သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Cookie စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ


An aerial view of a partially submerged airplane in a flood area in Chennai, India
An aerial view of a partially submerged airplane in a flood area in Chennai, India

ဒီတပတ် English Learning: American Idioms and Expressions ကဏ္ဍမှာ ဘီစကွတ် ဒါမှမဟုတ် နန်ကထိုင်လို အချိုမုန့်မျိုးကိုခေါ်တဲ့ Cookie ကို အခြေခံတဲ့ အီဒီယံအသုံးအနှုန်းများဖြစ်တဲ့ Cookie-cutter, Smart cookie နဲ့ Tough cookie တို့ကို တင်ပြထားပါတယ်။

(၁) Cookie-cutter

Cookie ဟာ အမေရိကန်သုံးအင်္၈လိပ်စာဖြစ်ပြီး (နန်ကထိုင်လို အချိုမုန့်မျိုး)ကိုခေါ်တာဖြစ်ပါတယ်။ကျမတို့မြန်မာမှာ ဗြိတိသျှသုံး အင်္၈လိပ်စာ ဖြစ်တဲ့ Biscuit နှင့်အတူတူဖြစ်ပါတယ်။ အခုခေတ်ဒီလိုမုန့်ကိုပြည်တွင်းမှာကြော်ငြာရာ မှာလည်း Cookie စကားလုံးကိုဘဲသုံးထားတာတွေ့နေရပါပြီ။ Cutter က (ဖြတ်တာ) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ကွတ်ကီးမုန့်ကို ဖြတ်တဲ့ပစ္စည်းပေါ့။ ဘီစကွတ်လို ကွတ်ကီးမုန့်မျိုးကို ဖုတ်မယ်ဆိုရင် ဂျူံ၊ သိကြား၊ နို့၊ ကြက်ဥ စသဖြင့်ရောနယ်ပြီး အပြားလိုက်လှိမ့်ရတာ ဖြစ်ပါတယ်။ Dough လို့ခေါ်တဲ့ အဲဒီလှိမ့်ထားတဲ့၈ျုံအပြားကို ကိုယ်လိုချင်တဲ့ အဝိုင်း၊ လေးထောင့်၊ တြိဂံ၊ ကြယ် စသဖြင့် ဖြစ်နိုင်ဖို့ရာက သံ ဒါမှမဟုတ် ပလက်စတစ်နဲ့ လုပ်ထားတဲ့ ပုံသွင်းပြီးဖြတ်တဲ့ပစ္စည်းကို သုံးရတာ ဖြစ်ပါတယ်။ အဲဒီပစ္စည်းကို Cookie-cutter လို့ ခေါ်တာဖြစ်ပါတယ်။ အဲဒီ Cookie-cutter ကိုဂျူံပြားပေါ်မှာ ဖိလိုက်မယ်ဆိုရင် ကိုယ်လိုချင်တဲ့ပုံစံထွက်လာတာ ဖြစ်ပါတယ်။ ဒီနောက် မုန့်ဖုတ်တဲ့ Oven မီးဖို မှာထည့်ဖုတ်ရတာ ဖြစ်ပါတယ်။ Cookie-cutter ကို သုံးပြီးတော့ ဖြတ်မယ်ဆိုရင် ၊ ကိုယ်ပုံစံသွင်းဖြတ်တဲ့အတိုင်း အားလုံးက တပုံစံတည်း ထွက်လာတာ ဖြစ်ပါတယ်။ ဒါကြောင့် Cookie-cutter ဆိုတဲ့ အီဒီယံအဓိပ္ပါယ်ကတော့ ပုံစံအားလုံးတူနေတာ၊ တပုံစံတည်း ထွက်လာတာ၊ တထေရာတည်း ဖြစ်နေတာမျိုးကို ဆိုလိုတာဖြစ်ပါတယ်။ ဒီ အီဒီယံဟာ နာမဝိသေသန (adjective) အဖြစ် သုံးထားတာဖြစ်တဲ့ အတွက်ကြောင့်လည်း သူ့ရဲ့အနောက်မှာ နာမ် (noun) ဆိုတာကို အမြဲပဲ လိုက်ရတာ ဖြစ်ပါတယ်။ ဥပမာ တခုခုကိုလုပ်ဆောင်ရာမှာ ဒီဇိုင်းပုံတွေကတထေရာထဲဖြစ်နေရင် Cookie-cutter designs လို့ရည်ညွှန်းပြောနိုင်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

This neighborhood has cookie-cutter homes. It must have the same home building company.
ဒီရပ်ကွက်မှာရှိတဲ့ အိမ်တွေကို ကြည့်လိုက်ရင် အားလုံးက တပုံစံတည်းပဲ။ အိမ်ဆောက်တဲ့ကုမ္ပဏီကလည်း တခုတည်း ဖြစ်ပါလိမ့်မယ်။

(၂) Smart cookie

Smart (တော်တာ၊ ဉာဏ်ထက်မြက်တာ)၊ Cookie ကဒီနေရာမှာ စောစောက ရှင်းပြခဲ့တဲ့ အီဒီယံမှာလို ဘီစကွတ်လို၊ နန်ကထိုင်လိုမျိုး မုန့်အချို မဟုတ်ဘဲ လူကိုရည်ညွှန်းသုံးထားတာ ဖြစ်ပါတယ်။ ဒါကြောင့် Smart cookie ဆိုတာ ဉာဏ်ထက်တဲ့လူကို ဆိုလိုတာ ဖြစ်ပါတယ်။ အီဒီယံအဓိပ္ပါယ်ကလည်း အတူတူပါပဲ။ လူရည်လည်တဲ့လူမျိုး၊ ဖြတ်ထိုးဉာဏ်ကောင်းတဲ့၊ ဉာဏ်ထက်တဲ့လူမျိုး၊ ပညာရှိပြီး ပြဿနာကို ဖြေရှင်းနိုင်တဲ့ ဉာဏ်မျိုုးရှိတဲ့လူကို Smart cookie လို့ ရည်ညွှန်းပြောတာ ဖြစ်ပါတယ်။ တော်တယ်၊ တတ်တယ်၊ အားကိုးရတယ်။ တခုခုခိုင်းရင် စိတ်ချရတဲ့လူမျိုးကိုလည်း ရည်ညွှန်းသုံးတာ ဖြစ်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

My niece is a smart cookie. She passed her matriculation with five distinctions.
ကျနော့်ရဲ့တူမက တကယ်ကို ဉာဏ်ထက်မြက်တဲ့ ကောင်မလေးပါ။ (၁၀) တန်း စာမေးပွဲကို (၅) ဘာသာဂုဏ်ထူးနဲ့ အောင်ခဲ့တယ်။

(၃) Tough cookie

Tough (ခံနိုင်ရည်ရှိတာ၊ ခက်ခဲတာ)၊ Cookie က စောစောကအတိုင်း လူပုဂ္ဂိုလ်ကို ရည်ညွန်းတာဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ ခက်တဲ့လူမျိုး ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကတော့ နှစ်မျိုးရှိပါတယ်။ တခုကတော့ ကျမတို့မြန်မာမှာ အတော့ကို မလွယ်တဲ့ လူစားမျိုးကို ဆိုလိုတာဖြစ်ပါတယ်။ စည်းကမ်းကြီးပြီး စာအုပ်ကြီးအတိုင်းလုပ်တာ၊ နားဝင်အောင် ပြောရဆိုရ၊ ဆက်ဆံရခက်တဲ့၊ဂွကျတဲ့လူမျိုးကို Tough cookie လို့ ရည်ညွှန်းသုံးတာလည်း ဖြစ်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

My boss is a tough cookie. He won’t listen to what we want to say.
ကျနော်တို့ ဆရာသမားက တကယ့်ကို မလွယ်တဲ့လူစား။ ကျနော်တို့ ပြောချင်တာကို သူက နားမထောင်ဘူး။

Tough cookie ရဲ့ နောက် အဓိပ္ပါယ်တမျိုးကတော့ ကြမ်းတမ်းလှတဲ့ဘဝကို ခံနိုင်ရည်ရှိတာ၊ အနိုင်မခံအရှုံးမပေး ကြိုးစားလိုတဲ့စိတ်ဓါတ်ရှိတဲ့လူမျိုး၊ ဇွဲကောင်းတဲ့လူမျိုးကိုလည်း Tough cookie လို့ရည်ညွန်းပြောပါတယ်။ ကျမတို့မြန်မာမှာ “မဗေဒါ အံကိုခဲ ပန်းပန်းလျက်ပဲ “ ဆိုတဲ့သီချင်းထဲကလိုဘဝရဲ့ဒဏ်ကို ကြန့်ကြန့်ခံနိုင်တဲ့လူမျိုးကို Tough cookie လို့ ရည်ညွှန်းသုံးပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Mary is a tough cookie. Although she is a widow, she works hard to send all her three kids to college.
Mary က အတော့ကို ဘဝမှာ ခံနိုင်ရည်ရှိတဲ့ လူပါဘဲ။ မုဆိုးမဖြစ်ပေမယ့် သူ့ခလေး (၃) ယောက်စလုံးကို ကောလိပ်ပို့နိုင်အောင် အလုပ်ကို သူသိပ်ကြိုးစားလုပ်ခဲ့တယ်။

ဒီသတင်းပတ် တင်ပြပေးခဲ့တဲ့ Cookie စကားလုံးကိုအခြေခံတဲ့ idioms အသုံးတွေက Cookie-cutter, Smart cookie နဲ့ Tough cookie တို့ ဖြစ်ကြပါတယ်။

XS
SM
MD
LG