ဒီတပတ် English American Style Idioms ကဏ္ဍမှာ မျက်မှောက်သတင်းလောကမှာ သုံးနှုန်းနေတဲ့ အီဒီယံအသုံးတချို့ဖြစ်တဲ့ To Lose Steam, Stay Put, Freeloader တို့ကို တင်ပြထားပါတယ်။
(၁) To Lose Steam
To lose (ဆုံးရှုံးတာ၊ ကုန်ဆုံးတာ)၊ steam (ရေနွေးငွေ့) ဖြစ်ပြီး စကားစုတခုလုံးရဲ့  လုံးကောက်အဓိပ္ပါယ်က ရေနွေးငွေ့ကုန်ဆုံးတာ ဖြစ်ပါတယ်။ ဒီအသုံးဆင်းသက်လာတာက (၁၉) ရာစုက အမေရိကန်ပြည်ထောင်စုမှာ မီးရထားတွေကို ရေနွေးငွေ့သုံ့းပြီးပြေးဆွဲရာမှာ ၊ မီးထိုးဖို့ ထင်း ဒါမှမဟုတ် ကျောက်မီးသွေး ကုန်သွားလို့  မီးအားနည်းပြီး ရေနွေးငွေ့ လျော့လာတာကို တင်စားသုံးထားတာ ဖြစ်ပါတယ်။ Idiom သွယ်ဝိုက်အဓိပ္ပါယ်က စိတ်အားထက်သန်မှု လျော့လာတာ၊အရှိန်လျော့လာတာ၊ အားအင်ကုန်ခံလာတာ ဖြစ်ပါတယ်။ တနည်းအားဖြင့် ကျမတို့မြန်မာမှာ မီးစာကုန်ဆီခမ်းတဲ့ အခြေအနေမျိုးနဲ့ ဆင်တူတယ်လို့ ဆိုရမှပါ၊ To lose steam အစား To run out of steam လို့လည်း သုံးလို့ ရပါတယ်။ ဒီအသုံးကို Virginia ပြည်နယ်မှာ ပြီးခဲ့တဲ့လက ပြည်နယ်အုပ်ချုပ်ရေးမှူးနဲ့ ရှေ့ နေချုပ်တို့ အရှုပ်တော်ပုံတွေနဲ့ ရင်ဆိုင်ခဲ့ကြရပြီး၊ ဖြစ်ဖြစ်ချင်းတော့ သူတို့ကို ရာထူးကနေ နှုတ်ထွက်ပေးဖို့ ပြည်နယ်တွင်းမှာ တောင်းဆိုသံတွေ ညံခဲ့ပေမယ့် အခုတော့ လေသံနည်းနည်း ပျော့လာပြီး၊ သူတို့အပေါ် ဝေဖန်မှုတွေ အသံတိတ်လာလို့ သူ့တို့လည်း အလုပ်တောင်ပြန်ဆင်းနေကြတာ တွေ့ရလို့ The Washington Post သတင်းစာကြီးက Virginia leaders stay put as scandals lose steam ဆိုတဲ့ ခေါင်းကြီးနဲ့ ရေးသားခဲ့တာ ဖြစ်ပါတယ်။
ဥပမာ
The Peace talks between the government and the ethnic armed groups have begun to lose steam due to lack of mutual trust.
အစိုးရနဲ့ လက်နက်ကိုင်တိုင်းရင်းသားအုပ်စုတွေကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲဟာ အပြန်အလှန်ယုံကြည်မှု မရှိတဲ့အတွက် အရှိန်စလျော့လာတာ တွေ့ရတယ်။
(၂) Stay put
Stay က (နေတာ) put (ထားတာ) ဖြစ်ပြီး စကားစုတခုလုံးရဲ့  လုံးကောက်အဓိပ္ပါယ်က ထားတဲ့နေရာမှာနေတာ ဖြစ်ပါတယ်။ Idiom သွယ်ဝိုက်အဓိပ္ပါယ်ကလည်း သိပ်မကွာလှပါဘူး။ ရှိရင်းစွဲနေရာမှာပဲ ဆက်နေတာ၊ တခြားဘယ်မှ ထွက်မသွားတာကို ဆိုလိုတာ ဖြစ်ပါတယ်။ ကျမတို့ မြန်မာမှာတော့ ဗိုလ်နေမြဲ၊ ကျားနေမြဲကိုဆိုလိုပါတယ်။ ဒီအသုံးကို စောစောတင်ပြခဲ့တဲ့ Washington Post သတင်းစာပါ ခေါင်းစဉ်ဖြစ်တဲ့ Virginia leaders stay put as scandals lose steam မှာပဲ အသုံးပြုထားတာ ဖြစ်ပါတယ်။ Virginia ပြည်နယ်မှာ မကြာသေးခင်က ပြည်နယ်အုပ်ချုပ်ရေးမှူး နဲ့ ရှေ့ နေချုပ်ရော အရှုပ်တော်ပုံတွေနဲ့ ရင်ဆိုင်ခဲ့ကြပေမယ့် သူတို့အပေါ် ဝေဖန်မှုတွေ လျော့လာတာနဲ့အတူ သူတို့လည်း အလုပ်ကထွက်တာတွေ၊ နေရာပြောင်းတာတွေ မလုပ်ကြဘဲ ရှိရင်းစွဲရာထူးတွေမှာပဲ ဆက်နေကြတာ တွေ့ရတဲ့အတွက် Stay put" ဆိုတဲ့ idiom ကို အသုံးပြုပြီးရေးသားခဲ့တာ ဖြစ်ပါတယ်။
ဥပမာ
John decided to stay put in Washington and not to move to Florida after his retirement.
John က သူအလုပ်က အနားယူပြီးရင် Florida ကို မပြောင်းဘဲ Washington မှာပဲ ဆက်နေဖို့ ဆုံးဖြတ်လိုက်တယ်။
(၃) Freeloader
Free (အခမဲ့)၊ loader (တင်ပေးသူ၊ ဖြည့်ပေးသူ) လို့ ဝေါဟာရတလုံးချင်း တိုက်ရိုက်အဓိပ္ပါယ်ရပြီး၊ ဒီဝေါဟာရ နှစ်လုံးပေါင်းထားတဲ့ Freeloader ဆိုတဲ အသုံးရဲ့ လုံးကောက်အဓိပ္ပါယ်က အခမဲ့တင်ပေးသူ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီအသုံးကို အီဒီယံအနေနဲ့ပဲ သုံးတာတွေ့ရပါတယ်။ အီဒီယံ အဓိပ္ပါယ်ကတော့ သူများကို ကပ်စားတဲ့လူ၊ ညာစားတဲ့လူ၊ အချောင်လိုက်တဲ့လူ၊ ရေသာခိုတဲ့လူ ၊ အလကားရအကုန်ယူမယ့် လူမျိုးကိုဆိုလိုတာ ဖြစ်ပါတယ်။ ဒီအသုံးကို NATO ခေါ် မြောက်Atlantic မဟာမိတ်စာချုပ်အဖွဲ့ဝင် (၂၉) နိုင်ငံတို့ ဖြစ်ကြတဲ့ အမေရိကန်ပြည်ထောင်စု၊ ကနေဒါ နဲ့ ဥရောပနိုင်ငံတွေအနေနဲ့ NATO ရဲ့  ရန်ပုံငွေအတွက် သက်ဆိုင်ရာနိုင်ငံတွေရဲ့ GDP (၂)ရာခိုင်နှုန်း ထည့်ဝင်ဖို့ စီစဉ်ထားပေမယ့် စီးပွားရေး အားကောင်းတဲ့ ဂျာမဏီ က (၁.၂) ရာခိုင်နှုန်းသာ ထည့်ဝင်နေတဲ့အတွက် ဂျာမဏီဟာ NATO မှာ အကြီးဆုံး အချောင်လိုက်တဲ့ နိုင်ငံဆိုပြီး The Washington Post သတင်းစာကြီးက Germany is NATO’s biggest freeloader ဆိုတဲ့ ခေါင်းကြီးနဲ့ ရေးသားခဲ့တာ ဖြစ်ပါတယ်။
ဥပမာ
Joe is fun to be with, but sad to say he is a freeloader!
Joe နဲ့ နေရာတာ ပျော်စရာတော့ကောင်းပါရဲ့၊ စိတ်မကောင်းစရာ က သူဟာသူများကို ကပ်စားတတ်တဲ့လူ ဖြစ်နေတာပါ။