သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မျက်မှောက်နိုင်ငံရေးလောကဆိုင်ရာ အီဒီယံအသုံးအနှုန်းများ


FILE - Construction crews install new border wall sections, Jan. 9, 2019, seen from Tijuana, Mexico.
FILE - Construction crews install new border wall sections, Jan. 9, 2019, seen from Tijuana, Mexico.
တိုက်ရိုက် လင့်ခ်

ဒီတပတ် English American Style Idioms ကဏ္ဍမှာ မျက်မှောက်နိုင်ငံရေးးလောကမှာ သုံးနှုန်းနေတဲ့ အီဒီယံအသုံးအနှုန်းတချို့ဖြစ်တဲ့ Back down, Bring to one’s knees နဲ့ Blink first တို့ ဖြစ်ပါတယ်။

(၁) Back down

Back (အနောက်)၊ down (အောက်) ဖြစ်ပြီး ဒီစကားလုံးရဲ့ အီဒီယံအဓိပ္ပါယ်က နောက်ကိုဆုတ်ပေးလိုက်တာ၊ လျှော့ပေးလိုက်တာ၊ ခြိမ်းခြောက်ပေမယ့် နောက်ဆုံး တကယ်မလုပ်ဘဲ စိတ်လျှော့လိုက်တာကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီအသုံးကို အမေရိကန်အစိုးရ တစိတ်တပိုင်း ပိတ်ရတဲ့အချိန် (၃၅) ရက် ရလာပြီးတဲ့ သောကြာနေ့က သမ္မတ Donald Trump က မက္ကစီကိုတံတိုင်း ဆောက်လုပ်ဖို့ သူ တောင်းထားတဲ့ ဒေါ်လာ ၅.၇ ဘီလီယံကို အောက်လွှတ်တော်ဥက္ကဋ္ဌ Nancy Pelosi ဦးဆောင်တဲ့ ဒီမိုကရက်အမတ်တွေက သဘောမတူမချင်း၊ အစိုးရကို ဘယ်လောက်ကြာပါစေ သူပိတ်ထားမယ်လို့ သူ မောင်းတင်ထားပေမယ့် နောက်ဆုံးမှာ အစိုးရပြန်ဖွင့်နိုင်ဖို့ သဘောတူအလျှော့ပေးလိုက်ရတဲ့အတွက် Washington Post သတင်းစာကြီးမှာ Trump just ran into a woman who told him 'No,' and he backed down ဆိုပြီး၊ Trump က သူကို ငြင်းနိုင်တဲ့ အားရှိတဲ့အမျိုးသမီးတဦးနဲ့ နောက်ဆုံးရင်ဆိုင်ခဲ့ရပြီးနောက် အလျှော့ပေးလိုက်ရတဲ့ဆိုတဲ့ ခေါင်းကြီးနဲ့ ရေးသားခဲ့တာ ဖြစ်ပါတယ်။

ဥပမာ

Mary backed down on her demand to get promotion at work.

Mary က အလုပ်မှာ သူရာထူးတိုးပေးဖို့ တောင်းဆိုတာကို အလျှော့ပေးလိုက်တယ်။

(၂) Bring to one’s knees

Bring to (ဖြစ်စေတာ)၊ one’s knees (လူတဦးတယောက်ရဲ့ ဒူး) ဖြစ်ပြီး စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က လူတဦးတယောက်ကို ဒူးထောက်စေတာ ဖြစ်ပါတယ်။ အီဒီယံဆိုတဲ့ သွယ်ဝိုက်အဓိပ္ပါယ်ကတော့ လူတဦးဦးကို အလျှော့ပေးရတာ၊ အရှုံးပေးရတဲ့ အခြေအနေနဲ့ ရင်ဆိုင်ရတာ ဖြစ်ပါတယ်။ ကျမတို့မြန်မာမှာလည်း ဒူးထောက်အရှုံးပေးတယ်ဆိုတဲ့ အသုံးလည်းရှိတာ ဖြစ်ပါတယ်။ ဒီအသုံးကို အမေရိကန်အစိုးရက တစိတ်တပိုင်း ပိတ်ထားရတဲ့ အခြေအနေဟာ သမ္မတ Trump နဲ့ အောက်လွှတ်တော်ဥက္ကဋ္ဌ Nancy Pelosi တို့ အပြန်အလှန် တင်းထားကြခဲ့ရာမှာ နောက်ဆုံး သမ္မတ Trump က သူ လိုချင်တဲ့ တံတိုင်းဆောက်ဖို့ ငွေမရပေမယ့်လဲ အစိုးရပြန်ဖွင့်နိုင်ဖို့ သဘောတူလက်မှတ် ရေးထိုးလိုက်တဲ့အတွက် CNN သတင်းမှာ Pelosi brought Trump to his knees .. Pelosi ကို Trump က ဒူးထောက်အရှုံးပေးလိုက်ရတယ်ဆိုတဲ့ ခေါင်းကြီးနဲ့ ရေးသားခဲ့တာ ဖြစ်ပါတယ်။

ဥပမာ

The labor strike brought the government to its knees.

အလုပ်သမားသပိတ်မှောက်လိုက်တာဟာ အစိုးရအနေနဲ့ မရှုမလှခံလိုက်ရပြီး အရှုံးပေးလိုက်လျောလိုက်ရတယ်။

(၃) Blink first

Blink (မျက်တောင်ခတ်တာ)၊ first (ဦးစွာအရင်) ဖြစ်ပြီး စကားစုတခုလုံးရဲ့တိုက်ရိုက်အဓိပ္ပါယ်ကတော့ မျက်တောင်ကို အရင်ခတ်တာ ဖြစ်ပါတယ်။ ဒီအသုံးဆင်းသက်လာတာကတော့ ကလေးတွေ တဦးနဲ့တဦးစိုက်ပြီး ဘယ်သူက မျက်တောင်အရင်ခတ်မလဲဆိုပြီး ပြိုင်ကြတဲ့ကစားနည်းကနေ ဆင်းသက်လာတာ ဖြစ်ပါတယ်။ မျက်တောင်အရင်ခတ်တဲ့လူက ရှုံးတာ ဖြစ်ပါတယ်။ နေ့စဉ်ဘဝမှာလည်း လူတွေအနေနဲ့ တယောက်နဲ့တယောက် စိန်ခေါ်ကြရာမှာ ဘယ်သူက အရင်လျှော့ပေးမလဲဆိုတဲ့ အားပြိုင်မှုမှာ အရင်အလျှော့ပေးလိုက်တဲ့လူဟာ Blink first လုပ်တဲ့လူပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီအသုံးရဲ့ အီဒီယံအဓိပ္ပါယ်ကတော့ အရင်အလျှော့ပေးလိုက်တာ၊ တဘက်နဲ့တဘက် အကြီးအကျယ်စိတ်ခေါ်ရာကနေ တဘက်ကနေ အရင်လျှော့ပေးလိုက်တာကို ဆိုလိုတာဖြစ်ပါတယ်။ ဒီအသုံးကို အမေရိကန်အစိုးရ တစိတ်တပိုင်း ပိတ်ထားရတဲ့ကာလအတွင်းမှာ သမ္မတ Trump နဲ့ အောက်လွှတ်တော်ဥက္ကဋ္ဌ Nancy Pelosi တို့ကြား သမ္မတရဲ့ နိုင်ငံတော်အခြေပြမိန့်ခွန်း ပြောကြားမယ့်ကိစ္စနဲ့ ပတ်သက်လို့ အောက်လွှတ်တော်ဥက္ကဋ္ဌ Nancy Pelosi က စီစဉ်ထားတဲ့ ဇန်နဝါရီလ (၂၉) ရက်နေ့မှာ ပြောခွင့်မပေးနိုင်ဘူးလို့ ပြောဆိုရာကနေ သမ္မတကလည်း တင်းထားရာကနေ နောက်ဆုံးမှာ သမ္မတကနေ အစိုးရရုံးတွေ ပြန်ဖွင့်မှာပဲ သူပြောတော့မယ်လို့ ဆုံးဖြတ်ခဲ့တဲ့အတွက် newser.com မှာ Trump Blinks First in SOTU Standoff ခေါင်းကြီးနဲ့ ရေးသားခဲ့တာ ဖြစ်ပါတယ်။

ဥပမာ

We wonder who will blink first at the trade war between US and China.

အမေရိကန် နဲ့ တရုတ်တို့ကြား ကုန်သွယ်ရေးစစ်ပွဲမှာ ဘယ်သူက အရင်လျှော့ပေးမလဲဆိုတာကို ကျနော်တို့ တွေးတောကြည့်နေတယ်။

ဒီတပတ်တင်ပြခဲ့တဲ့ အီဒီယံအသုံးအနှုန်းများမှာ Back down, Bring to one’s knees နဲ့ Blink first တို့ ဖြစ်ကြပါတယ်။

XS
SM
MD
LG