သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Hillary Clinton ရဲ့ ဘွဲ့နှင်းသဘင်မိန့်ခွန်း က အီဒီယံအသုံးအနှုန်းများ


Former Secretary of State Hillary Clinton delivers the commencement address at Wellesley College.
Former Secretary of State Hillary Clinton delivers the commencement address at Wellesley College.
တိုက်ရိုက် လင့်ခ်

ဒီတပတ် English American Style Idioms ကဏ္ဍမှာ ၂၀၁၆ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် အနိုင်မရရှိခဲ့တဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်း Hillary Clinton က သူဘွဲ့ရခဲ့တဲ့ Massachusetts ပြည်နယ်က Wellesley College ဘွဲ့နှင်းသဘင်မှာ မေလ (၂၆) ရက်နေ့က ပြောကြားခဲ့တဲ့ မိန့်ခွန်းမှာ သုံးနှုန်းခဲ့တဲ့ အီဒီယံအသုံးတချို့ဖြစ်တဲ့ Stick it out, Not for the faint of heart နဲ့ Double down တို့ကို ကောက်နုတ်တင်ပြထားပါတယ်။

(၁) Stick it out

Stick (ကပ်တာ၊ မခွါဘဲနေတာ)၊ it (တခုခုကို ကိုယ်စားပြုတဲ့နာမ်စား)၊ out (အပြင်ဘက်) ဖြစ်ပြီး၊စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က တခုခုနဲ့ ပတ်သက်လို့ အပြင်ဘက်အထိ မခွါဘဲနေတာကို ဆိုလိုတာဖြစ်ပါတယ်။ အီဒီယံဆိုတဲ့ သွယ်ဝိုက်အဓိပ္ပါယ်ကတော့ တခုခုကို ဆုံးခန်းတိုင်အထိလုပ်ဖို့ စိတ်ရှည်သည်းခံ၊ ဒုက္ခခံပြီး လိုရာပန်းတိုင်ရောက်တဲ့အထိ ဇွဲမလျှော့ဘဲလုပ်ဖို့၊ ဒဏ်ကိုကြံ့ကြံ့ခံနိုင်ရည် ရှိဖို့ကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီအသုံးကို Hillary Clitnon က အထင်ကရ အမျိုးသမီး Wellesley College ကို စတက်တဲ့အခါ စာတွေက ခက်တဲ့အတွက် Illinois ရှိ သူ့မိဘတွေထံ ဖုန်းဆက်ပြီးပြောတော့ အဖေဖြစ်သူက အိမ်ပြန်လာချင်လဲပြန်လာလို့ ပြောခဲ့ပေမယ့်လဲ သူ့အမေက ဘယ်လိုပြောခဲ့သလဲဆိုတာကို သူက ကိုးကားပြောပြခဲ့တာ ဖြစ်ပါတယ်။ လေ့လာကြည့်ရအောင်ပါ။

My mother said you have to stick it out.

ကျမအမေက ကျမအနေနဲ့ ခံနိုင်ရည်ရှိရမယ်လို့ ပြောခဲ့တယ်။

(၂) Not for the faint of heart

Not (မဟုတ်သဘောကိုပြတာ)၊ for (အတွက်)၊ the faint of heart (အသည်းနှလုံးငယ်တာ) ဖြစ်ပြီး၊ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က အသည်းနှလုံးငယ်သူတွေအတွက် မသင့်တော်တာ ဖြစ်ပါတယ်။ ဒီအသုံးရဲ့ အီဒီယံအဓိပ္ပါယ်က ကျမတို့မြန်မာမှာ ကြောက်တတ်တဲ့လူ၊ အသည်းငယ်တဲ့၊ အသည်းကြောင်တဲ့လူ၊ အန္တရာယ်ကို မရင်ဆိုင်ရဲတဲ့လူ၊ အရဲမစွန့်ရဲတဲ့လူ၊ လွယ်လွယ်လေးနဲ့ ကြောက်တတ်တဲ့လူမျိုးနဲ့မသင့်တော်တာကို ဆိုလိုတာဖြစ်ပါတယ်။ ဒီအသုံးကို Hillary Clinton က ဘွဲ့ရတွေကို ဆုံးမစကား ပြောရာမှာ အကဲစမ်းမှုတွေကို ရင်ဆိုင်ကြဖို့၊ မေးခွန်းထုတ်ကြဖို့၊ ရွေးကောက်ပွဲမှာ ဝင်ယှဉ်ပြိုင်ကြဖို့ တိုက်တွန်းပြောကြားခဲ့တာ ဖြစ်ပါတယ်။ လေ့လာကြည့်ရအောင်ပါ။

Now, that's not for everybody. I know. And it's certainly not for the faint of heart.

ကျမ တိုက်တွန်းခဲ့တာတွေကို လူတိုင်းကတော့ လုပ်နိုင်ကြမှာ မဟုတ်ပါဘူး။ အထူးသဖြင့် သတ္တိကြောင်တဲ့ လူတွေကတော့ လုပ်နိုင်ကြမှာ မဟုတ်ပါဘူး။

(၃) Double down

Double (နှစ်ဆ)၊ down (အောက်ဘက်) ဆိုတော့ စကားစုတခုလုံးရဲ့ လုံးကောက်အဓိပ္ပါယ်က အောက်ကိုနှစ်ဆ ချလိုက်တာ ဖြစ်ပါတယ်။ ဒီအသုံးက Blackjack ဆိုတဲ့ ဖဲကစားနည်းက ဆင်းသက်လာတာ ဖြစ်ပါတယ်။ ဖဲသုံးချပ် ဝေလေ့ရှိတဲ့ Blackjack လောင်းကစားနည်းမှာ ဒိုင်က ကစားသူကို ဖဲနှစ်ချပ်ဝေအပြီး ၊ ဖဲတချပ်ပဲ ဝေဖို့ကျန် တော့တဲ့အချိန်မှာ ကိုယ့်လက်ထဲရောက်နေတဲ့ ဖဲနှစ်ချပ်က ကောင်းနေလေတော့၊ နိုင်ချေများတယ်လို့တွက်ပြီး၊ကစားသူက ငွေကို နှစ်ဆတိုး လောင်းတဲ့ဖြစ်ရပ်ကနေ ဆင်းသက်လာတာ ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကတော့ ကိုယ့်အတွက် အကျိုးရှိမယ့်ဟာဆိုရင် ဆထက်တပိုး ကြိုးပမ်းအားထုတ်တာ ဖြစ်ပါတယ်။ Hillary Clinton က သူ့မိန့််ခွန်းရဲ့ နိဂုံးမှာ Wellesley ဘွဲ့ရ ကျောင်းဆင်းတွေအနေနဲ့ လောကကြီးထဲ ဝင်တဲ့အခါမှာ အကောင်းဆုံး ကြိုးစားကြဖို့၊ တဦးနဲ့တဦး ဖေးမကြဖို့ တိုက်တွန်းပြောကြားခဲ့တာ ဖြစ်ပါတယ်။ လေ့လာကြည့်ရအောင်ပါ။

Double down on your passions. Be bold. Try. Fail. Try again and lean on each other.

ကိုယ့်ယုံကြည်ချက်တွေ အောင်မြင်စေဖို့ ဆထက်တပိုး ကြိုးပမ်းကြပါ။ သတ္တိရှိကြပါ။ ကြိုးစားကြပါ။ ရှုံးခဲ့ရင်လဲ ထပ်ပြီး ကြိုးစားပါ။ တဦးနဲ့တဦး ကူညီဖေးမကြပါ။

ဒီသတင်းပတ် တင်ပြခဲ့တဲ့ အီဒီယံအသုံးအနှုန်းတွေက Stick it out, Not for the faint of heart နဲ့ Double down တို့ ဖြစ်ပါတယ်။

XS
SM
MD
LG