သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မျက်မှောက်နိုင်ငံရေးလောကဆိုင်ရာ အီဒီယံအသုံးအနှုန်းများ (၃၄)


A seagull perches atop an iconic red telephone box in Liverpool, north west England
A seagull perches atop an iconic red telephone box in Liverpool, north west England

ဒီတပတ် English American Style Idioms ကဏ္ဍမှာ မျက်မှောက်နိုင်ငံရေးလောကမှာ သုံးနှုန်းနေတဲ့ အီဒီယံအသုံးတချို့ ဖြစ်တဲ့ Wake-up call, Act up နဲ့About-face တို့ကို တင်ပြထားပါတယ်။

(၁) Wake up call

Wake up (အိပ်ရာကနေနှိုးတာ) Call က ဒီနေရာမှာ တယ်လီဖုန်းခေါ်တာ ဖြစ်ပြီး စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က လူတယောက် အိပ်နေတာကိုနှိုးဖို့ တယ်လီဖုန်းခေါ်တာ ဖြစ်ပါတယ်။ ဒီအသုံးကတော့ ဟိုတယ်တွေမှာ တည်းခိုကြတဲ့ ဧည့်သည်တွေအနေနဲ့ မနက်စောစော နိုးစေချင်ရင် ဟိုတယ်ဧည့်ကြိုကောင်တာ ရှိ ဝန်ထမ်းကို ဘယ်အချိန်မှာ ကိုယ့်အခန်းကို တယ်လီဖုန်းဆက်နိုးဖို့ မေတ္တာရပ်ခံတဲ့ဓလေ့ကနေ ဆင်းသက်လာတာ ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်က အခြေအနေတခုခုနဲ့ ပတ်သက်လို့ ကိုယ်ထင်ထားသလို အဆင်ပြေနေတာ မဟုတ်ဘူးဆိုတာကို ဖြစ်ရပ်တခုခုက နိုးဆော်ပေးရာရောက်တာ၊ အသိတရားဝင်စေတာ၊ သတိပေးရာ ရောက်တာကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီအသုံးကို မြောက်ကိုရီယားခေါင်းဆောင် Kim Jong-un နဲ့ အမေရိကန်သမ္မတ Donald Trump ကြား ၊ ခုထိတွေ့မယ်၊မတွေ့ဘူးဖြစ်နေတဲ့ ဇွန်လ ဆန်းမှာ စင်္ကာပူမှာတွေ့ဆုံဖို့ အစီအစဉ်နဲ့ပတ်သက်ပြီး ၊ စောစောပိုင်း ကတွေ့မယ်လို့ကြေငြာခဲ့စဉ်က၊ တောင်ကိုရီးယားနဲ့ အမေရိကန်ကြား စစ်ရေးလေ့ကျင့်မှုတွေကြောင့် မကျေမနပ်ဖြစ်တဲ့ မြောက်ကိုရီးယားက ဖျက်ချင်ဖျက်နိုင်တယ်လို့ ဟန်လုပ်ခြိမ်းခြောက်ခဲ့တဲ့အတွက်ကြောင်၊့ Kim ရဲ့စိတ်ရင်းမှန်နဲ့ပတ်သက်ပြီး အိမ်ဖြူတော်ကိုအသိတရားရစေသင့်တယ်ဆိုပြီး Washington Post သတင်းစာကြီးရဲ့ အယ်ဒီတာ့အာဘော်မှာ North Korea's bluff should be a White House wake-up call ဆိုတဲ့ ခေါင်းကြီးနဲ့ ရေးသားခဲ့တာ ဖြစ်ပါတယ်။

ဥပမာ -

The recent shootings in schools have been a wake-up call for a tougher gun control in the US.

ကျောင်းတွေမှာ မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ သေနတ်ပစ်ခတ်မှုတွေဟာ အမေရိကန်ပြည်ထောင်စုမှာ ပိုတင်းကြပ်တဲ့ သေနတ်ထိန်းချုပ်မှု လိုအပ်နေပြီဆိုတာကိုသတိပေးရာရောက်စေတယ်။

(2) Act up

Act (ပြုမှုတာ)၊ up (အပေါ်ဖြစ်ပြီး) စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က အပေါ်အပြုအမှု ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်က ဒုက္ခပေးတာ၊ ပြဿနာရှာတာကို ဆိုလိုတာဖြစ်ပါတယ်။ ဒီအသုံးကို နျူးကလီးယား စမ်းသပ်မှုတွေ ပြုလုပ်ခါ၊ ဒုံးလက်နက်ပစ်မယ်ဆိုပြီး မကြာခဏ ခြိမ်းခြောက်နေတဲ့ မြောက်ကိုရီးယားကို နျူးကလီးယားလက်နက် စွန့်ရေးအတွက် ဝိုင်းဖိအားပေးတဲ့ သမ္မတ Trump ရဲ့ ဗျူဟာကြောင့် ထောင့်ပိတ်မိနေတဲ့ မြောက်ကိုရိးယားဟာ ဒုက္ခပေး ၊ ပြဿနာရှာနေပြီဆိုပြီး Washington Post သတင်းစာကြီးက North Korea is acting up because Trump has it cornered လို့ ရေးသားခဲ့တာ ဖြစ်ပါတယ်။

ဥပမာ -

John was acting up in the class so the teacher punished him.

John က အတန်းထဲမှာ ဒုက္ခပေးတဲ့အတွက်ကြောင့် ဆရာကသူ့ကို ဒဏ်ပေးလိုက်တယ်။

(3) About-face

About (တခုခုနဲ့ ပတ်သက်လို့)၊ face (မျက်နှာ) ဖြစ်ပြီး စကားတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က မျက်နှာနဲ့တခုခု ပတ်သက်နေတာ ဖြစ်ပါတယ်။ About-face ဟာ ဝေါဟာရ နှစ်လုံးတွဲထား compound word ဖြစ်တဲ့အတိုင်း ကြားမှာ Hyphen တုံးတိုခံပြီးစာလုံးပေါင်းပါတယ်။ဒီနေရာမှာ နောက်ပြန်လှည့်ဖို့အမိန့်ပေးတဲ့ About-turn နဲ့ အဓိပ္ပါယ်ဆင်ပြီး အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်က ဗြောင်းဗြန်လုပ်တာ၊ လုံးဝဆန့်ကျင်ဘက် ဖြစ်သွားတာကို ဆိုလိုတာဖြစ်ပါတယ်။ တနည်း ရှေ့သွားရာကနေ ရုတ်တရက် နောက်ကိုပြန်လှည့်သွားမယ့်သဘော၊ ၁၈၀ ဒီဂရီ လှည့်ပစ်တာမျိုး ဖြစ်ပါတယ်။ ဒီအသုံးကို မြောက်ကိုရီးယား က အမေရိကန်သမ္မတ Trump နဲ့ စင်္ကာပူမှာ ဇွန်လဆန်းပိုင်တွေ့ဖို့ ကောင်းပေ့ကောင်းရက်နဲ့ အစကသဘောတူခဲ့ပြီးမကြာမီဘဲ၊ တောင်ကိုရီးယားနဲ့ အမေရိကန်ကြား စစ်ရေးလေ့ကျင့်မှုတွေကြောင့်ဒေါသထွက်ခါ၊ တွေ့ဖို့အစီအစဉ်ကို ဖျက်မယ်လို့ မြောက်ကိုရီးယားက စောစောကခြိမ်းခြောက်ခဲ့တဲ့၊ မြောက်ကိုရီးယားရဲ့ အခုတမျိုး၊ နောက်တမျိုးအပြုအမူကြောင့် သမ္မတ Trump ကို နားချဖို့ တောင်ကိုရီးယားအစိုးရရဲ့ မျှော်လင့်ကြီးစွာနဲ့ ကြိုးပမ်းမှုဟာ ဒုက္ခရောက်နေပြီဆိုပြီး Reuters သတင်းတပုဒ်မှာ North Korea's about-face complicates South Korea's pitch to Trump ခေါင်းကြီးနဲ့ ရေးသားခဲ့တာ ဖြစ်ပါတယ်။

ဥပမာ -

We were all shocked when Mary did an about-face on her decision.

Mary က သူ့ရဲ့ ဆုံးဖြတ်ချက်ကို လုံးဝဗြောင်းဗြန်လုပ်လိုက်တဲ့အတွက် ကျနော်တို့အားလုံး အံ့အားသင့်တုန်လှုပ်သွားကြတယ်။

ဒီသတင်းပတ် တင်ပြခဲ့တဲ့ idioms အသုံးတွေက Wake up call, Act up နဲ့ About-face တို့ ဖြစ်ကြပါတယ်။

XS
SM
MD
LG