သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Shelf စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ


Soap bottles on a store shelf at a pharmacy.
Soap bottles on a store shelf at a pharmacy.

ဒီသတင်းပတ် English Learning: American Idioms and Expressions ကဏ္ဍမှာ စင် လို့အဓိပ္ပါယ်ရတဲ့ Shelf ဝေါဟာရကိုအခြေခံတဲ့ Shelf life နဲ့ On the shelf တို့ကိုတင်ပြထားပါတယ်။

() Shelf life

Shelf (စင်)၊ Life အသက် ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က စင်ရဲ့အသက် ဖြစ်ပါတယ်။ ဒီအသုံးရဲ့ အီဒီယံအဓိပ္ပါယ်ကလည်း သိပ်မကွာလှပါဘူး။ ဆိုင်မှာ ခင်းကျင်းပြသထားတဲ့ ကုန်ပစ္စည်း စားသောက်စရာ အစရှိတဲ့ ရောင်းချတဲ့ကုန်တွေရဲ့ သက်တမ်းကို ဆိုလိုတာ ဖြစ်ပါတယ်။ ဘယ်ရောင်းကုန်မဆို သူ့သက်တမ်းနဲ့သူရှိပြီး ကုန်ပစ္စည်းတိုင်းမှာ ဘယ်နေ့ထုတ်တယ်။ ဘယ်နေ့တော့ ကန့်သတ်ရက်ကုန်တယ်ဆိုတာကို တိုးတက်ခေတ်မီတဲ့ နိုင်ငံတွေမှာ ကုန်ပစ္စည်းရောင်းရာမှာ ဥပဒေအရ ဖော်ပြရမယ့် စည်းမျဉ်းရှိပါတယ်။ အထူးသဖြင့် စားသောက်ကုန်တွေ။ ဆေးဝါးတွေ ရက်မလွန်စေရအောင် ကျန်းမာရေးအတွက် ရည်ရွယ်တဲ့ စည်းမျဉ်းတွေကို ချမှတ်ထားတာ ဖြစ်ပါတယ်။ ကျမတို့မြန်မာ နေ့စဉ်လမ်းဘေးဈေးတွေမှာတော့ ရောင်းချတဲ့ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေမှာတော့ ကန့်သတ်ရက် ဘယ်နေ့ကုန်မယ်ဆိုတာ ကပ်ထားဖို့ မလိုပေမယ့် ကြာကြာမခံဘူးဆိုရင်တော့ အဲဒီ စားစရာရဲ့ Shelf life က တိုတယ်လို့ ဆိုရမှာပါ။ ဒါကြောင့် ဒီအသုံးရဲ့ အီဒီယံအဓိပ္ပါယ်က ကုန်ပစ္စည်းတခုအနေနဲ့ မပျက်မစီး၊ မပုပ်မသိုး လူကိုအန္တရာယ်မရှိဘဲ ဖြစ်နိုင်တဲ့ကာလကို ဆိုလိုတာ ဖြစ်ပါတယ်။ ရောင်းကုန်တင် မကပါဘူး၊ နေ့စဉ်ဘဝမှာလည်း လူတွေအနေနဲ့ အထူးသဖြင့် အိမ်ထောင်ရေးမှာ သက်တမ်းကြာကြာ မခံတော့ဘူးဆိုရင် ဒီအသုံးကို ရည်ညွှန်းသုံးပါတယ်။ ဒီအသုံးနဲ့ ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Nowadays many marriages seem to have a short shelf life. The divorce rate is up.
အခုခေတ် အိမ်ထောင်ရေးတွေမှာ အများအားဖြင့် သက်တမ်းတိုတာ တွေ့ရတယ်။ ကွာရှင်းပျက်စဲတဲ့ နှုန်းကလဲ တိုးလို့နေတယ်။


() On the shelf

On (အပေါ်မှာ) the Shelf (စင်) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ စင်ပေါ်မှာ ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက် အဓိပ္ပါယ်ကတော့ တခုခုကို စင်ပေါ်မှာ တင်ထားတယ်ဆိုရင် ချောင်ထိုးထားတဲ့သဘော၊ အသုံးမပြုဘဲ နေတဲ့သဘော ဖြစ်ပါတယ်။ ဒီအသုံးနဲ့ ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

I made a proposal on how to save costs in transportation. I hope the management won’t leave it on the shelf.
ကျနော့်အနေနဲ့ သယ်ယူပို့ဆောင်ရေးမှာ ဘယ်လို ကုန်ကျစရိတ်တွေ သက်သာစေနိုင်မလဲဆိုတာကို အကြံပြုထားတယ်လေ။ အဲဒါကို အထက်အရာရှိတွေက ချောင်မထိုးထားဖို့ မျှော်လင့်ရတယ်။

On the shelf အီဒီယံကို လူနဲ့လည်း ရည်ညွှန်းသုံးနိုင်ပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေကို ရည်ညွှန်းသုံးလေ့ရှိတယ်လို့ ဆိုပါတယ်။ အိမ်ထောင်ကျတဲ့အရွယ် စွန်မယ့်အရွယ်မှာ မစွန်ဘဲ အရွယ်လွန်တဲ့ အပျိုကြီးတွေဘဝကို ရည်ညွှန်းသုံးလေ့ရှိတယ်လို့ ဆိုပါတယ်။ တနည်းတော့ ကျမတို့မြန်မာမှာ ချောင်ထိုးခံရတာ၊ ဘေးချိတ်ခံရတာ၊ ရောင်းထွက်လို့ မလွယ်တဲ့ ပစ္စည်းမျိုးနဲ့လည်း တူတယ်လို့ ဆိုနိုင်ပါတယ်။ ဒီအသုံးနဲ့ ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

These days if you are not married by the time you are thirty, people consider you are on the shelf.
အခုခေတ် အသက် (၃၀) ပြည့်လို့မှ အိမ်ထောင်မကျဘူးဆိုရင် ရောင်းမစွန်တော့ဘူးလို့ ယူဆကြတာ တွေ့ရတယ်။

ဒီသတင်းပတ် တင်ပြပေးခဲ့တဲ့ Shelf စကားလုံးကို အခြေခံတဲ့ Idiom အသုံးအနှုန်းတွေက Shelf life နဲ့ On the shelf တို့ ဖြစ်ကြပါတယ်။

XS
SM
MD
LG