ဒီတပတ် English American Style Idioms ကဏ္ဍမှာ ယူတယ်၊ ရတယ် အဓိပ္ပါယ်ရတဲ့ Get ဝေါဟာရကိုအခြေခံတဲ့ အီဒီယံအသုံးအနှုန်းတချို့ ဖြစ်တဲ့ Get cold feet, Get into hot water နဲ့ Get your act together တို့ကို တင်ပြထားပါတယ်။
(၁) Get cold feet
Get (ဖြစ်တာ)၊ cold (အေးတာ)၊ feet (ခြေထောက်တွေ) ဖြစ်ပြီး၊စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်က ခြေထောက်တွေ အေးစက်လာတာ ဖြစ်ပါတယ်။ လူတွေအနေနဲ့ အထူးသဖြင့် အရေးကြီးတဲ့ကိစ္စတခု လုပ်ရတော့မယ်ဆိုရင် လုပ်ဖို့အချိန်နီးလာလေ၊ ကြောက်စိတ်တွေ၊ သံသယစိတ်တွေ ဝင်လာမှုကြောင့် ကျမတို့မြန်မာမှာ ခြေဖျားလက်ဖျား အေးစက်လာပြီ၊ ဒူးတွေတုန်လာပြီဆိုတဲ့ ဆိုစကားတွေ ရှိသလို၊ အီဒီယံဆိုတဲ့ သွယ်ဝိုက်အဓိပ္ပါယ်ကလည်း အလားတူတယ်လို့ ဆိုရမှာပါ။ ကိုယ့်ဘဝမှာ အပြောင်းအလဲ ဖြစ်စေမယ့်ကိစ္စရပ်မျိုး ၊ စွန့်စားရမဲ့ကိစ္စမျိုး စသဖြင့်နှင့် ပတ်သက်လို့ နီးလာလေ ကြောက်လာလေ၊တွေးလေကြောက်လေဖြစ်ပြီး၊ မဝံ့မရဲ ဖြစ်လာတာ၊ ရင်တုံ ပန်းတုံဖြစ်တာ၊ စိတ်ပြောင်းချင်စိတ် ပေါက်လာတာ၊ ထွက်ပြေးချင်စိတ် ပေါက်လာတာ၊ သူရဲဘောကြောင်စိတ် ဝင်လာတာ စသဖြင့်တို့ကို ဆိုလိုတာ ဖြစ်ပါတယ်။
ဥပမာ
My best friend John’s wedding is next week, but I’m getting worried as he seems to be getting cold feet!
ကျနော့်အခင်ဆုံး သူငယ်ချင်း John ရဲ့  မင်္ဂလာပွဲက နောက်သတင်းပတ်မှာလေ။ ဒါပေမဲ့လဲ သူ့ကြည့်ရတာ အချိန်နီးလာလေ ကြောက်လာနေပုံရတော့ ကျနော်လည်း သူ့အတွက် စိတ်ပူမိတယ်ဗျာ။
(၂) Get into hot water
Get into (အထဲကို ရောက်သွားတာ)၊ hot water (ရေနွေး) ဖြစ်ပြီး၊စကားစုတခုလုံးရဲ့  လုံးကောက်အဓိပ္ပါယ် ရေနွေးထဲရောက်သွားတာ ဖြစ်ပါတယ်။ ရေနွေးထဲကို ကျသွားတယ်ဆိုကတည်းက မလွယ်ကြော ပြမှာကတော့ သေချာပါတယ်။ ဒါကြောင့် ဒီအသုံးရဲ့  အီဒီယံအဓိပ္ပါယ်က လူတဦးအနေနဲ့ ဒုက္ခရောက်တာ၊ ပြဿနာအကြီးအကျယ် ကြုံရတာကို ဆိုလိုတာ ဖြစ်ပါတယ်။
ဥပမာ
The two brothers always get into hot water at school. They keep picking fights with other boys!
အဲဒီ ညီအကိုနှစ်ယောက်က ကျောင်းမှာ အမြဲတမ်း ပြဿနာတက်တယ်။ တခြားကောင်ကလေးတွေကို သူတို့ကသွားပြီး ရန်စလေ့ရှိတယ်။
(၃) Get your act together
Get (ပြုလုပ်ဖို့)၊ your (သင့်ရဲ့ )၊ act (အပြုအမှု၊ လုပ်ရပ်)၊ together (အတူတကွ) ဖြစ်ပြီး၊ စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်က ကိုယ့်လုပ်ရပ်တွေ၊ အပြုအမှုတွေကို အတူတကွ စုထားပါဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကလဲ သိပ်မကွာလှပါဘူး။ ဖရိုဖရဲ၊ ဗရမ်းဗတာ၊ ဟိုလောဒီလော၊ စည်းမရှိ ကမ်းမရှိ လုပ်လေ့လုပ်ထရှိတဲ့ လူတဦးကို စံနစ်တကျလုပ်ဖို့၊ စည်းနဲ့ကမ်းနဲ့လုပ်ဖို့ ၊ ပီပီပြင်ပြင်လုပ်ဖို့ ပြောတာမျိုး ဖြစ်ပါတယ်။
ဥပမာ
John is so disorganized! If he wants to be successful in life, he needs to get his act together!
John က တကယ့်ကို စည်းကမ်းမရှိဘူး။ သူ့အနေနဲ့ ဘဝမှာ အောင်မြင်လိုတယ်ဆိုရင်တော့ လုပ်တာကိုင်တာ စံနစ်တကျရှိဖို့ လိုအပ်တယ်။
ဒီသတင်းပတ် တင်ပြပေးခဲ့တဲ့ Idiom အသုံးတွေက Get cold feet, Get into hot water နဲ့ Get your act together တို့ ဖြစ်ကြပါတယ်။