သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Heart အီဒီယံအသုံးအနှုန်းများ


Heart အီဒီယံအသုံးအနှုန်းများ
please wait

No media source currently available

0:00 0:06:02 0:00
တိုက်ရိုက် လင့်ခ်


ဒီတပတ် English American Style Idioms ကဏ္ဍမှာ ဖေဖေါ်ဝါရီလ (၁၄) ရက်နေ့မှာကျရောက်ခဲ့တဲ့ Valentine’s Day နဲ့ လိုက်ဖက်တဲ့ အသည်းနှလုံး (Heart) ကို အခြေခံအီဒီယံအသုံးအနှုန်းများဖြစ်တဲ့ Heart and soul, Eat your heart out နဲ့ Lose heart တို့ကို တင်ပြထားပါတယ်။

(၁) Heart and Soul

Heart (အသည်းနှလုံး)၊ and (နှင့်)၊ soul (အသက်ဝိညာဉ်) ဖြစ်ပြီး စကားစုတခုလုံးရဲ့ လုံးကောက်အဓိပ္ပါယ်က အသည်းနှလုံးနဲ့ ဝိညာဉ် ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကတော့ ဒီနေရာမှာ အသည်းနှလုံးရော၊ အသက်ရောဆိုတော့ နှစ်နှစ်ကာကာ ရာနှုန်းပြည့် မေတ္တာခံစားချက် ဒါမှမဟုတ် အခရာအကျဆုံးကို ရည်ညွှန်းပြောတာ ဖြစ်ပါတယ်။ ဒီအသုံးအနှုန်း ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Mr. and Mrs. Smith just celebrated their golden wedding anniversary. They are happily married and love each other with heart and soul.

Mr. နဲ့ Mrs. Smith တို့ ဇနီးမောင်နံှ ဟာ သူတို့ရဲ့ ရွှေရတုမင်္ဂလာပွဲကို မကြာမီကပဲ ဆင်နွှဲခဲ့ကြတယ်။ သူတို့ အိမ်ထောင်ရေးကလည်း စိတ်ချမ်းသာစရာ ဖြစ်သလို၊ တဦးအပေါ်တဦးလည်း အသက်တမျှ ချစ်ကြတယ်။

(၂) Eat your heart out

Eat (စားတာ)၊ your (သင်ရဲ့)၊ heart (အသည်းနှလုံး)၊ out က ဒီနေရာမှာ ကြိယာဝိသေသန (Adverb) အဖြစ် သုံးထားပြီး ကုန်ခမ်းသွားတဲ့ အဓိပ္ပါယ်ရပါတယ်။ ဒါကြောင့် စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က သင်ရဲ့အသည်းနှလုံးကို ကုန်သွားအောင်စားပစ်လိုက်တာ ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်က စိတ်ထဲမှာ နာနာကျည်းကျည်း ခံစားရတာ၊ သိပ်ကိုဝမ်းနည်းကြေကွဲတာ၊ မနာလိုသဝန်တိုဖြစ်လွန်းလို့ ရင်ထဲမှာမခံချိမခံသာဖြစ်တာ၊ မရနိုင်တာကို ဆွေးတမြေ့မြေ့နဲ့ ဖြစ်တာစသဖြင့် ခံစားရတဲ့စိတ်ကိုဆိုလိုတာဖြစ်ပါတယ်။ တခါတရံလည်း လူတဦးဦးကို မခံမရပ်နိုင်ဖြစ်စေဖို့ ပြောတဲ့နေရာမှာလည်း ဒီအီဒီယံကိုသုံးနိုင်ပါတယ်။ ဥပမာ မင်းမနာလို ဖြစ်ရင်လဲဖြစ်ပေါ့။ Sorry ပါဘဲ၊ မင်းတော့ ဆွေးဖို့ပဲရှိတယ် ဆိုတဲ့သဘောမျိုးနဲ့ ပြောတာမျိုး ဖြစ်နိုင်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Eat your heart out my friend. Our team won the first prize!

မင်း မခံချင်အောင် ပြောရအုံးမယ် သူငယ်ချင်းရေ။ ငါတို့အသင်းက ပထမဆု ရလိုက်တယ်။

Eat your heart out ရဲ့ အီဒီယံအဓိပ္ပါယ် နောက်တမျိုးကတော့ အချစ်ရေးမပြေလည်လို့စိတ်သိပ်ဆင်းရဲနေတာ၊ အသည်းကွဲလို့ ဆွေးတမြေ့မြေ့ ခံစားရတာကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီအသုံးရဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Mary left John for another guy. So John’s eating his heart out wondering what he did wrong.

Mary က နောက်တယောက်တွေ့လို့ John ကို ပစ်သွားတယ်လေ။ John က သူ ဘာများအမှားလုပ်မိပါလိမ့်လို့ တွေးပြီး ဆွေးပြီးကျန်နေလေရဲ့။

(၃) Lose heart

Lose (ဆုံးရှုံးတာ)၊ heart (အသည်းနှလုံး) ဖြစ်ပြီး စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က အသည်းနှလုံး ဆုံးရှုံးတာ ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်က Heart ကို ဒီနေရာမှာ စိတ်ဓါတ်အဖြစ်၊ သတ္တိအဖြစ် ရည်ညွှန်းသုံးတာ ဖြစ်တဲ့အတွက်ကြောင့် Lose heart က စိတ်ဓါတ်ကျတာ၊ အားလျော့တာ၊ အားမရှိတာ၊ ယုံကြည်စိတ်ချမှု လျော့နည်းလာတာကို ဆိုလိုပါတယ်။ အလုပ်က ဖြုတ်ခံရတဲ့ လူတဦးကို အားပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Please don’t lose heart, keep trying. There will be other chances to get a better job.

မင်း စိတ်ဓါတ်မကျပါနဲ့။ ဆက်လက်ကြိုးစားပါ။ ပိုကောင်းတဲ့အလုပ်ရဖို့ တခြားအခွင့်အလမ်းတွေလည်း ပေါ်လာမှာပါ။

Lose heart ဆိုတဲ့ အသုံးမှာ your ကို ထည့်သုံးပြီး Lose your heart လို့ သုံးရင် အဓိပ္ပါယ်က ပြောင်းသွားပါတယ်။ ကိုယ့်အသည်းနှလုံးကို တခြားလူတဦးကို ပေးလိုက်တာဆိုတော့ အဲဒီလူအပေါ် မေတ္တာရှိတာ ဖြစ်နိုင်သလို၊ တခုခုကို စွဲမက်ခုံမင် နှစ်သက်တာကိုလည်း ရည်ညွှန်းပါတယ်။ ဒီအသုံးရဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Joe lost his heart to Mary ten years ago when he saw her at a party. They soon got married and now they have three kids!

လွန်ခဲ့တဲ့ (၁၀) နှစ်က Mary ကို Joe က ပါတီတခုမှာ စတွေ့စဉ်ကပဲ သူ့အပေါ် မြင်မြင်ချင်း မေတ္တာရှိခဲ့တယ်။ မကြာမီမှာပဲ သူတို့ လက်ထပ်လိုက်ကြပြီး အခုဆိုရင် သားသမီး (၃) ယောက်တောင် ရနေပြီ။

ဒီတပတ် တင်ပြခဲ့တဲ့ အီဒီယံအသုံးတွေက Heart and soul, Eat your heart out နဲ့ Lose heart တို့ဖြစ်ပါတယ်။

XS
SM
MD
LG