သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မျက်မှောက်နိုင်ငံရေးလောက အီဒီယံအသုံးအနှုန်းများ


တိုက်ရိုက် လင့်ခ်


ဒီတပတ် English American Style Idioms ကဏ္ဍမှာ မျက်မှောက်နိုင်ငံရေးလောကမှာ သုံးနှုန်းနေတဲ့ အီဒီယံအသုံးတချို့ဖြစ်တဲ့ Slap in the face, Pull the plug နဲ့ No reverse gear တို့ကို တင်ပြပေးထားပါတယ်။

(၁) Slap in the face

Slap (ရိုက်တာ)၊ in the face (မျက်နှာမှာ) ဖြစ်ပြီး၊စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က မျက်နှာမှာ ရိုက်လိုက်တာ ဖြစ်ပါတယ်။ ကျမတို့ မြန်မာမှာတော့ မျက်နှာမှာ ရိုက်တယ်ဆိုကတည်းက အဓိက ပါးကိုရိုက်တာမို့ ပါးရိုက်လိုက်တာလို့ သုံးကြတာ ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကတော့ ရင့်သီးစော်ကားရာရောက်တဲ့၊ အခံရခက်စေတဲ့၊ သိက္ခာကျစရာကောင်းတဲ့၊ ရိုင်းပြလှတဲ့၊ စိတ်ပျက်စရာကောင်းတဲ့၊ စိတ်ဆင်းရဲစရာဖြစ်တဲ့၊ နာကျည်းစရာဖြစ်တဲ့ အပြုအမှု ပြောဆိုမှုကို ရည်ညွှန်းသုံးတာ ဖြစ်ပါတယ်။ တနည်းအနေနဲ့ လူတဦးအနေနဲ့ လက်တွေ့ပါး အရိုက်ခံရတာ မဟုတ်ပေမယ့်လဲ ပါးရိုက်ခံရသလိုပဲ နာကျည်းရာ၊ စော်ကားရာ ရောက်စေတဲ့ အပြုအမှု၊ ပြောဆိုခံရမှုကို ရည်ညွှန်းတာ ဖြစ်ပါတယ်။ ဒီအသုံးကို သမ္မတ Trump က Paris ရာသီဥတု ထိန်းသိမ်းရေး သဘောတူညီမှုကနေ အမေရိကန်က နှုတ်ထွက်မယ်ဆိုတဲ့အကြောင်း ဇွန်လ (၂) ရက်နေ့က ကြေညာခဲ့ပြီးနောက် နိုင်ငံတကာ ခေါင်းဆောင်တွေက စိတ်ပျက်စရာ တုံ့ပြန်ခဲ့ကြရာမှာ ပုပ်ရဟန်းမင်းကြီးရဲ့ Vatican နန်းတော်ကနေ အရာရှိတဦးက သမ္မတ Trump ဒီလိုလုပ်တာကို Slap in the face ဆိုတဲ့ အီဒီယံကိုသုံးပြီး တုံ့ပြန်ခဲ့တာကို သတင်းခေါင်းကြီးတွေမှာ အခုလို ဖော်ပြခဲ့ကြတာ ဖြစ်ပါတယ်။

A Vatican official said Trump leaving Paris deal was a slap in the face.

Trump က Paris သဘောတူညီမှုကနေ အမေရိကန်က နှုတ်ထွက်မယ်လို့ ပြောတာဟာ ကမ္ဘာကြီးအပေါ် သိပ်ရင့်သီးတဲ့ ဆက်ဆံမှု ဖြစ်တယ်လို့ Vatican အရာရှိတဦးက ပြောလိုက်ပါတယ်။

Slap in the face နဲ့ ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

It was a slap in the face for Mary to be scolded in front of other staffers.

တခြားအမှုထမ်းတွေရှေ့မှာ အဆူခံရတာ Mary အတွက်သိပ်ကိုသိက္ခာကျစေတဲ့အပြုအမှု ဖြစ်တယ်။

(၂) Pull the plug

Pull (ဆွဲထုတ်တာ)၊ the plug (ပလပ်) လို့ခေါ်တဲ့ မီးလာစေဖို့၊ လျှပ်စစ်မီး စီးစေဖို့ ဓါတ်ကြိုးနဲ့ သွယ်ထားတဲ့ အင်္ဂလိပ်ဝေါဟာရကို မြန်မာမှာလဲယူသုံးထားတဲ့ ပလပ်ကိုလိုတာ ဖြစ်ပါတယ်။ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ပလပ်ကို ပလပ်ပေါက်ကနေ ဆွဲဖြုတ်လိုက်တာ ဖြစ်ပါတယ်။ ပလပ်ကို Socket ဆိုတဲ့ ပလပ်ပေါက်ကနေ ဆွဲဖြုတ်လိုက်ရင် မီးမလာတော့မှာ ဖြစ်သလို၊ အီဒီယံဆိုတဲ့ သွယ်ဝိုက်အဓိပ္ပါယ်ကလည်း တခုခုကို အဆုံးသတ်စေအောင် ပြုလုပ်လိုက်တာ ဖြစ်ပါတယ်။ ဒီအသုံးကို သမ္မတ Trump က Paris ရာသီဥတု သဘောတူညီမှုကနေ အမေရိကန်က နှုတ်ထွက်မယ်လို့ ကြေညာခဲ့ရာမှာ သတင်းခေါင်းကြီးတွေမှာ Pull the plug အသုံးကို ရည်ညွှန်းသုံးခဲ့ကြတာ ဖြစ်ပါတယ်။

Trump pulled the plug on the Paris Climate deal.
Trump က Paris သဘောတူညီမှုကနေ နှုတ်ထွက်လိုက်တယ်။

Pull the plug နဲ့ ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

The Mayor pulled the plug on our project by cutting the funding.

မြို့တော်ဝန်က ကျနော်တို့ စီမံကိန်းကို ဆက်မလုပ်နိုင်အောင် ထောက်ပံ့ငွေကို ဖြတ်တောက်ပစ်လိုက်တယ်။

(၃) No reverse gear

No (မရှိတာ၊ မဟုတ်တာ၊ မဖြစ်တာ)၊ reverse (နောက်ပြန်ဆုတ်တာ)၊ gear (မော်တော်ကား ဂီယာ) ဆိုတော့ စကားစုတခုလုံးရဲ့ လုံးကောက်အဓိပ္ပါယ်ကတော့ နောက်ပြန်ဆုတ်တဲ့ ဂီယာ မရှိတာ ဖြစ်ပါတယ်။ မော်တော်ကားဆိုရင် နောက်ပြန်ဆုတ်ချင်ရင် ကျမတို့ မြန်မာမှာ Back gear ထိုးတယ်လို့ ဆိုကြလေ့ရှိတဲ့အတိုင်း အီဒီယံဆိုတဲ့ သွယ်ဝိုက်အဓိပ္ပါယ်ကတော့ တခုခုကို နောက်ပြန်ဆုတ်တာမျိုး၊ မလုပ်တာ၊ မရှိတာမျိုးကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီအသုံးကို သမ္မတ Trump က Paris သဘောတူညီမှုကနေ အမေရိကန်က နှုတ်ထွက်လိုက်ပေမယ့်လဲ ပြန်ပြီးစေ့စပ်ညှိနှိုင်းမယ်လို့ ပြောခဲ့တာကို နိုင်ငံတကာက ဝိုင်းတုံ့ပြန်ခဲ့ရာမှာ ဥရောပကော်မရှင် ဥက္ကဋ္ဌက ဒီသဘောတူညီမှုနဲ့ ပတ်သက်လို့ ဘယ်လိုမှ နောက်ဆုတ်မှာ မဟုတ်ဘူးလို့ တုံ့ပြန်ပြောကြားတာကို သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

The EU Chief said there was no reverse gear on the Paris deal.
EU အကြီးအကဲက Paris သဘောတူညီမှုကနေ နောက်ဆုတ်နိုင်မယ့် အခြေအနေ မရှိဘူးလို့ ပြောဆိုခဲ့ပါတယ်။

No reverse gear နဲ့ ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Some armed ethnic groups said there would be no reverse gear on the Peace deal.

ငြိမ်းချမ်းရေးသဘောတူညီမှုနဲ့ ပတ်သက်လို့ နောက်ပြန်ဆုတ်တာမျိုးရှိမှာမဟုတ်ဘူးလို့ တချို့လက်နက်ကိုင်တိုင်းရင်းသားအုပ်စုတွေက ပြောဆိုကြတယ်။

ဒီသတင်းပတ် တင်ပြခဲ့တဲ့ အီဒီယံအသုံးအနှုန်းတွေက Slap in the face, Pull the plug နဲ့ No reverse gear တို့ ဖြစ်ပါတယ်။

XS
SM
MD
LG