သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Day စကားလုံးဆိုင်ရာ အီဒီယအသုံးအနှုန်းများ


ဒီတပတ် English Learning: America Idioms and Expressions ကဏ္ဍမှာ နေ့ (day) စကားလုံး အီဒီယံ အသုံးအနှုန်းများဖြစ်တဲ့ red letter day, call it a day, bad hair day နဲ့ gone for the day တို့ကို တင်ပြထားပါတယ်။

ပထမဦးဆုံး တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ red letter day ဖြစ်ပါတယ်။ Red = အနီရောင်, Letter = စာ (သို့) စာလုံး, Day = နေ့ (သို့) ရက် တို့ဖြစ်ကြပြီး စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ စာလုံးအနီရောင်နေ့ ဖြစ်ပါတယ်။ သောတရှင်မား calendar (ပြက္ခဒိန်) ကို ကြည့်မယ်ဆိုရင် တစ်နှစ်မှာ လပေါင်း (၁၂) လရှိတဲ့ လတွေဟာ သာမန်ရက်တွေဖြစ်ရင် ဂဏန်းတွေကို အမဲရောင်နဲ့ ပုံနှိပ်ထားတာ တွေ့နိုင်ပြီး၊ နေ့ထူးနေ့ရက်တွေမှာတော့ ဂဏန်းတွေကို အနီရောင်နဲ့ ပုံနှိပ်ထားတာကို သတိထားကြမိမှာပါ။ ကျမတို့ မြန်မာပြက္ခဒိန်မှာဆို ဘာသာရေး ရက်ကြီးအခါကြီးတွေ၊ သင်္ကြန်လို နှစ်သစ်ကူးချိန်၊ မြန်မာ့လွတ်လပ်ရေးနေ့တို့လို တနိုင်ငံလုံးအဆင့်နဲ့ ရုံးပိတ်ပေးရတဲ့ နေ့ထူးနေ့မြတ်များအတွက် ပြက္ခဒိန်မှာ နေ့ကိုရည်ညွှန်းတဲ့ ဂဏန်းတွေကို အနီရောင်နဲ့ ပုံနှိပ်ထားတာကို တွေ့ရပါလိမ့်မယ်။ ဒါကြောင့် red letter day ရဲ့ အီဒီယံအဓိပ္ပါယ်က ကိုယ့်ဘဝမှာ အရေးကြီးတဲ့နေ့ ကို ဆိုလိုပါတယ်။ ဥပမာ ကိုယ် လက်ထပ်တဲ့နေ့၊ ကိုယ့်သားလေး၊ သမီးလေး မွေးတဲ့နေ့၊ ဘဝမှာ ထူးခြားတဲ့နေ့၊ မေ့မရနိုင်တဲ့နေ့တွေ ဖြစ်ပါတယ်။

ဒီအသုံးနဲ့ ပတ်သက်လို့ George Grow ပေးထားတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

The day my son was born was a red letter day for me. He is also the first grandchild for my parents.

ကျနော့်သားလေး မွေးတဲ့နေ့ကတော့ ကျနော့်အတွက် မေ့မရတဲ့ နေ့ထူးပါ။ သူက ကျနော့် မိဘတွေအတွက်လည်း မြေးဦးလေး ဖြစ်ပါတယ်။

ဒုတိယတင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ call it a day ဖြစ်ပါတယ်။ Call = ခေါ်သည်၊ It = တစ်ခုခုကို ရည်ညွှန်းတဲ့ နာမ်စား၊ A = တစ်ခု၊ Day = နေ့ (သို့) ရက် တို့ဖြစ်ကြပြီး စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ရက်တရက်ကို ခေါ်လိုက်သည် ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်က နှစ်မျိုး ရှိပါတယ်။ ပထမ အဓိပ္ပါယ်က တစ်နေ့အတွက် လုပ်နေတဲ့အလုပ်ကို အဆုံးသတ်လိုက်တာ။ ဒီနေ့အတွက်တော့ အလုပ်လက်စသတ်ပြီး အိမ်ပြန်တော့မယ်ဆိုရင် call it a day လို့ ပြောဆိုနိုင်ပါတယ်။ ဒုတိယအဓိပ္ပါယ်ကတော့ ကိုယ်တောက်လျှောက် လုပ်လာတဲ့အလုပ်ကို ဆက်မလုပ်တော့ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။ ဥပမာ အားကစားသမားတွေ အများအဖြစ်ဟာ အသက်တွေ ရလာပြီဆိုရင် ပြိုင်ပွဲဝင်အဆင့် ကြေးစားအဆင့်ကနေ အနားယူလေ့ ရှိကြတော့ ဒီလိုမျိုး အနားယူကြတယ်ဆိုရင် သူတို့ အသက်မွေးဝမ်းကြောင်းကနေ call it a day လို့ ပြောဆိုကြပါတယ်။ တနည်းတော့ ကိုယ်လုပ်နေတာကို တော်လောက်ပြီလို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

ဒီအသုံးနဲ့ ပတ်သက်လို့ George Grow ပေးထားတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

After forty years of working for the government, I am finally calling it a day.
အစိုးရအလုပ်မှာ နှစ်ပေါင်း (၄၀) လုပ်လာပြီးတော့ ကျနော်တော့ အခုနောက်ဆုံး အနားယူတော့မယ်ဗျာ။

Call it a day ရဲ့ နောက်အဓိပ္ပါယ်တမျိုးဖြစ်တဲ့ တစ်နေ့စားအတွက် ကိုယ်လုပ်နေတဲ့အလုပ်ကို လက်စသတ်ဖို့ ရည်ညွှန်းသုံးထားတဲ့ George Grow ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Today has been a very busy day for me. After working eight hours without a break, I’m calling it a day.

ဒီကနေ့က ကျနော့်အတွက် အလုပ်များနေ့ နေ့တနေ့ ဖြစ်တယ်။ (၈) နာရီတောက်လျှောက် အနားမယူဘဲ ဆက်တိုက်အလုပ်လုပ်ခဲ့တယ်။ ကျနော်တော့ ဒီနေ့အလုပ်ကို လက်စသတ်တော့မယ်။

ဆက်လက်တင်ပြပေးမယ့် အသုံးအနှုန်းမှာ bad hair day ဖြစ်ပါတယ်။ Bad = ဆိုးသော၊ မကောင်းသော၊ Hair = ဆံပင်၊ Day = နေ့ (သို့) ရက် တို့ဖြစ်ကြပြီး တိုက်ရိုက်အဓိပ္ပါယ်က ဆံပင်မကောင်းတဲ့ နေ့ရက် ဖြစ်ပါတယ်။ ဒီနေရာမှာ ဆံပင်ဆိုတော့ ကျမတို့ မြန်မာအသုံး ဆံပင်ပုံပျက်နေတဲ့ ရက်လို့ ဆိုနိုင်ပါတယ်။ အိမ်ကနေ အပြင်ကိုထွက်မယ်၊ အလုပ်ကိုသွားမယ်ဆိုရင် ဘယ်သူမဆို ကိုယ့်ကိုလူမြင်တော်အောင် အင်္ကျ ီဝတ်၊ မျက်နှာပြင်၊ အထူးသဖြင့် ဆံပင်ကို ကြော့နေအောင် ဖီးလိမ်းကြတာ အားလုံးအသိဖြစ်ပါတယ်။ ကျမတို့ မြန်မာအမျိုးသမီးတွေဆို ပိုလို့ဆိုးပါတယ်။ ဒါကြောင့် အိမ်ကနေထွက်လာတာ ခေါင်းတောင်ဖီးဖို့ အခြေအနေမပေးဘူး၊ ပုံပျက်နဲ့ထွက်လာတဲ့လူဆိုရင် သူ့အိမ်မှာ ဘယ်လောက်စိတ်ဆိုးစရာ၊ မကျေနပ်စရာတွေကို ရင်ဆိုင်နေရတယ်ဆိုတာ သောတရှင်များ စဉ်းစားကြည့်နိုင်ပါတယ်။

ဒါကြောင့် လူတစ်ဦးက have a bad hair day ဆိုရင် ဒီလူ အိမ်ကထွက်လာကတည်းက စိတ်တိုလာတာ။ ဒါကြောင့်မို့ အဲဒီလူနဲ့ ဆက်ဆံရာမှာ သတိထားဖို့ လိုပါလိမ့်မယ်။ ကျမတို့ မြန်မာလူအဖွဲ့အစည်းမှာတော့ နောက်ပြောင်ပြောလေ့ ရှိတာကတော့ အိမ်ကမိန်းမ၊ ယောကျ်ားနဲ့ စိတ်ဆိုးပြီး ထွက်လာသလားပေါ့။ ဘယ်လိုအကြောင်းပဲ ရှိပါစေ စိတ်လက်တဆစ်ရှိပြီး စိတ်တိုနေတာကို ဘာကြောင့်ရယ်လို့ မပြောဘဲ ဒီနေ့တော့ ငါ့အတွက် စိတ်တိုစရာတွေပဲနဲ့ တွေ့နေတယ်။ တစ်နေ့လုံး ဘာလုပ်လုပ် အဆင်မပြေဘူးဆိုရင် ခြုံပြီး နားကြားကောင်းအောင် I have a bad hair day လို့ ပြောဆိုသုံးလေ့ရှိပါတယ်။ တခါတရံ ကျမတို့မြန်မာမှာ ပြဿဒါးရက်များ ဖြစ်လေ့သလားလို့ ပြောသလို ဖြစ်ပါတယ်။

ဒီအသုံးနဲ့ ပတ်သက်လို့ George Grow ပေးထားတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

This has been a bad hair day for me. I could not find my car keys and was late for work making me miss an important meeting. What more I also lost my wallet.

ဒီကနေ့ကတော့ ကျနော့်အတွက် ဘာလုပ်လုပ် အဆင်မပြေတဲ့နေ့ ဖြစ်နေတယ်။ ကျနော့် ကားသော့ ရှာမတွေ့ဘူး။ ကျနော် ရုံးနောက်ကျတော့ အရေးကြီးတဲ့ အစည်းအဝေးတစ်ခုလည်း လွတ်သွားခဲ့တယ်။ ဒါတင်မကသေးဘူး ကျနော့် ပိုက်ဆံအိတ်လည်း ပျောက်သွားသေးတယ်။

နောက်ဆုံးတင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ gone for the day ဖြစ်ပါတယ်။ Gone က Go ဆိုတဲ့ အခြေခံဝေါဟာရ စကားလုံးက ဆင်းသက်လာတာဖြစ်ပြီး သွားတယ်လို့ အဓိပ္ပါယ်ရတဲ့ Go ရဲ့ past tense အတိတ်ကို ရည်ညွှန်းတဲ့ went ရဲ့ နောက်တဆင့်ဖြစ်တဲ့ စကားလုံးဖြစ်ပါတယ်၊ For = အတွက်၊ the Day = နေ့ရက် ဖြစ်ပြီး စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ဒီနေ့အတွက်တော့ သွားပြီး ဖြစ်ပါတယ်။ အီဒီယံအဓိပ္ပါယ်ကလည်း ရှင်းပါတယ်။ ဒီနေ့အတွက်တော့ အလုပ်ကနေ အိမ်ပြန်သွားပြီး ပြန်လာတော့မှာ မဟုတ်တော့ဘူးဆိုရင် gone for the day လို့ ရည်ညွှန်းသုံးတာ ဖြစ်ပါတယ်။

ဒီအသုံးနဲ့ ပတ်သက်လို့ George Grow ပေးထားတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

I’m sorry you miss him. He is gone for the day. He said he is not feeling well so he went home early.

ဝမ်းနည်းပါတယ်။ ခင်များ သူနဲ့ လွဲသွားပြီ။ သူ နေသိပ်မကောင်းလို့ အိမ်ကို စောစောပြန်သွားခဲ့ပြီ။
XS
SM
MD
LG