ဒီတပတ် English American Style Idioms ကဏ္ဍမှာ Line (မျဉ်းကြောင်း) စကားလုံးဆိုင်ရာ အီဒီယံအသုံးတချို့ ဖြစ်တဲ့ Out of line, Put your neck on the line နဲ့ Line one’s pocket တို့ကို တင်ပြထားပါတယ်။
(၁) Out of line
Out of (အပြင်ဘက်ထွက်နေတာ၊ အပြင်ရောက်နေတာ)၊ line (မျဉ်းကြောင်း) ဖြစ်ပြီးတိုက်ရိုက်အဓိပ္ပါယ်က မျဉ်းကြောင်းအပြင်ဘက်ကို ရောက်နေတာ၊ ထွက်နေတာ ဖြစ်ပါတယ်။ ဒီအသုံးက စစ်တပ်က လာတာဖြစ်ပြီး၊ စစ်သားတွေ တန်းစီးပြီး စစ်ရေးလေ့ကျင့်မယ်၊ ချီတက်ကြမယ်ဆိုရင် တန်းအပြင်ဘက်ကို ရောက်နေတဲ့ စစ်သားဟာ စည်းမျဉ်းအရ လက်ခံနိုင်စရာ မရှိပါဘူး။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကလည်း ဒီအတိုင်းပါပဲ။ လူ့ကျင့်ဝတ်သိက္ခာနဲ့ဖြစ်စေ၊ သက်ဆိုင်ရာ စည်းမျဉ်းတွေနဲ့ဖြစ်စေ၊ လက်ခံနိုင်စရာ မရှိတဲ့အခြေအမှာ ဒီအသုံးနဲ့ ရည်ညွှန်းသုံးနိုင်ပါတယ်။ ဒါကြောင့် နေ့စဉ်ဘဝမှာ တဦးဦးက လုပ်လိုက်၊ပြောလိုက်တာဟာ စော်ကားရာရောက်တယ်၊ လက်ခံနိုင်စရာ မရှိဘူး၊ ရင့်သီးရာရောက်တယ်ဆိုရင် Out of line ဖြစ်နေတယ်ဆိုပြီး ဒီ အီဒီယံကို ရည်ညွှန်းပြောနိုင်ပါတယ်။ တနည်းအားဖြင့် ကျမတို့မြန်မာမှာ လွန်ရာကျတယ်လို့ ပြောတာနဲ့ တူတယ်လို့ ဆိုရမှာပါ။
ဥပမာ
Mike, I think what you said to Jane was out of line. You should apologise to her.
Mike ရေ ၊ ခင်ဗျား Jane ကို ပြောလိုက်တာ လွန်ရာကျတယ်လို့ ထင်တယ်။ ဒါကြောင့် သူ့ ကို တောင်းပန်သင့်တယ်။
(၂) Put your neck on the line
Put (ထားတာ)၊ your (သင်ရဲ့ )၊ neck (လည်းပင်)၊ on (အပေါ်မှာ)၊ the line (မျဉ်းကြောင်း) ဖြစ်ပြီး၊ စကားစုတခုလုံးရဲ့  လုံးကောက်အဓိပ္ပါယ်က မျဉ်းကြောင်းပေါ်မှာ ကိုယ့်ရဲ့ လည်းပင်း ကိုတင်ထားတာဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကတော့ ကျမတို့ မြန်မာမှာ ကိုယ့်လည်းပင်း ကိုယ်စင်းခံတယ်ဆိုတဲ့ ဆိုရိုးနဲ့ ဆင်တူတယ်လို့ ဆိုရမှာပါ။ တခုခုအတွက် ကိုယ့်သိက္ခာ၊ ကိုယ့်အသက်၊ ကိုယ့်ဥစ္စာပစ္စည်း စသဖြင့် နစ်နာဆုံးရှုံးမဲ့ အန္တရာယ်ရှိတဲ့ကြားက စွန့်စားပြီး လုပ်တာ ဖြစ်ပါတယ်။ တနည်းတော့ အာမခံတဲ့အတွက် တာဝန်ကြီးတာ ၊ ပေးဆပ်ရမှုကြီးတာဖြစ်ပါတယ်။
ဥပမာ
Joe put his neck on the line when he asked his boss to hire his friend Tom. Now, he’s regretting it.
Joe က သူ့သူငယ်ချင်း Tom နဲ့ပတ်သက်လို့သူတာဝန်ယူပါတယ်ဆိုပြီး၊ အလုပ်ခန့်ဖို့ သူ့ဆရာသမားကို မေတ္တာရပ်ခံခဲ့တယ်။ အခုတော့ သူ နောင်တရမဆုံး ဖြစ်ပြီ။
(၃) Line one’s pocket
Line ကို ဒီနေရာမှာ ကြိယာ (verb) အဖြစ် သုံးထားပြီး၊ စီတန်းထားတာ ကို ဆိုလိုပါတယ်။ one’s (တဦးတယောက်ရဲ့)၊ pocket (အင်္ကျီ ဒါမှမဟုတ် ဘောင်းဘီအိတ်) ဖြစ်ပြီး၊ စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်က လူတဦးတယောက်ကသူ့ အိတ်ထဲမှာစီထားတာဖြစ်ပါတယ်။ ဒီနေရာမှာ ကိုယ့်အိတ်ထဲကိုယ် ပြန်စီလေ့ရှိတာက ငွေဖြစ်တဲ့အတွက်၊ ဒီအသုံးရဲ့  အီဒီယံ အဓိပ္ပါယ်က လောဘကြီးပြီး မတရားနည်းနဲ့ ကိုယ့်အိတ်ထောင်ထဲငွေဖြည့်တာကို ဆိုလိုတာ ဖြစ်ပါတယ်။ အထူးသဖြင့် ငွေရဖို့ အလွယ်ဆုံးနည်းကတော့ လာဘ်စားတဲ့နည်းပဲ ဖြစ်ပါတယ်။ ကျမတို့မြန်မာမှာတော့ လက်ဘက်ရည်ဖိုး တောင်းတာကအစ ဒါထက်မက ငွေရပေါက်ရှာတာမျိုး ဖြစ်ပါတယ်။
ဥပမာ
Corrupt officials are well-known for lining their pockets.
အဂတိလိုက်စားတဲ့အစိုးရအရာရှိတွေဟာ၊သူတို့ အိတ်ထောင်တွေထဲ ငွေထည့်ကြတာ လူအများအသိ ဖြစ်ပါတယ်။
ဒီသတင်းပတ် Line ကို အခြေခံပြီး တင်ပြခဲ့တဲ့ အီဒီယံအသုံးအနှုန်းတွေက Out of line, Put your neck on the line နဲ့ Line one’s pocket တို့ ဖြစ်ပါတယ်။