သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မျက်မှောက်သတင်းလောက အီဒီယံအသုံးအနှုန်းများ


Pull a fast one
Pull a fast one
တိုက်ရိုက် လင့်ခ်

ဒီတပတ် English American Style Idioms ကဏ္ဍမှာ မျက်မှောက်သတင်းလောကမှာ သုံးနှုန်းနေတဲ့ အီဒီယံအသုံးတချိုု့ဖြစ်တဲ့ Pull a fast one, Throw cold water နဲ့ Flip flop တို့ကို တင်ပြထားပါတယ်။

(၁) Pull a Fast One

Pull (ဆွဲတာ)၊ a (တစ်ခု)၊ fast( လျင်တာ၊ မြန်တာ)၊ one (တစ်) ဖြစ်ပြီး စကားစုတစ်စုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က တစ်ခုခုကို အလျင်အမြန်လုပ်လိုက်တာ ဖြစ်ပါတယ်။ ဒီအသုံးက ဖဲကစားရာကနေ ဆင်းသက်လာတယ်လို့ဆိုပါတယ်။ ဖဲချပ်တွေဆွဲရာမှာ သိပ်မြန်ပြီး မျက်လှည့်ပြသလို လုပ်တာမျိုး ဖြစ်ပါတယ်။ Idiom ဆိုတဲ့ သွယ်ဝိုက်အဓိပ္ပာယ်က မျက်စိလည်အောင်လုပ်တာ ၊ လူလည်ကျတာ၊ လှည့်စားဖို့ ကြိုးစားတာကို ဆိုလိုပါတယ်။ ကျမတို့ မြန်မာမှာတော့ ကတုံးပေါ်ထိပ်ကွက်တာနဲ့ နီးစပ်တယ်လို့ဆိုရမှာပါ၊ ဒီအသုံးကို August လ (၂၃) ကနေ (၂၆) အထိ ပြင်သစ် နိုင်ငံ Biarrietz ကမ်းခြေမြို့မှာ ကျင်းပခဲ့တဲ့ G -7 ကမ္ဘာ့စက်မှှုအင်အားကြီး (၇) နိုင်ငံရဲ့ ထိပ်သီးညီလာခံမှာ အထူးသဖြင့်၊ သူထင်ရင်ထင်သလို လုပ်လေ့ရှိတဲ့ အမေရိကန်သမ္မတ Donald Trump က 5 plus 1 ဖြစ်တဲ့ လုံခြုံရေးကောင်စီ အမြဲတန်းအဖွဲ့ဝင် (၅) နိုင်ငံ နဲ့ ဂျာမဏီ အပြင် EU အပါအဝင်၊ အီရန်နဲ့ ၂၀၁၅ က ချုုပ်ဆိုခဲ့တဲ့ Nuclear စာချုပ်ကနေ အမေရိကန်ကို ၂၀၁၈ က နှုတ်ထွက်ခဲ့တဲ့အတွက်၊ ဒီသဘောတူညီမှုကို ထောက်ခံတဲ့ ဥရောပနိုင်ငံတွေက ဒီကိစ္စနဲ့ ပတ်သက်လို့ Trump ကို ဘယ်လိုစည်းရုံးရမလဲလို့ ခေါင်းခဲနေကြချိန်မှာ၊ G -7 အိမ်ရှင်ပြင်သစ်သမ္မတ Emmanuel Macron ရဲ့ အကွက်မြင်တဲ့ လုပ်ဆောင်ချက်ဖြစ်တဲ့ G- 7 ခေါင်းဆောင်တွေကို ကြိုတင်အသိမပေးဘဲ၊ အီရန်နိုင်ငံခြားရေးဝန်ကြီး Javad Zarif ကို ရုတ်တရက် G-7 ကျင်းပရာကို အရောက်ခေါ်လိုက်ပြီး၊ Trump နဲ့ အီရန်သမ္မတ Hassan Rouhani တို့ နှစ်ဦး နောက်သတင်းပတ်တွေမှာ တွေ့ဆုံဖို့ အခြေအနေကောင်းတွေ ဖန်တီးပေးနိုင်ခဲ့တယ်လို့သတင်းစာရှင်းလင်းပွဲမှာ ကြေငြာလိုက်တဲ့အတွက် Bloomberg.com မှာ How Macron Pulled a Fast One on G-7 Leaders With Gamble on Iran အီရန်နဲ့ ပတ်သက်လို့ စွန့်စားပြီး G-7 ခေါင်းဆောင်တွေ မျက်စေ့လည်အောင် Macron လိုက်ပုံက ဆိုတဲ့ခေါင်းကြီးနဲ့ ရေးသားခဲ့တာ ဖြစ်ပါတယ်။

ဥပမာ - The car salesman tried to “pull a fast one” on the old man.

မော်တော်ကားပွဲစားက အဖိုးကြီးအပေါ်လူလည်ကျဖို့ ကြိုးစားခဲ့တယ်။

(၂) Throw Cold Water

Throw (ပစ်တာ၊ ရေဆိုရင် ပက်တာ)၊ cold water (ရေအေး) ဖြစ်ပြီး စကားစုတစ်ခုလုံးရဲ့ လုံးကောက်အဓိပ္ပါယ်က ရေအေးနဲ့ ပက်တာ ဖြစ်ပါတယ်။ ထတောက်ဖို့ ပြင်နေတုံးရှိသေး တဲ့မီးကို ရေအေးနဲ့ ပက်လိုက်တယ်ဆိုရင် အဲဒီမီးညွန့် ကျိုးသွားမှာဖြစ်သလို ၊ အီဒီယံအဓိပ္ပါယ်ကလည်း စိတ်ဝင်စားမှု၊ စိတ်အားထက်သန်မှု၊ စိတ်ဓါတ်တက်ကြွမှုကို အားမပေးတာ၊ ဘဝင်မကျဖြစ်တာ၊ ဝေဖန်တာ၊ သဘောမကျဖြစ်တာ၊ ကန့်ကွက်တာလုပ်ပြီး၊ ဝိုင်းဝန်းပံ့ပိုးခြင်း မရှိတဲ့အတွက် သွေးအေးသွားစေတာကို ရည်ညွှန်းတာ ဖြစ်ပါတယ်။ ပြင်သစ်မှာ ကျင်းပပြီးစီးခဲ့တဲ့ G-7 ထိပ်သီးညီလာခံမှာ ဖြစ်ခဲ့တာကို ကိုးကားပြီး Throw cold water ဆိုတဲ့ Idiom ကို သုံးထားတာဖြစ်ပါတယ်။ ဖြစ်ရပ်ကတော့ G-7 ထိပ်သီးညီလာခံကို နောက်နှစ်မှာ အမေရိကန်က တာဝန်ယူကျင်းပတဲ့အခါ သမ္မတ Trump က Florida ပြည်နယ် Miami ရှိ သူပိုင် Doral ဂေါက်ကွင်း အပန်းဖြေစခန်းကြီးမှာ လုပ်ရင်သိပ်ကောင်းမှာပဲဆိုပြီး ကမ်းလှမ်းခဲ့တာနဲ့ ပတ်သက်လို့ သမ္မတတဦးအနေနဲ့ နိုင်ငံနဲ့ ပတ်သက်တဲ့ကိစ္စရပ်မှာ ကိုယ်ကျိုးစီးပွားဝင်ရှာဖို့ ကြိုးပမ်းတာဟာ မသင့်တော်ဘူးလို့ ကျင့်ဝတ်ပိုင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေထံမှ ကန့်ကွက်သံတွေ ထွက်ပေါ်ခဲ့တဲ့အတွက် Thinkprogress.org မှာ Ethics experts throw cold water on Trump’s offer to host the next G7 summit ဆိုတဲ့ခေါင်းကြီး ရေးသားခဲ့ကြတာ ဖြစ်ပါတယ်။

ဥပမာ

The court “threw cold water” on the President’s plan to set new restrictions on immigration.

လူဝင်မှုကြီးကြပ်ရေး ကန့်သတ်မှုတွေ အသစ်တွေ ချမှတ်မယ့် သမ္မတရဲ့ အစီအစဉ်အပေါ် တရားရုံးက ကန့်ကွက်လိုက်တယ်။

(၃) Flip Flop

Flip (လှန်လိုက်တာ)၊ flop (လှန်လိုက်တဲ့ဟာက ပြန်ကျလာတာ) ဖြစ်ပါတယ်။ လုံးကောက်အဓိပ္ပါယ်ကို အရှင်းဆုံးပြောရရင် မှောက်လိုက်၊ လှန်လိုက်လုပ်တာ ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်က အခုတမျိုး နောက်တမျိုး ပြောတာမျိုး ဒါမှမဟုတ် လုပ်တာမျိုး ဖြစ်ပါတယ်။ ဘန်းစကားအရတော့ ရှေ့နောက်မညီတာ၊ ဗလောင်းဗလဲနိုင်တာမျိုး ဖြစ်ပါတယ်။ ဒီအသုံးကိုသမ္မတ Trump က တရုတ်သမ္မတ Xi Jinping နဲ့ ပတ်သက်လို့ အမေရိကန်နဲ့ တရုတ် ကုန်သွယ်ရေးစစ်ကြောင့် Xi ဟာ ရန်သူကြီး ဖြစ်တယ်လို့ ပြောခဲ့ပြီး မကြာမီမှာဘဲ G-7 ထိပ်သီးညီလာခံမှာတော့ Xi ဟာ အလွန်တော်တဲ့ ခေါင်းဆောင်တဦး ဖြစ်ပါတယ်လို့သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တဲ့အတွက် တရုတ်နဲ့ ပတ်သက်လို့ Trump ဟာ ဗလောင်းဗလဲ နိုင်လှတယ်ဆိုပြီး MSN ရုပ်သံလွှင့်ဌာနက Trump flip-flops on China, calls Xi a ‘great leader’ after branding him ‘enemy’ ဆိုတဲ့ခေါင်းကြီးနဲ့ ရေးသားခဲ့တာ ဖြစ်ပါတယ်။

ဥပမာ

After the party’s candidate “flip-flopped” on a number of issues, the voters said they could not trust him.

ပါတီကိုယ်စားလှယ်လောင်းက ကိစ္စအတော်များများနဲ့ ပတ်သက်လို့၊ အခုတမျိုး နောက်တမျိုး ပြောတဲ့အတွက်၊ မဲဆန္ဒရှင်တွေက သူ့ကို ယုံကြည်လို့ မရဘူးလို့ ပြောကြတယ်။

XS
SM
MD
LG