ဒီတပတ် English American Style Idioms ကဏ္ဍမှာ အမေရိကန် အရှေ့တောင်ပိုင်းရှိ တောင် နဲ့ မြောက် Carolina ပြည်နယ်တွေ အပြင် Virginia ပြည်နယ်ကို ခုသတင်းပတ် ၀င်တိုက်ခဲ့တဲ့ ပြင်းအား ၃ ရှိတဲ့ Hurricane Florence မုန်တိုင်းဒဏ် အကြောင်း သတင်းတွေမှာရေးသားဖေါ်ပြနေတာ တွေ့ရတဲ့အတွက် မုန်တိုင်းလို့ အဓိပ္ပါယ်ရတဲ့ Storm ကို အခြေခံတဲ့ အီဒီယံအသုံးတချို့ဖြစ်တဲ့ A storm is brewing, Kick up a storm နဲ့ A storm in a teacup တို့ ကိုတင်ပြပေးထားပါတယ်။
(၁) A storm is brewing
A storm (မုန်တိုင်း)၊ is brewing မှာ brew ဆိုတဲ့ ကြိယာ (verb) က အဓိပ္ပါယ်အမျိုးမျိုးရှိပါတယ်။ ဥပမာ ဘီယာ ကို brew လုပ်တယ် ဆိုရင် ဘီယာ ဖြစ်လာဖို့ barley ကို အချဉ်ဖေါက်တာ၊ ကော်ဖီ ဒါမှမဟုတ် လက်ဖက်ရည်ကို brew လုပ်တယ်ဆိုရင် ၊ ရေနွေးတည်ပြီး နှပ်တာ၊ ကော်ဖီစက်နဲ့နှပ်တာလို့ အဓိပ္ပါယ်ရပါတယ်။ သာမန် အားဖြင့်တော့ ပြင်ဆင်တာ၊ ဟန်ပြင်တာ ကိုဆို်လိုပါတယ်။ မုန်တိုင်း နဲ့ပတ်သက်ရင်တော့ တိုက်ခတ်ဖို့ ဟန်ပြင်နေတာ၊ မုန်တိုင်းကျတော့မဲ့ အရိပ်လက္ခဏာကို ဆိုလိုပါတယ်။ ဒါကြောင့် စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က မုန်တိုင်းတိုက်ခတ်ဖို့ ဟန်ပြင်နေတာ ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်က ဒေါသဖြစ်ဖို့ဟန်ပြင်နေတာဖြစ်ပါတယ်။ ကျမတို့ မြန်မာအသုံးဆိုရင် ဒေါသအိုးပေါက်ကွဲတော့မယ်၊ ဒေါသူပုန်ထတော့မယ်ဆိုတဲ့အသုံးနဲ့ တူတယ်လို့ဆိုရမှာပါ။
ဥပမာ
John looks very angry, so a storm is brewing.
John ကို ကြည့်ရတာ သိပ်စိတ်ဆိုးနေပုံရတယ်။ ဒေါသအိုး ပေါက်ကွဲတော့မယ်။
(၂) Kick up a storm
Kick up (အပေါ်ကိုကန်လိုက်တာ)၊ a storm (မုန်တိုင်း) ဖြစ်ပြီး၊ စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်က မုန်တိုင်းကိုအပေါ်ကိုကန်လိုက်တာ ဖြစ်ပါတယ်။ မုန်တိုင်းလို့ ဆိုကတည်းက နေ့စဉ်ဘဝမှာ ဒေါသကြီးတာ၊ အမျက်ထွက်တာ၊ စိတ်ဆိုးတာ၊ မကျေနပ်ချက် ကြီးမားတာကို ရည်ညွန်းတဲ့အတွက် အီဒီယံဆိုတဲ့ သွယ်ဝိုက်အဓိပ္ပါယ်ကဒေါသအိုးပေါက်ကွဲတာ၊ အမျက်ကြီးတာ၊ ဆူပူဆဲဆိုတာကိုဆိုလိုတာ ဖြစ်ပါတယ်။
ဥပမာ
Jane’s dad kicked up a storm when he found out his daughter got into an accident while she was speeding.
Jane က ကားကို အရှိန်ပြင်းပြင်းမောင်းလို့ ဝင်တိုက်မိတယ်။ ဒီအကြောင်းကို သူ့အဖေသိတော့ ဒေါသထွက်တော့တာပေါ့။
(၃) A storm in a teacup
A storm (မုန်တိုင်း) ၊ in (အထဲမှာ)၊ a teacup (လက်ဖက်ရည်ခွက်) ဖြစ်ပြီး စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်က လက်ဖက်ရည်ခွက်ထဲမှာတိုက်ခတ်တဲ့မုန်တိုင်းဖြစ်ပါတယ်။ လက်ဖက်ရည်ခွက်ထဲမှာတိုက်ခတ်တဲ့မုန်တိုင်းလို့ တင်စားပြောထားတဲ့အတိုင်း အီဒီယံဆိုတဲ့ သွယ်ဝိုက်အဓိပ္ပါယ်က အတိုင်းအဆ မမျှတတာကို ရည်ညွှန်းတာ ဖြစ်ပါတယ်။ တနည်းတော့ ဘာမှမဟုတ်တဲ့အကြောင်းကြောင့် ဒေါသအိုး ပေါက်ကွဲတာ ဖြစ်ပါတယ်။ စိတ်ဆိုးစရာမရှိ ရှာကြံစိတ်ဆိုးတာ၊ ပုံကြီးချဲ့ ပြီး စိတ်ဆိုးတာမျိုး ဖြစ်ပါတယ်။ တခါတရံလည်း မဖြစ်စလောက် အကြောင်းအရာတွေ၊ အရေးမကြီးတဲ့ ဘာမဟုတ်တဲ့ အကြောင်းနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုကြီးတာ၊ ပြဿနာတက်တဲ့အနေအထားမှာလည်း ဒီအသုံးကို ရည်ညွှန်းသုံးနိုင်ပါတယ်။ တဆိတ်ကိုတအိတ်လုပ်ပြီးကြံဖန်ဒေါသထွက်တာမျိုးနဲ့တူတယ်လို့ဆိုရမှာပါ။
ဥပမာ
Mary was making a storm in a teacup just because John was a few minutes late.
John က မိနစ်အနည်းငယ်လေး နောက်ကျတာလေးကို ရေးကြီးခွင်ကျယ်လုပ်ပြီး အကြောင်းမရှိ၊ အကြောင်းရှာ Mary က ဒေါသထွက်နေတယ်။
ဒီသတင်းပတ် တင်ပြခဲ့တဲ့ idioms အသုံးတွေက A storm is brewing, Kick up a storm နဲ့ A storm in teacup တို့ ဖြစ်ကြပါတယ်။