သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မျက်မှောက်သတင်းလောက အီဒီယံအသုံးအနှုန်းများ


မျက်မှောက်သတင်းလောက all options on the table
please wait

No media source currently available

0:00 0:06:11 0:00
တိုက်ရိုက် လင့်ခ်

ဒီတပတ် English American Style Idioms ကဏ္ဍမှာ မျက်မှောက်သတင်းလောကမှာ သုံးနှုန်းနေတဲ့ အီဒီယံအသုံးတချို့ဖြစ်တဲ့ All options on the table, An Olive branch, In the Works တို့ကို တင်ပြထားပါတယ်။

(၁) All options on the table

All options (ရွေးလမ်းအားလုံး)၊ on the table (စားပွဲပေါ်မှာ) ဖြစ်ပြီး စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ရွေးလမ်းအားလုံးကို စားပွဲပေါ်မှာ တင်ထားတာ ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကလည်း သိပ်မကွာလှပါဘူး။ နေ့စဉ်ဘဝမှာ ပြဿနာတွေ၊ ပဋိပက္ခတွေကို ဖြေရှင်းရာမှာ သံတမန်ရေးနည်းပဲဖြစ်ဖြစ်၊ စစ်မက်ရေးရာနည်းပဲဖြစ်ဖြစ် ဖြေရှင်းယူဖို့ နည်းလမ်းပေါင်းစုံ သုံးဖြေရှင်းဖို့ လမ်းဖွင့်ထားတယ်ဆိုတဲ့ သဘောမျိုး ဖြစ်ပါတယ်။ ဒီအသုံးကို လက်ရှိ Venezuela မှာ သမ္မတ Nicolas Maduro နဲ့ သူ့ကိုယ်သူ ယာယီသမ္မတလို့ ကြေငြာထားတဲ့ Juan Guaido ကြား အာဏာလွန်ဆွဲပွဲဖြစ်နေတဲ့ တင်းမာမှုကို ကမ္ဘာက ရင်တမမနဲ့ စောင့်ကြည့်နေချိန်မှာ Juan Guaido ကို ထောက်ခံတဲ့ အမေရိကန်က အခြေအနေကို အနီးကပ်စောင့်ကြည့်နေပြီး စစ်ရေးအရ စွက်ဖက်မှုအပါအဝင် အခြားရွေးချယ်စရာ လမ်းအားလုံးကို ဖွင့်ထားတယ်ဆိုပြီး သမ္မတ Donald Trump ရဲ့ အမျိုးသားလုံခြုံရေး အကြံပေး John Bolton က သတင်း မီဒီယာများကို ပြောခဲ့တဲ့အတွက် The USA Today သတင်းစာကြီးက “Bolton on Venezuela: All options on the table“ ဆိုတဲ့ခေါင်ကြီးနဲ့ ရေးသားခဲ့တာ ဖြစ်ပါတယ်။

ဥပမာ

The company’s chairman told board members that all options are “on the table” to solve the financial problem.

ကုမ္ပဏီဥက္ကဋ္ဌက ငွေကြေးပြဿနာကို ဖြေရှင်းဖို့အတွက် နည်းမျိုးစုံကို ထည့်သွင်းစဉ်းစားဖို့ လမ်းဖွင့်ထားတယ်လို့ ဘုတ်အဖွဲ့ဝင်တွေကို ပြောခဲ့တယ်။

(၂) An Olive branch

An Olive branch (သံလွင်ပင်အခက်) ဖြစ်ပါတယ်။ ရှေ့ဂရိခေတ်တုန်းက သံလွင်ခက်နဲ့လုပ်တဲ့ ပန်းကုံးတွေကို ခေါင်းပေါ်မှာ သရဖူအဖြစ် အမျိုးသမီးတွေ ဆောင်းလေ့ရှိသလို အိုလံပစ်အားကစားပွဲ အနိုင်ရသူတွေကို ဆုချီးမြင့်တဲ့အခါမှာ သံလွင်ခက်နဲ့ လုပ်ထားတဲ့ သရဖူကို ချီးမြင့်လေ့ ရှိပါတယ်။ ရောမအင်ပါယာခေတ်မှာ ငြိမ်းချမ်းရေးကမ်းလှမ်းတဲ့ သင်္ကေတအဖြစ် သုံးလာခဲ့တာပါ။ ချိုးဖြူတကောင်က သံလွင်ခက်ကို ချီထားတဲ့ သင်္ကေတကတော့ ရှေးဦးခရစ်ယာန် အနုပညာကနေ ဆင်းသက်လာပြီး (၁၈) ရာစု ဗြိတိန်နဲ့ အမေရိကန်တို့မှာတော့ ဒါဟာ ငြိမ်းချမ်းရေးသင်္ကေတအဖြစ် အသုံးပြုလာတာ ဖြစ်ပါတယ်။ ဒါကြောင့် An olive branch ရဲ့ အီဒီယမ်အဓိပ္ပါယ်က ငြိမ်းချမ်းရေး လိုလားတာ၊ ရန်လိုမုန်းထားတဲ့စိတ် ပြေငြိမ်ရေး၊ မနှစ်မြိုမှုမကျေနပ်မှုကို ဘေးဖယ်ထားပြီး ပြန်လည်ရင်ကြားစေ့ရေးကို ကမ်းလှမ်းတာ၊ အတိတ်က အာဃတတွေကို သင်ပုန်းချေတာ ဖြစ်ပါတယ်။ ဒီအသုံးကို ပြင်သစ်မှာ ပြီးခဲ့တဲ့နှစ် October ကစတင်ခဲ့တဲ့ အခြေခံလူထုလှုပ်ရှားမှုကြီးဖြစ်တဲ့ Yellow Vests လို့ခေါ်တဲ့ အဝါရောင်အပေါ်အကျီ်ဝတ်ဆန္ဒပြသူတွေနဲ့ သမ္မတ Emmanuel Macron ကြားတင်းမာမှုတွေ ဖြစ်နေရာက Macron က မကြာသေးမီ က ပြုပြင်ပြောင်းလဲရေးတွေ လုပ်ပေးပါမယ်လို့ ကတိပေးပြီး ကြေအေးဖို့ ကမ်းလှမ်းခဲ့တာကို Yellow Vests တွေက လက်မခံတဲ့အတွက် RFI ခေါ် Radio France International က “Yellow Vests refuse Macron's olive branch” ဆိုတဲ့ ခေါင်းကြီးနဲ့ ရေးသားခဲ့တာ ဖြစ်ပါတယ်။

ဥပမာ

The government held out “an olive branch” to armed groups and agreed to hold cease-fire talks.

အစိုးရက လက်နက်ကိုင်တပ်ဖွဲ့တွေကို ငြိမ်းချမ်းရေးကမ်းလှမ်းပြီး အပစ်ရပ်ဆွေးနွေးဖို့ သဘောတူခဲ့တယ်။

(၃) In the Works

In (အထဲမှာ)၊ the works (အလုပ်တွေ) ဖြစ်ပြီး စကားစုတခုလုံးရဲ့ လုံးကောက်အဓိပ္ပါယ်က အလုပ်တွေထဲမှာ ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကတော့ တခုခုအတွက် အစီအစဉ်တွေချထားပြီ၊ ပြင်ဆင်နေပြီ၊ တင်လုပ်ကိုင်နေပြီ ဖြစ်ပါတယ်။ ဒီအသုံးကို နံမည်ကြီး တရုတ်တယ်လီဖုန်း ကုမ္ပဏီကြီးဖြစ်တဲ့ Huawei က Internet အား 5G နဲ့ ကမ္ဘာပေါ်မှာ ပထမဆုံး TV ကို ဒီနှစ်ကုန်မှာ ထုတ်နိုင်ဖို့ စတင်တည်ထွင်လုပ်နေပြီလို့ သတင်းတွေ ထွက်နေတဲ့အတွက် cnet.com မှာ “Huawei 8 K 5G TV reportedly in the works for later this year” ဆိုတဲ့ ခေါင်းကြီးနဲ့ ရေးသားခဲ့တာ ဖြစ်ပါတယ်။

ဥပမာ

John said he had a documentary film “in the works.”

John က သူမှတ်တမ်းတင် ရုပ်ရှင်ဇာတ်ကားရိုက်ဖို့ ပြင်ဆင်နေပြီလို့ ပြောခဲ့တယ်။

XS
SM
MD
LG