သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မျက်မှောက်နိုင်ငံရေးလောကသုံး အီဒီယံအသုံးအနှုန်းများ


တိုက်ရိုက် လင့်ခ်

ဒီတပတ် English Learning: American Idioms and Expressions ကဏ္ဍမှာ မျက်မှောက်နိုင်ငံရေးလောကမှာ သုံးနှုန်းနေတဲ့ အီဒီယံအသုံးအနှုန်းတချို့ဖြစ်တဲ့ Up for grabs, Swing voter နဲ့ Front runner တို့ကို တင်ပြပေးထားပါတယ်။

(၁) Up for grabs

Up (အပေါ်)၊ for (အတွက်)၊ grabs (ဖမ်းယူတာ၊ လုယူတာ၊ ဆွဲယူတာ) ဖြစ်ပြီး စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကဖမ်းယူဖို့၊ လုယူဖို့ အဆင်သင့်ဖြစ်နေတာကို ဆိုလိုပါတယ်။ ပစ္စည်းတခုခုကို အပေါ်ကို ပစ်လိုက်တယ်ဆိုရင် အဲဒီပစ္စည်းဟာ ဘယ်လိုအောက်ကို ပြုတ်ကျလာမလဲဆိုတာကို မှန်းရခက်သလို၊ ဘယ်သူက အဲဒီပစ္စည်းကို လက်ထဲဖမ်းယူနိုင်မလဲဆိုတာလဲ မသေချာပါဘူး။ ဒီသဘောပါပဲ။ အလုပ်အကိုင်တွေမှာ အလုပ်လျှောက်ကြရင် ဘယ်သူက အလုပ်ရမလဲဆိုတာကို အသေအချာ မသိတာ ၊ ရွေးကောက်ပွဲဝင်တဲ့အခါမှာလဲ ဘယ်သူက အနိုင်ရမလဲဆိုတာကို တပ်အပ်မပြောနိုင်တဲ့ အခြေအနေမျိုးမှာ ဒီအီဒီယံကိုရည်ညွှန်းသုံးပါတယ်။ သွယ်ဝိုက်အဓိပ္ပါယ်ကတော့ အခြေအနေတခုခုနဲ့ ပတ်သက်လို့ ဘယ်လိုဖြစ်လာမလဲဆိုတာကို ကြိုတင်ခန့်မှန်းရခက်တာကို ဆိုလိုပါတယ်။ ကျမတို့မြန်မာမှာတော့ အဖြေ ဘယ်လိုထွက်လာမလဲဆိုတာကို ကြိုမပြောနိုင်တဲ့အတွက်ကြောင့် ရသူယူ၊ ဦးသူယူ၊ ထိုက်သူယူ၊ ကြိုးစားတဲ့လူယူဆိုတဲ့သဘောမျိုး ဖြစ်ပါတယ်။ ဒီအသုံးကို နိုင်ငံတော်တရားရုံးချုပ် တရားသူကြီး Anthony Kennedy အနားယူခဲ့တဲ့အတွက် ရှေးရိုးုစွဲ Conservative (၅) ဦးနဲ့ အမြင်ပွင့်လင်းတဲ့ Liberal (၄) ဦး ပါဝင်တဲ့ တရားသူကြီး (၉) ဦးရှိတဲ့ နိုင်ငံတော်တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်တွေမှာ နှစ်ဘက်စလုံးကိုမျှပြီး မဲပေးလေ့ရှိတဲ့ တရားသူကြီး Kennedy အနားယူခဲ့တဲ့အတွက် WJLA သတင်းမီဒီယာက “Ideological tilt of the Supreme Court up for grabs”နိုင်ငံတော်တရားရုံးချုပ်ရဲ့ အတွေးအခေါ်အယူအဆတွေ ဘယ်ဘက်ကိုယိမ်းမယ်ဆိုတာကို ကြိုတင်ခန့်မှန်းရခက်နေပြီဆိုတဲ့ ခေါင်းကြီးနဲ့ ရေးသားခဲ့တာ ဖြစ်ပါတယ်။

ဥပမာ
I don’t know who will get the job. It’s up for grabs.

အဲဒီအလုပ်ကို ဘယ်သူရမလဲကျနော်မသိဘူး၊ ကြိုတင်ခန့်မှန်းရခက်ပါတယ်။

(၂) Swing voter

Swing (လွှဲတာ၊ ယိမ်းတာ)၊ voter (မဲပေးသူ) ဖြစ်ပြီး စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကယိမ်းပြီးမဲပေးသူ ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်က နိုင်ငံရေးမှာဖြစ်ဖြစ်၊ သဘောထားခံယူချက်မှာဖြစ်ဖြစ် ပါတီစွဲ၊ တယူသန်စွဲ မရှိဘဲ ဟိုဘက်ဒီဘက်ပြောင်း မဲပေးတဲ့လူမျိုးကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲတွေမှာ Swing voters တွေများခဲ့ရင် ဘယ်ပါတီက အနိုင်ရမလဲဆိုတာကို ကြိုတင်ဟောကိန်းထုတ်ရတာ ခက်တဲ့အတွက်ကြောင့် အဲဒီလိုမျိုး ပြည်နယ်တွေကို Swing States လို့ခေါ်တာ ဖြစ်ပါတယ်။ ဒီအသုံးကို အနားယူမယ်လို့ကြေငြာခဲ့တဲ့နိုင်ငံတော်တရားရုံးချုပ် တရားသူကြီး Anthony Kennedy ဟာ Republican သမ္မတ Ronald Reagan လွန်ခဲ့တဲ့ နှစ် (၃၀) က ခန့်အပ်ခဲ့တဲ့ Conservative ရှေးရိုးစွဲအမြင်ရှိသူ ဖြစ်ပေမယ့် ၊ သူက တရားသူကြီး (၉) ဦးထဲမှာ တရားရုံးတော်ရဲ့ ဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်လို့ မဲပေးရာမှာ သူ့အသိစိတ်အတိုင်း ဆုံးဖြတ်မဲပေးလေ့ ရှိတဲ့အတွက်ကြောင့် သူ့မဲဟာ အရေးကြီးတာလည်း ဖြစ်ပါတယ်။ ဒါကြောင့်လဲ NPR သတင်းဌာနက Supreme Court to lose its swing voter ခေါင်းကြီးနဲ့ နိုင်ငံတော်တရားရုံးချုပ်အနေနဲ့ နှစ်ဘက်မျှတ မဲပေးတဲ့လူကို ဆုံးရှုံးတော့မယ်လို့ ရေးသားခဲ့တာ ဖြစ်ပါတယ်။

ဥပမာ
Swing voters usually vote across the party lines.

ဘယ့်သူ့အတွက်မဲပေးမလဲ ဆိုတာကြိုတွက်လို့မရတဲ့မဲဆန္ဒရှင်တွေဟာ ပါတီစွဲကင်းပြီး မဲပေးလေ့ ရှိကြတယ်။

(၃) Front runner

Front (အရှေ့)၊ runner (ပြေးနေသူ) ဖြစ်ပြီး စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ရှေ့ကပြေးနေသူ ဖြစ်ပါတယ်။ ဒီအသုံးရဲ့ အီဒီယံအဓိပ္ပါယ်က ရှင်းပါတယ်။ ရွေးကောက်ပွဲတွေမှာ အနိုင်ရဖို့ အခြေအနေ အကောင်းဆုံးလူ၊ အလုပ်ခန့််ရာမှာလည်း အလုပ်ခန့်ရဖို့ အလားအလာ အရှိဆုံးလူကို ဆိုလိုတာ ဖြစ်ပါတယ်။ ကျမတို့ မြန်မာဘန်းစကားမှာတော့ ရှေ့ကတစ်ပြေးနေသူလို့ဆိုရင် မမှားပါဘူး။ ဒီအသုံးကို ဇူလိုင်လကုန်မှာ အနားယူတော့မယ်လို့ ကြေညာခဲ့တဲ့ နိုင်ငံတော်တရားရုံးချုပ် တရားသူကြီး Anthony Kennedy ရဲ့နေရာမှာ၊ အစားထိုးခန့်အပ်ဖို့ တစ်ပြေးနေသူတွေနဲ့ ပတ်သက်လို့ New York Times သတင်းစာကြီးက The front-runners and full list of potential Supreme Court nominees တစ်ပြေးနေသူတွေနဲ့ နိုင်ငံတော်တရားရုံးချုပ် တရားသူကြီးအဖြစ် ခန့်အပ်ဖို့ အမည်တင်သွင်းခြင်း ခံရမဲ့ အလားအလာ ရှိသူတွေရဲ့ စာရင်းအပြည့်အစုံ ဆိုပြီးတော့ ရေးသားဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ဥပမာ
Mr. Brown, our party’s candidate is the front runner to win the mayor’s race.

ကျနော်တို့ပါတီကိုယ်စားလှယ် Mr. Brown ဟာ မြို့တော်ဝန်ရွေးကောက်ပွဲမှာအနိုင်ရရှိဖို့တစ်ပြေးနေသူ ဖြစ်တယ်။

ဒီသတင်းပတ် တင်ပြပေးခဲ့တဲ့ idioms အသုံးတွေက Up for grabs, Swing voter နဲ့ Front runner တို့ ဖြစ်ကြပါတယ်။

XS
SM
MD
LG