သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Rain စကားလုံး အီဒီယံအသုံးအနှုန်းများ


A woman carries a rainbow-colored umbrella as she walks during a rain shower in Beijing.
A woman carries a rainbow-colored umbrella as she walks during a rain shower in Beijing.

ဒီတပတ် English American Style Idioms ကဏ္ဍ မှာ Rain (မိုး) ကို အခြေခံတဲ့ အီဒီယံအသုံးတချို့ဖြစ်တဲ့ Rain check, Raining cats and dogs နဲ့ Save for a rainy day တို့ကို တင်ပြပေးထားပါတယ်။

Rain စကားလုံး အီဒီယံအသုံးအနှုန်းများ
please wait

No media source currently available

0:00 0:06:29 0:00
တိုက်ရိုက် လင့်ခ်


(၁) Rain check

Rain (မိုး)၊ check (ဘဏ်ချက်လက်မှတ်) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က မိုး ချက်လက်မှတ် ဖြစ်ပါတယ်။ ဒီအသုံးက ၁၈၈၀ ခုနှစ်များက အမေရိကန် အားကစားနည်းတမျိုးဖြစ်တဲ့ ဘေ့စ်ဘော (Baseball) ကနေဆင်းသက်လာတယ်လို့ ဆိုပါတယ်။ ထိုစဉ်က ဘေ့စ်ဘော အားကစားပွဲတွေဟာ အမိုးမရှိတဲ့လဟာပြင်ကွင်းတွေမှာ ကျင်းပတဲ့အတွက် မိုးကြီးလို့ ပွဲကိုဖျက်ရတယ် ဒါမှမဟုတ် တခြားအကြောင်းကြောင့် ပွဲကိုဖျက်ခဲ့ရတယ်ဆိုရင် လက်မှတ်ဝယ်ထားကြတဲ့ ပရိသတ်တွေ စိတ်ကျေနပ် ကြရလေအောင် နောက်နေ့ပွဲတွေမှာ လာကြည့်နိုင်အောင် ပရိသတ်တွေကို ငွေပြန်အပ်မယ့်အစား အစားထိုးလက်မှတ် ဖြတ်ပိုင်းတွေကို ထုတ်ပေးရကနေ Rain check အသုံးဆင်းသက်လာတာ ဖြစ်ပါတယ်။ လက်မှတ်ထိုးပြီးသားချက်လက်မှတ်နှင့်ဘဏ်မှာငွေသွားထုတ်နိုင်သလို၊ ပွဲဖျက်ရလို့ထုတ်ပေးလိုက်တဲ့ ဖြတ်ပိုင်းလေးကိုသုံးပြီးတော့လဲ၊ နောက်ပိုင်းပွဲတွေမှာသွားကြည့်ဖို့ ငွေထပ်မပေးရဘဲ အစားထိုးလက်မှတ်ကို ကာယကံရှင်ကတောင်းပိုင်ခွင့်ရှိတာ ဖြစ်ပါတယ်။ အခုခေတ်မှာတော့ ဒီအသုံးကိုနေ့စဉ်ဘဝမှာအထူးသဖြင့် ဈေးဆိုင်တွေမှာလျှော့ဈေးနဲ့ ရောင်းတဲ့အခါ ကာလကိုလည်း ဘယ်နေ့ကနေဘယ်နေ့အထိလို့ သတ်မှတ်ထားလေတော့ ကန့်သတ်ချိန်မှာ လျှော့ရောင်းတဲ့ ပစ္စည်းတွေဟာ ဈေးဆိုင်မှာကုန်သွားတယ်ဆိုရင် အဲဒီအချိန်အတွင်း လာဝယ်တဲ့ လူတွေအနေနဲ့ ပစ္စည်းပြတ်သွားလို့ မဝယ်နိုင်ပေမယ့် အဲဒီ လျှော့ဈေးအတိုင်းပဲ ကန့်သတ်ချိန် ကျော်လွန်သွားပေမယ်လို့လဲ ဝယ်ခွင့်ရှိစေမယ့် ၊ ဘယ်ပစ္စည်းကို လျှော့ဈေးဘယ်လောက်၊ ဘယ်နှစ်ခု ဝယ်ခွင့်ရမယ်ဆိုတာကို ရေးသားထားတဲ့ ဝယ်ယူသူကနေ အဲဒီ လျှော့ဈေးရောင်းတဲ့ဆိုင်ကို တောင်းခံနိုင်တဲ့ ဖြတ်ပိုင်းပြေစာကိုလည်း Rain check လို့ ရည်ညွှန်းအသုံးပြုကြပါတယ်။ ဒါ့အပြင် လူတဦးက ကိုယ့်ကို တနေရာရာ သွားဖို့ ဖိတ်ခဲ့လို့ ကိုယ်ကတော့ ဒီနေ့တော့ အဆင်မပြေသေးဘူး၊ နောက် အဆင်ပြေတဲ့နေ့မှ သွားကြတာပေါ့လို့ဆိုရင် “ I’ll take a rain check ! “ လို့ ပြောနိုင်ပါတယ်။ ဒါကြောင့် Rain check အီဒီယံအသုံးက နောက်မှ အစားထိုးပြီး ပြုလုပ်ပေးတာကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီအသုံးနဲ့ ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Thanks for your offer, but I’m sorry I can’t go to movies with you tonight . I’ll take a rain check!

ကျနော့်ကို ဖိတ်တဲ့အတွက်ကျေးဇူးပါဘဲ။ ဒါပေမဲ့ တောင်းပန်ပါတယ်ဗျာ ၊ ကျနော် ဒီညခင်ဗျားနဲ့ ရုပ်ရှင်လိုက်မကြည့်နိုင်ဘူး။ နောက်မှချိန်းပြီး သွားကြမယ်ဗျာ။

(၂) Raining cats and dogs

Raining (မိုးရွာနေတာ)၊ cats (ကြောင်တွေ)၊ and (နှင့်)၊ dogs (ခွေးတွေ) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ခွေးတွေကြောင်တွေ မိုးရွာနေတာ ဖြစ်ပါတယ်။ ဒီအသုံးဆင်းသက်လာတာက နောက်ခံအကြောင်းအမျိုးမျိုးတဲ့အနက်ဖြစ်နိုင်ချေတခုကတော့၊ ရှေးတုန်းက မိလ္လာမြောင်းစံနစ်တွေ မကောင်းတဲ့အချိန်က မိုးသိပ်ကြီးလွန်းတဲ့အခါ လမ်းတွေမှာ ရေစီးနဲ့ အမှိုက်သရိုက်တွေသာမက ခွေသေကြောင်သေတွေပါမျောပါလာကြတာကို လူတွေက ပြောကြရာကနေ ဒီအသုံးဆင်းသက်လာတယ်လို့ ဆိုပါတယ်။ ဒါကြောင့်မို့ အီဒီယံကတော့ မိုးသဲကြီးမဲကြီး ရွာနေတာကိုတင်စား ပြောတာ ဖြစ်ပါတယ်။ ဒီအသုံးနဲ့ ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

It's raining cats and dogs now. I mustn’t forget my umbrella or I’ll get soaked!

အခု မိုးသဲကြီးမဲကြီး ရွာနေတယ်။ ဒါကြောင့် ဒီနေ့ ကျနော်ထီးမေ့လို့မဖြစ်ဘူး။ နောက်မဆိုရင် တကိုယ်လုံး ရွှဲရွှဲစိုမှာ။

(၃) Save for a rainy day

Save (စုဆောင်းတာ)၊ for (အတွက်)၊ a rainy day (မိုးရွာတဲ့နေ့) ဆိုတော့ စကားစုတခုလုံးရဲ့ လုံးကောက်အဓိပ္ပါယ်က မိုးရွာတဲ့နေ့အတွက် စုဆောင်းတာ ဖြစ်ပါတယ်။ မိုးရွာတယ်ဆိုတာကို ဘဝမှာ အခက်အခဲ တွေ့ရတာ၊ အထူးသဖြင့် ငွေရေးကြေးရေး ကြပ်တည်းမှုကို တင်စားပြောတာ ဖြစ်ပါတယ်။ ဒါကြောင့် Save for a rainy day အီဒီယံအဓိပ္ပါယ်က ဒုက္ခရောက်မယ့်၊ အကြပ်အတည်းရောက်မယ့် အချိန်အတွက် ကြိုတင်ငွေစုဆောင်းတာ ဖြစ်ပါတယ်။ ဒီအသုံးနဲ့ ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

I am not going to spend the bonus money I got today. I’ll save it for a rainy day.

ဒီကနေ့ ဆုကြေးရတဲ့ငွေကို ကျနော် မသုံးဘူးဗျာ။ ဒုက္ခရောက်တဲ့အခါ လိုရင်သုံးဖို့ ကျနော် စုထားမယ်။

ဒီသတင်းပတ်တင်ပြခဲ့တဲ့ အီယံအသုံးတွေမှာ Rain check, Raining cats and dogs နဲ့ Save for a rainy day တို့ဖြစ်ပါတယ်။

XS
SM
MD
LG