရင် ဒုက္ခကောင်းကောင်းကြီးတွေ့လိမ့်မယ်။

(၃) Fall flat on your face

Fall (လဲကျတာ)၊ Flat (ပြားနေတာ)၊ On (အပေါ်မှာ)၊ Your (သင့်ရဲ့)၊ Face (မျက်နာ) ဆိုတော့ ဒီစကားစုရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ မျက်နာပေါ်မှောက်လျက်လဲကျတာ ဖြစ်ပါတယ်။ ဒီအသုံးဟာ မြန်မာမှာလည်း ရှိပါတယ်။ မျက်နာပေါ် မှောက်လျက်ကျတယ်ဆိုတဲ့ အီဒီယံအသုံးရဲ့အဓိပ္ပါယ်က အရှက်ကွဲတာမျိုးကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

The Minister fell flat on his face when he was caught on video making rude remarks.
အဲဒီ ဝန်ကြီး ရိုင်းစိုင်းစွာ ပြောဆိုနေတာတွေကို ဗွီဒီယိုနဲ့ ရိုက်ထားတာ ထွက်လာတော့ သူအရှက်ကွဲတော့တာပဲ။

ဒီသတင်းပတ် တင်ပြခဲ့တဲ့ Face ကိုအခြေခံတဲ့ Idiom အသုံးတွေက Poker face, Face the music နဲ့ Fall flat on your face တို့ ဖြစ်ကြပါတယ်။

XS
SM
MD
LG