ဒီတပတ် English American Style Idioms ကဏ္ဍမှာ မျက်မှောက်နိုင်ငံရေးလောကမှာ သုံးနှုန်းနေတဲ့ အီဒီယံအသုံးတချို့  ဖြစ်တဲ့ In the works, Roll your eyes နဲ့  To see eye to eye တို့ကို တင်ပြထားပါတယ်။
(၁) In the works
In (အထဲမှာ)၊ the works (အလုပ်တွေ) ဖြစ်ပြီး စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က အလုပ်တွေထဲမှာ ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက် အဓိပ္ပါယ်က တခုခုဟာ ပြင်ဆင်နေတုန်း အခြေအနေမှာ ရှိတာကို ဆိုလိုပါတယ်။ တနည်းတော့ မပြီးသေးတဲ့ အခြေအနေမျိုးမှာ ရှိနေတာ ဖြစ်ပါတယ်။ ဒီအသုံးကို မေလကုန်မှာ ကျင်းပမယ်လို့ ရည်ရွယ်ထားတဲ့ အမေရိကန်သမ္မတ Donald Trump နဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong-un ကြား ဆွေးနွေးမှုဟာ ဘယ်အခြေအနေမှာ ရှိနေပြီလဲ၊တကယ်ပဲ လုပ်ဖြစ်ပါ့မလားဆိုတဲ့ မေးခွန်းတွေ ထွက်လာတဲ့အတွက်ကြောင့်မို့လဲ အိမ်ဖြူတော်က ပြင်ဆင်နေတုန်းပဲလို့ ထုတ်ပြန်တဲ့အတွက်ကြောင့် Politico.com မှာ White House says Trump's North Korea meeting is still in the works လို့ ရေးသားခဲ့တာ ဖြစ်ပါတယ်။ ဒီ အသုံးနဲ့ပတ်သက်လို့ ဥပမာကို လေ့လာကြည့်ကြရအောင်ပါ။
Myanmar has new energy projects in the works, but we will have to wait and see how they turn out.
မြန်မာနိုင်ငံမှာ စွမ်းအင်စီမံကိန်းသစ်တွေကို စီစဉ်ရေးဆွဲနေတုန်း ဖြစ်ပေမယ့် ဘယ်လို ဖြစ်လာမလဲဆိုတာကိုတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
(2) Roll your eyes
Roll (လှိမ့်တာ၊ ဝေ့တာ၊လည်အောင်လုပ်တာ)၊ your eyes (သင့်မျက်လုံးများ) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က သင့်ရဲ့ မျက်လုံးတွေကိုလည်အောင်လုပ်တာ၊ မျက်လုံးတွေအပေါ်ဝေ့ကြည့်တာ ဖြစ်ပါတယ်။ ဒီအသုံးက လူတဦးရဲ့  စိတ်ခံစားချက်ကို မျက်စိအမှုအရာနဲ့ ပြသရာမှာ အမျိုးမျိုးရှိတဲ့အထဲက တခုကတော့ စိတ်ကုန်၊ စိတ်ပျက်၊ စိတ်မရှည်တဲ့ ခံစားချက်ကို ပြသရာမှာ မျက်စိကိုတပတ်ဝေ့ပြီးအပေါ်ပင့်တင်တဲ့ အမှုအရာကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီအသုံးကို နာမ် (noun) အနေနဲ့တော့ Eye rolling or Eye roll လို့လည်း သုံးကြပါတယ်။ ဒီအသုံးရဲ့  အီဒီယံအဓိပ္ပါယ်ကလူတဦး စိတ်မရှည်တာ၊ စိတ်ပျက်တာ၊ စိတ်ကုန်တာ၊ မယုံနိုင်လောက်အောင် ဖြစ်တာကို မျက်စိအမှုအရာနဲ့ ပြသတာ ဖြစ်ပါတယ်။ ဒီအသုံးကို မကြာသေးခင်က ပြီးဆုံးခဲ့တဲ့ တရုတ်ကွန်မြူနစ်ပါတီလွှတ်တော်ညီလာခံ ကျင်းပစဉ်က သတင်းစာ ရှင်းလင်းပွဲတခုအမှာ သတင်းထောက်အမျိုးသမီးတဦးမေးတဲ့ မေးခွန်းနဲ့ ပတ်သက်လို့ အနားမှာရပ်နေတဲ့ နောက်အမျိုးသမီး သတင်းထောက်တဦးက ဘာတွေလျှောက်မေးနေတာလဲဆိုတဲ့ စိတ်ပျက်တဲ့ အမူအရာ ပြလိုတဲ့အတွက်ကြောင့် မျက်နှာကို တဘက်လွှဲလိုက်ပြီး မျက်စိကို ဝေ့ကာအပေါ်ပင့်တင်တာမျိုးကိုလုပ်ပြတဲ့ ဗီဒီယိုဟာ တရုတ် ဆိုရှယ်မီဒီယာပေါ်မှာ နာရီပိုင်းအတွင်း ပျံ့ နှံ့ခဲ့တဲ့ဖြစ်ရပ် ပတ်သက်လို့ The eye roll that upstaged China's Xi Jinping ဆိုပြီး Xi Jinping ရဲ့  သတင်းအစား မျက်စိပင့်ပြီး စိတ်ပျက်တဲ့ အမှုအရာပြတဲ့ ဗွီဒီယို က ပိုပြီးနာမည်ကြီးသွားတယ်။ ကျမတို့ မြန်မာအသုံးမှာတော့ ပိုပြီးပေါက်သွားတယ်ဆိုပြီး NPR သတင်းဌာနက ခေါင်းကြီးနဲ့ ရေးသားခဲ့တာ ဖြစ်ပါတယ်။ ဒီ အသုံးနဲ့ပတ်သက်လို့ ဥပမာကို လေ့လာကြည့်ကြရအောင်ပါ။
Jane was very upset when her friend rolled her eyes after hearing her suggestion.
သူပေးတဲ့ အကြံဥာဏ်ကို ကြားခဲ့ပြီးနောက် သူ့သူငယ်ချင်းက စိတ်ပျက်တဲ့ အမှုအရာ ပြတာကို တွေ့ရတော့ Jane အနေနဲ့ သိပ်ကို စိတ်ဆိုးမိတယ်။
(3) To see eye to eye
To see (မြင်တာ)၊ eye to eye (မျက်စိတလုံးနဲ့ နောက်တလုံး) ဖြစ်ပြီး စကားတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်က မျက်စိတလုံးနဲ့ နောက်တလုံး မြင်တာ ဖြစ်ပါတယ်။ ဒီအသုံးရဲ့  အီဒီယံအဓိပ္ပါယ်ကသူမြင်သလို ကိုယ်မြင်တာလည်းဖြစ်တဲ့အတွက်ကြောင့် အမြင်တူတာ၊ စိတ်သဘောထားချင်း တိုက်ဆိုင်တာကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီအသုံးကို သမ္မတ Trump မကြာသေးခင်က ရာထူးကနေ ထုတ်ပစ်လိုက်တဲ့ နိုင်ငံခြားရေးဝန်ကြီး Rex Tillerson နဲ့ အီရန်၊ မြောက်ကိုရီးယား အစရှိတဲ့ နိုင်ငံတကာ သံတမန်ရေးပြဿနာတွေမှာ အမြင်ချင်း မတူညီကြတဲ့အတွက်ကြောင့် သတင်းမီဒီယာတွေမှာ President Trump didn’t see eye to eye with Rex Tillerson ဆိုပြီး သုံးနှုန်းရေးသားခဲ့ကြတာ ဖြစ်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
Joe did not see eye to eye with his boss on several issues so decided to quit his job.
Joe က သူ့ဆရာသမားနဲ့  ကိစ္စရပ် အတော်များများမှာ အမြင်ချင်း မတူတဲ့အတွက်ကြောင့် သူ အလုပ်ထွက်လိုက်တယ်။
ဒီသတင်းပတ် တင်ပြခဲ့တဲ့ idioms အသုံးတွေက In the works, Roll your eyes နဲ့  To see eye to eye တို့ ဖြစ်ကြပါတယ်။