သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Cake စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ


As easy as a piece of cake
As easy as a piece of cake
ဒီတပတ် English Learning: American Idioms and Expressions ကဏ္ဍမှာ ကိတ်မုန့် (cake) လို့ အဓိပ္ပါယ်ရတဲ့ အီဒီယံ အသုံးအနှုန်းများဖြစ်တဲ့ Piece of cake, To take the cake နဲ့ Icing on the cake တို့ကို တင်ပြထားပါတယ်။

Piece of cake

Piece (အပိုင်းတပိုင်း) of cake (ကိတ်မုန့်) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ကိတ်မုန့်တချပ် ဒါမှမဟုတ် ကိတ်မုန့်တတုံး ဖြစ်ပါတယ်။ ဒီအသုံးရဲ့ အီဒီယံအဓိပ္ပါယ်ကလည်း ရှင်းပါတယ်။ ကိတ်မုန့်ဆိုတော့ မွေးနေ့တွေ၊ မင်္ဂလာဆောင်တွေ စသဖြင့် အခမ်းအနားတွေမှာ မပါရင်မဖြစ်တဲ့ သိပ်ကိုချိုမြိန်၊ အရသာရှိတဲ့ မုန့်မျိုးဖြစ်တာမို့လည်း လူတွေကြိုက်၊ သွားရည်ကျစရာ၊ နှစ်သက်စရာဆိုတော့ တခုခုကို ခိုင်းလို့လုပ်ရမဲ့တာဝန်ုကို ကိတ်မုန့်လိုသဘောထားရင် လုပ်ပေးရမယ့် လူအတွက် အပန်းမကြီးဘဲ လွယ်လွယ်လေးနဲ့ လုပ်ပေးနိုင်တဲ့ဟာမျိုးကို ရည်ညွှန်းပြောတာ ဖြစ်ပါတယ်။ တနည်းတော့ လိုလိုချင်ချင်နဲ့ လုပ်ပေးနိုင်တာ၊ လုပ်ပေးရမှာ အပန်းမကြီးတာ၊ သိပ်ကိုလွယ်တာကို ဆိုလိုပါတယ်။
ဒီအသုံးနဲ့ ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
The report for my boss today was a piece of cake! I finished it in a few minutes.

ကျနော့်ဆရာကို ဒီနေ့ ကျနော် အစီရင်ခံစာ တင်ရတာ လွယ်မှလွယ်ပေါ့။ မိနစ်အနည်းငယ်အတွင်း ကျနော် ပြီးသွားခဲ့တယ်။

To take the cake

To take (ယူသည်) the cake (ကိတ်မုန့်) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ကိတ်မုန့်ကိုယူတာ ဖြစ်ပါတယ်။ ကိတ်မုန့်ဆိုတာ ဘယ်နေရာမှာဖြစ်ဖြစ် လူတွေ သတိထားမိကြတဲ့ မုန့်မျိုးဖြစ်တာကြောင့် ဒီအသုံးရဲ့သွယ်ဝိုက်တဲ့ အီဒီယံအဓိပ္ပါယ်ကတော့ အဆိုးမှာပဲဖြစ်ဖြစ် အကောင်းမှာပဲဖြစ်ဖြစ် လူတွေကို သတိထားမိစေတဲ့ ထူးခြားတဲ့၊ ထိပ်တန်းဖြစ်တဲ့အရာ၊ ဒါမှမဟုတ် ပုဂ္ဂိုလ်၊ ဒါမှမဟုတ် အဖြစ်အပျက် စသဖြင့်ကို ဆိုလိုတာဖြစ်ပါတယ်။ ကျမတို့မြန်မာအသုံးမှာတော့ ရှယ်ပဲပေါ့ရှင်။
ဒီအသုံးအနှုန်းနဲ့ ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
I’ve seen very good movies. But, Titanic takes the cake!
ကျနော် သိပ်ကိုကောင်းတဲ့ ရုပ်ရှင်တွေ ကြည့်ဘူးပါတယ်။ ဒါပေမဲ့ Titanic ကတော့ ထိပ်ဆုံးပါပဲဗျာ

Icing on the cake

Icing (ကိတ်မုန့်ကို အလှလည်းဆင်၊ ပိုလည်း အရသာရှိစေတဲ့ cream နို့မလိုင် သကြားအချိုနှင့် ရောခေါက်ပြီး လုပ်ထားတာ ဖြစ်ပါတယ်) on (အပေါ်မှာ) the Cake (ကိတ်မုန့်) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ကိတ်မုန့်ပေါ် cream အချိုတင်လိုက်တာပေါ့။ ကိတ်မုန့်ပေါ်က cream အချိုဆိုတော့ စဉ်းစားပဲ ကြည့်ပါ။ နဂိုက ကောင်းနေပြီးသား၊ ကောင်းနေတဲ့ ကိတ်မုန့်အပေါ်မှာ ပိုပြီးအရသာရှိစေမယ့် cream အချိုကို ထပ်ထည့်ထားတယ်ဆိုရင် ခေတ်စကားအရ စောစောကပြောသလို ရှယ်ပေါ့။
ဒီအသုံးအနှုန်းနဲ့ ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
I was so happy to meet with the famous movie star at the football game. But, getting a photo with her was icing on the cake.
ဘောလုံးပွဲမှာ နာမည်ကြီး ရုပ်ရှင်မင်းသမီးနဲ့ သွားပြီးတွေ့လိုက်ရတာ ဝမ်းသာလိုက်တာဗျာ။ သူနဲ့တွဲပြီး ဓါတ်ပုံ ရိုက်ခွင့်ရတာကတော့ အထူးရှယ်ပေါ့။

ဒီသတင်းပတ် တင်ပြပေးခဲ့တဲ့ Idioms အသုံးတွေက Piece of cake, To take the cake နဲ့ Icing on the cake တို့ ဖြစ်ကြပါတယ်။
XS
SM
MD
LG