ဒီတပတ် English American Style Idioms ကဏ္ဍမှာ မျက်မှောက်သတင်းလောကမှာ သုံးနှုန်းနေတဲ့ အီဒီယံအသုံးတချို့  ဖြစ်တဲ့ Too Close to call, Cold shoulder နဲ့ To be Cornered by တို့ကို တင်ပြထားပါတယ်။
(၁) Too Close to call
Too (လွန်ကဲမှုကို ပြသတာ)၊ close (နီးကပ်တာ)၊ to call (ခေါ်တာ) ဆိုတော့ စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်က ခေါ်ဖို့ရာ သိပ်နီးကပ်နေတာ ဖြစ်ပါတယ်။ ဒီအသုံးဆင်းသက်လာတာ အားကစားပွဲက ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်က ပြိုင်ပွဲတခုမှာ ယှဉ်ပြိုင်သူနှစ်ဦးကြား ဒါမှမဟုတ် အသင်းနှစ်သင်းကြား ဘယ်သူကနိုင်မယ်၊ ဘယ်အသင်းက နိုင်မယ်ဆိုတာ အသေအချာ ပြောနိုင်ဖို့ ခက်ခဲတဲ့ အခြေအနေမျိုး၊ မလွယ်တဲ့ အခြေအနေမျိုးကိုဆိုလိုတာ ဖြစ်ပါတယ်။ အလားတူ ရွေးကောက်ပွဲတွေမှာ အာဏာရနဲ့ တိုက်အခံပါတီ နှစ်ဖက်စလုံးက အားကောင်းတယ်ဆိုရင် Exit Polls လို့  ခေါ်တဲ့ မဲရုံအထွက် ကောက်ခံတဲ့စစ်တမ်းတွေကို အခြေခံပြီးကြိုတင်ခန့်မှန်းကြရာမှာ အကျိတ်အနယ်သိပ်ဖြစ်လွန်းရင် မဲအရေအတွက်က သိပ်ကပ်နေပြီး ဘယ်ပါတီနိုင်မယ် ၊ ဘယ်သူနိုင်မယ်ဆိုတာ ပြောဖို့စောလွန်းနေတဲ့ အနေထားမျိုးမှာ Too close to call ကို ရည်ညွှန်းသုံးလေ့ရှိပါတယ်။ ဒီအသုံးကို စက်တင်ဘာ၁၇ ရက်နေ့ က အစ္စရေးလ်နိုင်ငံမှာ (၆) လအတွင်း ဒုတိယအကြိမ် ကျင်းပခဲ့တဲ့ရွေးကောက်ပွဲမှာ အဓိက ပါတီကြီးနှစ်ရပ် တို့  ဖြစ်ကြတဲ့ လက်ရှိ ၀န်ကြီးချုပ် Benjamin Netanyahu ရဲ့ Likud ပါတီ နဲ့  အစ္စရေးစစ်တပ်အကြီးအကဲဟောင်း Benny Gantz ရဲ့ ဗဟိုဝါဒီ Blue and White ပါတီ တို့  အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြရာမှာ မဲရုံအထွက် ကနဦးကောက်ခံတဲ့ စစ်တမ်းတွေအရ အစိုးရဖွဲ့  နိုင်လောက်အောင် အဓိကပါတီကြီးနှစ်ရပ်တို့ က အပြတ်အနိုင်ရတာမရှိဘဲ၊ ထိုစဉ်က မဲတွေလဲရေတွက်နေဆဲရှိတုံးမို့ ကနဦးရလဒ်တွေအရ ကိုယ်မသာသူမသာ အခြေအနေမှာရှိနေတဲ့အတွက် Wall St. ၈ျာနယ်သတင်းစာကြီးက “Israel’s Election Too Close to Call After First Exit Polls “ ဆိုတဲ့ ခေါင်းကြီးနဲ့ ရေးသားခဲ့တာ ဖြစ်ပါတယ်။
ဥပမာ
The basketball game was “too close to call.” Only in the last minute did the home team win by scoring four more straight points.
Basketball ပြိုင်ပွဲ က အကြိတ်အနယ်မို့ ဘယ်အသင်း အနိုင်ရမယ်ဆိုတာ ခန့်မှန်းဖို့ ခက်နေတယ်။ နောက်ဆုံးအချိန်ကပ်မှ၊ အိမ်ရှင်အသင်းက နောက်ထပ် (၄) မှတ် ဆက်တိုက်ရသွားလို့ အနိုင်ရသွားတယ်။
(၂) Cold Shoulder
Cold (အေးစက်တာ)၊ shoulder (ပခုံး) ဖြစ်ပြီး တိုက်ရိုက်အဓိပ္ပါယ်က အေးစက်တဲ့ ပခုံး ဖြစ်ပါတယ်။ ဒီအသုံးဆင်းသက်လာတာကတော့ ရှေးတုန်းက သာမန်အားဖြင့် လူတွေအနေနဲ့ ကိုယ့်အိမ်ကိုလာတဲ့ ဧည့်သည်ကို ကျွေးမွေးမယ်ဆိုရင် ချက်ပြီသား ဆိတ်ပခုံးသားကို ပူပူနွေးနွေး နွှေးကျွေးတတ်ကြပေမယ့်၊ မကြိုက်တဲ့ ဧည့်သည်ကို ဧည့်ခံရင်တော့ ချက်ပြီးသား ဆိတ်ပခုံးသားကို ပြန်မနွှေးဘဲ အအေးအတိုင်း ကျွေးတဲ့ဓလေ့ကနေ၊ ဒီအသုံးဆင်းသက်လာတယ်လို့ ဆိုပါတယ်။ ဒီ Idiom ကို ပေးတယ်လို့ အဓိပ္ပါယ်ရတဲ့ “Give”ဆိုတဲ့ ကြိယာနဲ့ တွဲ ပြီး “Give the cold shoulder” လို့  သုံးလေ့ ရှိပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကတော့ လူတဦးကို အေးတိအေးစက်ဆက်ဆံတာ၊ ဖော်ဖော်ရွေရွေမရှိတာ၊ လှိုက်လှိုက်လှဲလှဲ မဆက်ဆံတာ၊ နှုတ်မဆက်တာ၊ မသိချင်ယောင်ဆောင်တာ၊ ခပ်စိမ်းစိမ်း ၊ ခပ်ခွါခွါနေတာ ၊ အဖက်မလုပ်တာမျိုး ဖြစ်ပါတယ်။ ဒီအသုံးကို Israel ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အခုနောက်ဆုံး ရလဒ်တွေအရ၊ လက်ရှိ ၀န်ကြီးချုပ် Netanyahu ရဲ့ Likud ပါတီက ကိုယ်စားလှယ် (၃၁) နေရာ ရပြီး၊ အစ္စရေးစစ်တပ် အကြီးအကဲဟောင်း Benny Gantz ဦးဆောင်တဲ့ Blue and White ပါတီက ကိုယ်စားလှယ် (၃၃) နေရာအနိုင်ရလို့ ကိုယ်စားလှယ် (၁၂၀) ရှိတဲ့ Israel Knesset လွှတ်တော်မှာ အစိုးရဖွဲ့ နိုင်ဖို့ ကိုယ်စားလှယ်နေရာ (၆၁) နေရာမရခဲ့ကြလို့ ညွန့်ပေါင်းအစိုးရဖွဲဖို့ ကြိုးပမ်းကြရမှာဖြစ်တဲ့ အနေအထားမှာရောက်နေသလို၊ Netanyahu သာ အစိုးရမဖွဲ့နိုင်ဘဲ ၀န်ကြီးချုပ်ရာထူးကပြုတ်ရင် အဂတိလိုက်စားမှုစွဲချက်နဲ့  အရေးယူခံရမှုကို ရင်ဆိုင်ရမှာဖြစ်တဲ့အတွက် ၊ လက်ရှိဘေးကြပ်နံကြပ် ဖြစ်နေတဲ့ Netanyahu ကို အရင်က သူ့ မိတ်ဆွေကောင်းကြီးလို့ ပြောခဲ့တဲ့ အမေရိကန် သမတ Donald Trump က လက်ရှိမှာ သူအလေးထားတာက အမေရိကန်နဲ့ Israel ကြား (၂) နိုင်ငံဆက်ဆံရေးသာ ဖြစ်တယ်လို့  ပြောခဲ့တဲ့အတွက် Netanyahu အပေါ် ခပ်စိမ်းစိမ်း ဆက်ဆံနေပုံရတယ် ဆိုပြီး The Washington Post သတင်းစာကြီး “Our relations are with Israel: Trump appears to give Netanyahu the cold shoulder” ဆိုတဲ့ခေါင်းကြီးနဲ့ ရေးသားခဲ့တာ ဖြစ်ပါတယ်။
ဥပမာ
Mary gave John “the cold shoulder” at the party last night. She must be angry with him.
Mary က ညက ပါတီပွဲမှာ John အပေါ် ခပ်စိမ်းစိမ်းနေခဲ့တယ်။ သူ စိတ်ဆိုးနေလို့ ဖြစ်နိုင်တယ် ။
(၃) To be cornered by
To be cornered (ချောင်ပိတ်မိနေတာ)၊ by (နှင့်) ဖြစ်ပြီး၊ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ် က တခုခုနဲ့ ချောင်ပတ်မိနေတာ ဖြစ်ပါတယ်။ ဒီအသုံးရဲ့  Idiom အဓိပ္ပါယ်ကလည်း သိပ်မကွာလှပါဘူး ၊၊ ချောင်ပိတ်ပြီး ထွက်ပေါက်မလွယ်ဖြစ်တာ၊ အကြပ်ရိုက်နေတာ၊ ကြံရာမရဖြစ်နေတာမျိုးကို ဆိုလိုပါတယ်။ ဒီအသုံးကို ဆော်ဒီအာရေးဗျရဲ့ ရေနံတွင်းကြီးတွေကို ဒီသတင်းပတ်စောစောက မောင်းသူမဲ့ ဒရုန်းယာဉ်တစင်းနဲ့ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခံရမှုကြောင့် ရေနံဈေးနှုန်းထိုးတက်သွားသလို၊ အီရန်ဘက်ကနေ မှောင်ရိပ်ခိုပြီး ပစ်ခတ်ခဲ့တယ်ဆိုတဲ့ အထောက်အထားတွေလည်း ထွက်ပေါ်လာတဲ့အတွက် ၊ အီရန်နဲ့  Nuclear လက်နက်ကိစ္စ အငြင်းပွါးနေတဲ့ အမေရိကန်သမတTrump အနေ နဲ့ ဆော်ဒီရေနံတွင်းတွေ ဒရုန်း (Drone) တိုက်ခိုက်ခံရမှုတွေနဲ့  ပတ်သက်လို့  အီရန်ကိုစစ်ဘဲသွားတိုက်ရမလား ၊ ဘယ်လိုတုံ့ပြန်ရမလဲ ဆိုတာကို ဆုံးဖြတ်ဖို့  အကြပ်ရိုက်နေတဲ့အတွက် Bloomberg.com မှာ “Trump Is Cornered by the Saudi Drone Attacks” ဆိုတဲ့ ခေါင်းကြီးနဲ့ ရေးသားခဲ့တာ ဖြစ်ပါတယ်။
ဥပမာ
The thief was “cornered by” police, so he quietly gave himself up.
ရဲကသူခိုးကို ချောင်ပိတ်မိလိုက်တဲ့အတွက် သူခိုးလဲ အသာတကြည်ပဲ အဖမ်းခံလိုက်တယ်။
---------------------