သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မျက်မှောက် အမေရိကန်နိုင်ငံရေးလောက အီဒီယံအသုံးအနှုန်းများ (၂)


Prison inmates build a second protective fence on the border between Hungary and Serbia, near Kelebia, 178 kilometers southeast of Budapest, Hungary, March 1, 2017.
Prison inmates build a second protective fence on the border between Hungary and Serbia, near Kelebia, 178 kilometers southeast of Budapest, Hungary, March 1, 2017.


ဒီတပတ် English American Style Idioms ကဏ္ဍမှာ လက်ရှိအမေရိကန်နိုင်ငံရေး လောကမှာ အသုံးများတဲ့ Mend the fences, Double down နဲ့ Knock down တို့ကို တင်ပြထားပါတယ်။

(၁) Mend the fences

Mend (ပြုပြင်တာ၊ ပျက်နေတာကို ကောင်းအောင်ပြန်လုပ်တာ)၊ the fences (ခြံစည်းတွေ) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ပျက်နေတဲ့ ခြံစည်းရိုးတွေကို ပြန်ပြင်တာ ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်က လူတဦးနဲ့တဦး၊ အုပ်စုတစုနဲ့တစုကြား၊ တနိုင်ငံနဲ့တနိုင်ငံကြား တင်းမာမှုရှိတာ၊ ကတောက်ကဆဖြစ်တာ၊ ပြဿနာဖြစ်တာကို ပြန်ကောင်းအောင်၊ ပြန်ခင်မင်ရင်းနှီးမှုရအောင်၊ ဆက်ဆံရေး ပြန်ပြေလည်အောင် လုပ်ဆောင်တာ ဖြစ်ပါတယ်။ ဒီအသုံးကို သမ္မတ Trump က သူမဲဆွယ်လှုပ်ရှားစဉ်က Mexico နဲ့ အမေရိကန်ပြည်ထောင်စုကြား တံတိုင်းကြီး ဆောက်မယ်လို့ပြောပြီး အဲဒီတံတိုင်းကြီးကိုလည်း Mexico က တနည်းမဟုတ်တနည်း အကုန်ကျခံရမယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပတ်သက်လို့ တဘက်နိုင်ငံကလူတွေ တရားမဝင်ရောက်နေကြတာကို ဟန့်တားဖို့ကြိုးပမ်းမှုအဖြစ် မဲဆန္ဒရှင်တွေကို ကတိပေးခဲ့တာကြောင့် နှစ်နိုင်ငံကြား တင်းမာမှု ဖြစ်ခဲ့တာပါ။ ဒီလို မပြေမလည်ဖြစ်နေတာကို ဖြေလျှော့စေဖို့ သမ္မတ Trump က မကြာသေးခင်ကပဲ သူ့ရဲ့ နိုင်ငံခြားရေးဝန်ကြီး Rex Tillerson နဲ့ အမိမြေလုံခြုံရေးဌာနဝန်ကြီး John Kelly တို့နှစ်ဦးကို Mexico ကို စေလွှတ်လိုက်တဲ့အတွက် သတင်းမီဒီယာတွေက သမ္မတ Trump အစိုးရအနေနဲ့ Mexico နဲ့ Mend the fences လုပ်ဖို့ ကြိုးစားနေတယ်လို့ သုံးနှုန်းခဲ့တာ ဖြစ်ပါတယ်။ ဒီအသုံးအနှုန်း ဥပမာကို လေ့လာကြည့်ရအောင်ပါ။

China is trying to mend the fences with India after the latest trade dispute.

လတ်တလော ကုန်သွယ်ရေးပြဿနာ ဖြစ်ပွားခြင်းအပြီး ၊ တရုတ်က အိန္ဒိယနဲ့ ဆက်ဆံရေး ပြန်ကောင်းစေဖို့ ကြိုးစားနေတယ်။

(၂) Double down

Double (နှစ်ဆ)၊ down (အောက်ဘက်) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က အောက်ကို နှစ်ဆ ချလိုက်တာ ဖြစ်ပါတယ်။ ဒီအသုံးက Blackjack ဆိုတဲ့ ဖဲကစားနည်းက ဆင်းသက်လာတာဖြစ်ပါတယ်။ ဖဲသုံးချပ် ဝေလေ့ရှိတဲ့ ဒီ Blackjack ကစားနည်းမှာ ဒိုင်က ကစားသူကို ပထမ ဖဲနှစ်ချပ်ဝေအပြီး၊ ဖဲတစ်ချပ်ပဲ ဝေဖို့ကျန်တော့တဲ့အချိန်မှာ ကိုယ့်လက်ထဲရောက်နေတဲ့ ဖဲနှစ်ချပ်က ကောင်းနေရင်၊ကစားသမားက ငွေကို နှစ်ဆတိုး လောင်းတဲ့ဖြစ်ရပ်ကနေ ဒီအသုံး ဆင်းသက်လာတာ ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက် အဓိပ္ပါယ်က ကိုယ့်အတွက် တွက်ချေကိုက်မယ်ဆိုရင် ဆထက်တပိုး ကြိုးပမ်းတာမျိုးကို ဆိုလိုတာ ဖြစ်ပါတယ်။ တနည်းတော့ ကိုယ့်အတွက် အကျိုးရှိမယ် ၊ မြတ်မယ်ဆိုရင်တော့ ကျမတို့ မြန်မာစကားမှာတော့ ပုံအောလိုက်တာမျိုး ၊ နေ့စဉ်ဘဝ အသုံးမှာတော့ တခုခု အောင်မြင်ဖို့အတွက် ဖိပြော၊ ဖိလုပ်၊ ဖိနင်းတာမျိုးကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီအသုံးကို သမ္မတ Trump က သူ့မိန့်ခွန်းတွေမှာ သူနဲ့ အဆင်မပြေဖြစ်တဲ့ တချို့သတင်းမီဒီယာတွေအကြောင်းကို ဖိပြော၊ ဖိဝေဖန်ခဲ့အတွက် သတင်းခေါင်းကြီးတွေမှာ Double down အီဒီယံကို သုံးလာကြတာ ဖြစ်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကိုလေ့လာကြည့်ရအောင်ပါ။

Myanmar needs to double down and modernize the country’s infrastructure to attract more foreign investment.

မြန်မာနိုင်ငံအနေနဲ့ နိုင်ငံခြားရင်းနှီးမြုပ်နံှမှု ပိုဆွဲဆောင်နိုင်ရေးအတွက် ၊ နိုင်ငံ့ရဲ့ အခြေခံယန္တရားအဆောက်အအုံကိုခေတ်မီအောင်ဆထက်တပိုးလုပ်ဖို့လိုတယ်။

(၃) Knock down

Knock (တိုက်ချလိုက်တာ၊ ပုတ်ချလိုက်တာ၊ တွန်းချလိုက်တာ)၊ down (အောက်) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က အောက်ကို ပုတ်ချ ၊ တိုက်ချလိုက်တာ ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်က အမျိုးမျိုးရှိရာမှာ ဒီနေရာမှာတော့ ဖယ်ပစ်တာ၊ ဖြုတ်ချလိုက်တာ ဖြစ်နိုင်သလို၊ လက်မခံ ပယ်ချခံရတဲ့ အဖြစ်မျိုးရောက်အောင်တနည်း ကျမတို့ မြန်မာမှာတော့ ဒေါက်ဖြုတ်ခံရအောင်လုပ်ဖို့ ဖြစ်ပါတယ်။ ဒီ အီဒီယံအသုံးကို ၂၀၁၆ ရွေးကောက်ပွဲ မဲဆွယ်လှုပ်ရှားစဉ်ကာလ က ရုရှားနဲ့ သမ္မတ Trump ကြား ထိတွေ့ဆက်ဆံမှုတွေ ရှိတဲ့အကြောင်း မီဒီယာတွေက ဖော်ပြခဲ့ကြတဲ့ သတင်းတွေဟာ ခိုင်လုံမှုမရှိဘူးဆိုတာကို FBI အနေနဲ့ လုပ်ဆောင်ပေးဖို့ အိမ်ဖြူတော်က မေတ္တာရပ်ခံခဲ့တာနဲ့ ပတ်သက်လို့ အခုတလော သတင်းခေါင်းကြီးတွေမှာ Knock down ဆိုတဲ့ အီဒီယံကိုအသုံးပြုတာတွေ့ရပါတယ်။ ဒီအသုံးနဲ့ ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။Our boss, Mr. Smith knocked down my business proposal saying it was too costly.

ကျနော်တို့ ဆရာသမား Mr. Smith က ကျနော်တင်သွင်းလိုက်တဲ့ စီးပွားရေးအဆိုကို သိပ်ငွေကုန်ကြေးကျ များတယ်ဆိုပြီး ပယ်ချလိုက်တယ်။

ဒီသတင်းပတ်တင်ပြခဲ့တဲ့ အီဒီယံအသုံးတွေက Mend the fences,Double down နဲ့ Knock down တို့ဖြစ်ကြပါတယ်။

XS
SM
MD
LG