သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မျက်မှောက်နိုင်ငံရေးလောကသုံး အီဒီယံအသုံးအနှုန်းများ


တိုက်ရိုက် လင့်ခ်

ဒီတပတ် English American Style Idioms ကဏ္ဍမှာ မျက်မှောက်နိုင်ငံရေးလောကမှာ သုံးနှုန်းနေတဲ့ အီဒီယံအသုံးအနှုန်းတချို့ဖြစ်တဲ့ The Last Hurrah, On the edge နဲ့ Raise a red flag တို့ကို တင်ပြထားပါတယ်။

(၁) The Last Hurrah

The Last က နောက်ဆုံး၊ Hurrah က လက်ခုပ်တီး သြဘာပေးတာ၊” Hooray” ဆိုပြီး နှုတ်ကနေပြီး အားပေး ချီးကျူးတာဖြစ်ပြီး စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က “နောက်ဆုံးသြဘာ” ဖြစ်ပါတယ်။ အီဒီယံဆိုတဲ့ သွယ်ဝိုက်အဓိပ္ပါယ်က အနုပညာရှင်တဦးဖြစ်ရင် ပရိသတ်ကို သူ့ရဲ့ နောက်ဆုံးနှုတ်ဆက် ဖျော်ဖြေမှုကို တင်ဆက်လိုက်တာဘဲ ဖြစ်ပါတယ်။ ဒီလို တင်ဆက်လိုက်ရာမှာ ပရိသတ်ရဲ့ နှုတ်ဆက်သြဘာကို သူ့အနေနဲ့ နောက်ဆုံးကြားရမှာ ဖြစ်ပါတယ်။ ထင်ရှားတဲ့ ခေါင်းဆောင်ဆိုရင်လည်း သူရာထူးကမထွက်မှီ နောက်ဆုံး နှုတ်ဆက်မိန့်ခွန်း ပြောကြားမှု ဒါမှမဟုတ် ကြိုးပမ်းမှုဖြစ်နိုင်သလို၊သာမန်လူတဦးဆိုရင်လည်း အလုပ်တခုခုမှာ အကြာကြီးလုပ်ဆောင်ခဲ့ပြီး၊ နောက်ဆုံး အနားမယူခင် တခုခုနဲ့ လက်စွမ်းပြလိုက်တာကို ဆိုလိုတာ ဖြစ်ပါတယ်။

ဒီအသုံးကို သြဂုတ်လ ၂၅ ရက်နေ့က အသက် (၈၁) နှစ်အရွယ်မှာ ဦးနှောက်ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားတဲ့ ဗီယက်နမ်စစ်ပြန် သူရဲကောင်းလည်းဖြစ်၊ Arizona ပြည်နယ်ရဲ့ အထင်ကရ အထက်လွှတ်တော်အမတ်လည်းဖြစ်တဲ့ John McCain အတွက် နိုင်ငံက နောက်ဆုံးနှုတ်ဆက်တဲ့ အမှတ်တရ ဝတ်ပြုဆုတောင်းပွဲတွေ ကျင်းပခဲ့ရာမှာ စက်တင်ဘာ (၁) ရက်နေ့က ဝါရှင်တန် ဒီစီမြို့တော်ရှိ National Cathedral ဘုရှားရှိခိုး ကျောင်းတော်မှာ သမ္မတဟောင်းတွေဖြစ်ကြတဲ့ George W. Bush နဲ့ Barack Obama တို့ အပါအဝင် အထင်ကရပုဂ္ဂိုလ်တွေက John McCain သက်ရှိထင်ရှားစဉ် နိုင်ငံ့အတွက် ပေးဆပ်ခဲ့မှုတွေ၊ သူ့ရဲ့သိက္ခာသမာဓိ ပြည့်ဝမှုတွေအကြောင်းကို အမှတ်တရ ချီးကျူး ဂုဏ်ပြု ပြောကြားခဲ့ကြတဲ့အတွက် The Washington Post သတင်းစာကြီးက “The Last Hurrah for All That’s Lost “ ဆုံးရှုံးခဲ့ရမှုမှန်သမျှအတွက် နောက်ဆုံးဂါရဝပြု ချီးကျူးမှု” ဆိုတဲ့ ခေါင်းကြီးနဲ့ ရေးသားခဲ့တာ ဖြစ်ပါတယ်။

ဥပမာ

Mary was happy to complete the project as the “last hurrah” before she retired from her job.

Mary က သူအလုပ်က အနားမယူမီနောက်ဆုံး စွမ်းဆောင်မှုအဖြစ် ဒီစီမံကိန်းကို ပြီးမြောက်အောင်လုပ်နိုင်တဲ့အတွက်ဝမ်းသာမိနေတယ်။

(၂) On the Edge

On က အပေါ်မှာ၊ the edge က အစွန်းဖြစ်ပြီး စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က“အစွန်းမှာ ရောက်နေတာ” ဖြစ်ပါတယ်။ အစွန်းနားရောက်နေတယ်ဆိုရင် အောက်ကိုပြုတ်ကျနိုင်ဖို့ အန္တရာယ်ရှိတဲ့သဘောမျိုး ဖြစ်တဲ့အတွက်ကြောင့်လည်း အီဒီယံဆိုတဲ့ သွယ်ဝိုက်အဓိပ္ပါယ်က အန္တရာယ်နဲ့ရင်ဆိုင်ရဖွယ် ရှိတဲ့အတွက် စိတ်ထဲမှာ တထင့်ထင့်နဲ့ ဘယ်တော့ဖြစ်မလဲ၊ ဘယ်တော့ဖြစ်မလဲဆိုပြီး အမြဲစိုးရိမ်ရမယ့် အခြေအနေမျိုးကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီအသုံးကို သမ္မတဟောင်း Richard Nixon ပြုတ်ကျစေခဲ့တဲ့ Watergate အရှုပ်တော်ပုံအကြောင်း ရေးသားခဲ့သူ The Washington Post သတင်းစာ အယ်ဒီတာ Bob Woodward က အခုတခါ အိမ်ဖြူတော်မှာ သမ္မတ Donald Trump လက်ထက် ဘယ်လို အခြေအနေတွေ ကသောင်းကနင်း ဖြစ်နေတယ်ဆိုတာကို အမေရိကန်အစိုးရအရာရှိဟောင်းတွေနဲ့ တွေ့ဆုံပြီး Fear ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးသားခဲ့တဲ့စာအုပ် မကြာမှီ ထွက်တော့မှာ ဖြစ်တဲ့အတွက် The Washington Post သတင်းစာကြီးက “On the edge in Trump’s West Wing “ Trump ရဲ့ အိမ်ဖြူတော်အနောက်ဘက်ခြမ်းမှာ စိုးရိမ်စိတ်တွေ ဖြစ်နေပြီဆိုတဲ့ခေါင်းကြီးနဲ့ ရေးသားခဲ့တာ ဖြစ်ပါတယ်။

ဥပမာ

After the school shooting last month, we were all living “on the edge” in our town.

ပြီးခဲ့တဲ့လက ကျောင်းမှာ သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့အပြီး၊ ကျနော်တို့မြို့မှာအားလုံး စိုးရိမ်စိတ်နဲ့နေကြရတယ်။

(၃) Raise a red flag

Raise က အပေါ်ကို မြှင့်တင်တာ၊ a red flag အနီရောင် အလံဖြစ်ပြီး စကားစုတခုလုံးရဲ့ အဓိပ္ပါယ်က အနီရောင်အလံကို မြှင့်တင်လိုက်တာ ဖြစ်ပါတယ်။ အနီရောင်အလံဟာ အန္တရာယ်ကို ရည်ညွန်း သတိပေးတာ ဖြစ်ပါတယ်။ ဒါကြောင့် အီဒီယံဆိုတဲ့ သွယ်ဝိုက် အဓိပ္ပါယ်က နေ့စဉ်ဘဝမှာ တခုခုနဲ့ပတ်သက်လို့ လူတဦးဦးကို အန္တရာယ်ရှိတယ်၊ ထိခိုက်နိုင်ဖွယ် ရှိတယ်ဆိုတာကို သတိပေးတဲ့ ကြိုတင်အသိပေးချက်ဘဲ ဖြစ်ပါတယ်။ တနည်း စိုးရိမ်စရာရှိတယ်ဆိုတဲ့အကြာင်း အရိပ်လက္ခဏာဖြစ်ပါတယ်။ ဒီအသုံးကို ကမ္ဘာ့ငွေကြေးဈေးကွက်မှာ အထူးသဖြင့် တူရကီနဲ့ အာဂျင်တီးနား နိုင်ငံတို့ရဲ့ ငွေတန်ဖိုးတွေ ထိုးကျခဲ့ပြီး ကမ္ဘာ့နိုင်ငံကြီးတချို့တွေမှာလည်း ကြွေးမြီတွေ ထူပြောနေတဲ့ အတွက်၊ ဒါဟာ စီးပွားရေးကပ်ဆိုက်တော့မယ့် အန္တရာယ်ဖြစ်တဲ့ ကြိုတင် သတိပေးချက်တွေ ဖြစ်တယ်ဆိုပြီး The Washington Post သတင်းစာကြီးက “Global debt raises red flags”ဆိုတဲ့ ခေါင်းကြီးနဲ့ ရေးသားခဲ့တာ ဖြစ်ပါတယ်။

ဥပမာ

His behavior raised “a red flag” that he was not the right person for the job.

သူ့ရဲ့အပြုအမူအရ သူဟာ ဒီအလုပ်အတွက် သင့်တော်တဲ့ လူမဟုတ်ဘူးဆိုတာကို သတိပေးရာ ရောက်တယ်။

ဒီသတင်းပတ် တင်ပြပေးခဲ့တဲ့ idioms အသုံးတွေက The Last Hurrah, On the edge နဲ့ Raise a red flag တို့ ဖြစ်ကြပါတယ်။

XS
SM
MD
LG