ဒီတပတ် English Learning: American Idioms and Expressions ကဏ္ဍမှာ တင်ပြပေးထားတဲ့ အီဒီယံအသုံးအနှုန်းများမှာ make a killing, make both ends meet, to be paid peanuts နဲ့ on a shoe string တို့ ဖြစ်ပါတယ်။ငွေနဲ့ ပတ်သက်တဲ့ အီဒီယံအသုံးအနှုန်းများကို တင်ပြပေးသွားပါမယ်။
ပထမဦးဆုံး တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ make a killing ဖြစ်ပါတယ်။ Make = တခုခုကို ပြုလုပ်သည်, A = တခု, Killing = သတ်တယ်လို့ အဓိပ္ပါယ်ရှိတဲ့ kill ဆိုတဲ့ ကြိယာက ဆင်းသက်လာပြီးတော့ noun နာမ်အဖြစ် killing က သတ်ခြင်းလို့ လုံးကောက်အဓိပ္ပါယ်ရပေမယ့် ဒီနေရာမှာတော့ အဓိပ္ပါယ်က အမြတ်အများကြီးရလိုက်တာ၊ ငွေအများကြီး ဝင်လာတာကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒါကြောင့် make a killing လုံးကောက်အဓိပ္ပါယ်က ငွေအများကြီး ရရှိလိုက်ခြင်း ဖြစ်ပါတယ်။ အီဒီယံအဓိပ္ပါယ်ကလည်း ဆင်တူတယ်လို့ ဆိုရမှာပါ။ လူတဦးဟာ လောင်းကစားရာမှာဖြစ်ဖြစ်၊ ရင်းနှီးမြုပ်နှံမှု တခုခုကြောင့်ဖြစ်ဖြစ် stock အရောင်းအဝယ်တွေကြောင့်ဖြစ်ဖြစ် တနည်းနည်းဖြင့် ငွေအတော်လေး ရလိုက်တယ်။ အမြတ်များများရလိုက်တယ်။ ကျမတို့ မြန်မာဘန်းစကားအရဆိုရင် အပွကြီးပွလိုက်တယ်ဆိုရင်တော့ make a killing အီဒီယံကို ရည်ညွှန်းသုံးလို့ ရပါတယ်။
ဥပမာ
The business tycoon made a killing in the gas exploration project.
အဲဒီ စီးပွားရေးလုပ်ငန်းရှင်ကြီးက သဘာဝဓါတ်ငွေ့ရှာဖွေရေး စီမံကိန်းကြီးမှာ အပွကြီးပွလိုက်တယ်။
နောက်ထပ်တင်ပြပေးမယ့် အီဒီယံအသုံးက စောစောက make a killing နဲ့ တကမ္ဘာဆီခြားတယ်လို့ ဆိုရမယ့် အီဒီယံအသုံးအနှုန်းဖြစ်တဲ့ make both ends meet ဖြစ်ပါတယ်။ Make = ပြုလုပ်သည်, Both = နှစ်ဖက်စလုံး, Ends = ဒီနေရာမှာ noun နာမ်အဖြစ်အသုံးပြုထားပြီး အဆုံးနေရာတွေအဖြစ် သာမန်အားဖြင့် အဓိပ္ပါယ်ရပေမယ့် ဒီနေရာမှာ ကိုယ့်ရဲ့ ဝင်ငွေ၊ ကိုယ့်ရဲ့  အသုံးစရိတ်ကို ရည်ညွှန်းတာဖြစ်ပါတယ်, Meet = တွေ့ဆုံသည်၊ ကိုက်နေသည် ဖြစ်ပါတယ်။ ဒါကြောင့် make both ends meet ရဲ့  တိုက်ရိုက်အဓိပ္ပါယ်က အဆုံးနှစ်ဖက်ကိုက်ညီအောင် လုပ်ဆောင်သည်။ ဒါမှမဟုတ် ကိုယ့်ရဲ့ ဝင်ငွေ အသုံးစရိတ် ကိုက်ရအောင်လုပ်တာ ဖြစ်ပါတယ်။ အီဒီယံအဓိပ္ပါယ်ကလည်း သိပ်မကွာလှပါဘူး။ အဆုံးနှစ်ဖက်ဖြစ်တဲ့ ဝင်ငွေ နဲ့ ထွက်ငွေကို မျှအောင်လုပ်တာ၊ ကိုယ့်ရတာလေးနဲ့ လောက်အောင်စားတာကို ဆိုလိုပါတယ်။ ကျမတို့ မြန်မာမှာတော့ တနေ့လုပ်မှ တနေ့စားရသလို မိသားစုဝင်ငွေ လောက်ငအောင် ခြိုးခြံချွေတာတဲ့ သဘောမျိုး ဖြစ်ပါတယ်။
ဥပမာ
The taxi driver is trying hard to make both ends and meet for his family, so he cannot miss a day of work.
တက္ကစီကားမောင်းသမားက သူ့မိသားစု ဝမ်းရေးဖူလုံဖို့အတွက် မနည်းကြိုးစားချွေတာနေရတယ်။ ဒါကြောင့်လည်း သူ့အနေနဲ့ တနေ့မှ အလုပ်ပျက်ခံလို့ မရဘူး။
အခုဆက်လက် တင်ပြပေးမယ့် အီဒီယံအသုံးကတော့ to be paid peanuts ဖြစ်ပါတယ်။ To be ကို Pay စကားလုံးမှ ဆင်းသက်လာတဲ့ past tense အတိတ်ကိုပြတဲ့ paid နဲ့တွဲပြီး to be paid က လက်ခံရရှိတာကို ဆိုလိုတာဖြစ်ပါတယ်။ Peanuts က မြေပဲတွေ ဆိုတော့ စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်က မြေပဲတွေကို လက်ခံရရှိတယ် ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကလည်း ရှင်းပါတယ် ရတာကလည်း မြေပဲတွေဆိုတော့ သိပ်တန်းဖိုးမရှိဘူး ဖြစ်ပါတယ်။ ဒါကြောင့် to be paid peanuts က ကျမတို့ မြန်မာမှာတော့ နှစ်ပြားတစ်ပဲ တင်စားပြောဆိုတာကို ဆိုလိုပါတယ်။ တနည်းတော့ မဖြစ်စလောက် သိပ်ကိုနည်းပြီးရတာ၊ မတန်တဆနည်းလွန်တာကို ဆိုလိုပါတယ်။ အထူးသဖြင့် လစာရတဲ့နေရာမှာ နည်းလွန်တာဖြစ်ပါတယ်။
ဥပမာ
Mary has a Bachelor degree, but she is paid peanuts for her job. Her salary is very low.
Mary ဟာ ဘွဲ့ရတဦး ဖြစ်ပါတယ်။ ဒါပေမဲ့ သူ့အလုပ်ကို သူကိုပေးတာ သိပ်ကိုနည်းလှတယ်။ သူ့လစာကလည်း အရမ်းနည်းတယ်။
နောက်ဆုံးတင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ on a shoe string ဖြစ်ပါတယ်။ On = အပေါ်မှာ, A = တခု, Shoe = ဖိနပ်၊ String = ကြိုး တို့ဖြစ်ပြီး shoe string က ဖိနပ်ကြိုး ဖြစ်ပါတယ်။ ဒါကြောင့် တိုက်ရိုက်အဓိပ္ပါယ်က ဖိနပ်ကြိုးပေါ်မှာ ဖြစ်ပါတယ်။ ဒီအသုံးဆင်းသက်လာတာကတော့ ၁၉၀၄ ခုနှစ်က shoe string gambler အသုံးကလို့ ဆိုပါတယ်။ Gambler က လောင်းကစားသူ ဖြစ်ပါတယ်။ ဒီလောင်းကစားသူဟာ ဖိနပ်ကြိုးသာသာလောက်ပဲ လောင်းကြေးတတ်နိုင်တာကို ဆိုလိုပါတယ်။ ဒါကြောင့် ဒီအသုံးရဲ့  အီဒီယံအဓိပ္ပါယ်ကတော့ သိပ်ကိုခြိုးခြံချွေတာ နေရတာကို ဆိုလိုပါတယ်။
ဥပမာ
During my college days, I was living on a shoe string budget.
ကျနော် ကောလိပ်ကျောင်းသားဘဝတုန်းကဆိုရင် ကျနော့်အသုံးစရိတ်က သိပ်ကိုချွေတာပြီး နေရတယ်။