သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မျက်မှောက်သတင်းလောက အီဒီယံအသုံးအနှုန်းများ


တိုက်ရိုက် လင့်ခ်

ဒီတပတ် English American Style Idioms ကဏ္ဍမှာ မျက်မှောက်သတင်းလောကမှာ သုံးနှုန်းနေတဲ့ အီဒီယံအသုံးတချို့ ဖြစ်တဲ့ Tit for tat, Foot the bill နဲ့ Take a hit တို့ကို တင်ပြထားပါတယ်။

(၁) Tit for tat

Tit for tat အသုံးဟာ အင်္ဂလိပ်ဘာသာမှာ ထုလိုက် ရိုက်လိုက်တဲ့အသံတွေကို ရည်ညွှန်းတယ်လို့ဆိုပါတယ်။ ဆိုလိုတာကတဘက်က အသံတသံထွက်တဲ့အတွက်၊ နောက်တဘက်ကလဲ အသံတသံလိုက်ထွက်တာ ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကတော့ တဘက်က မခံချင်စရာတခုခုလုပ်တဲ့အတွက်၊ ကိုယ့်ဘက်ကလည်းမခံဘဲ ပြန်လက်တုံ့ပြန်တာကို ဆိုလိုတာ ဖြစ်ပါတယ်။ တနည်းအားဖြင့် This for that ဆိုတဲ့ အသုံးနဲ့ တူတယ်လို့ ဆိုရမှာပါ။ ကျမတို့ မြန်မာမှာတော့ အပြန်အလှန်သူက ချ၊ ကိုယ်ကလည်း သူ့ကိုပြန်ချတာမျိုး၊ သူက ကိုယ့်နားလာကိုက်၊ ကိုယ်က သူ့ပါးပြန်ကိုက်တာမျိုး ၊ ဘတပြန် ကျားတပြန် ချကြတယ်ဆိုတဲ့ အနေအထားမျိုးကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီအသုံးကို အမေရိကန်နဲ့တရုတ်၂ နိုင်ငံကုန်သွယ်ရေးသဘောတူညီမှု (၉၅) % ရထားတာကို တရုတ်က စဖျက်လိုက်လို့ အမေရိကန်ကိုတင်ပို့တဲ့ တရုတ်ကုန်စည်တွေအပေါ် သမ္မတ Donald Trump က အခွန်တိုးကောက်ခဲ့သလို တရုတ်ကလည်း လက်တုန့်ပြန်ပြီး တရုတ်ကိုအမေရိကန်က ပို့တဲ့ကုန်စည်တွေအပေါ် အခွန်တိုးကောက်လိုက်တဲ့အတွက် Fox Business.com မှာ “US-China immersed in a tit-for-tat tariff trade war” အမေရိကန်နဲ့ တရုတ်နှစ်နိုင်ငံဟာ၊ ဘတပြန် ကျားတပြန် သွင်းကုန်တွေအပေါ်အခွန် တိုးကောက်နေတဲ့ ကုန်သွယ်ရေးစစ်မှာ နစ်မျောနေပြီဆိုတဲ့ ခေါင်းကြီးနဲ့ ရေးသားခဲ့တာ ဖြစ်ပါတယ်။

ဥပမာ

John hit Harry, so he hit him back. It was “tit for tat.”

John က Harry ကို ရိုက်တယ်။ ဒါ့ကြောင့် Harry ကလည်း ပြန်ရိုက်တယ်။ ဒါကတော့ သူကချလို့ ကိုယ်ကလည်း ပြန်ချတာ ဖြစ်တယ်။

(၂) Foot the bill

Foot က ဒီနေရာမှာအောက်ဆုံးနားမှာ ရှိနေတာကို ဆိုလိုပါတယ်။ ဥပမာ လှေကားအောက်ဆုံးအထစ်ကို Foot of the Ladder လို့ သုံးသလို ၊ စာရင်းအင်းတွေမှာလည်း ဂဏန်းတွေအားလုံး ပေါင်းအပြီးအဖြေကို အောက်ဆုံးမှာ ရေးချတာကိုဆိုလိုတာ ဖြစ်ပါတယ်။ The bill ကတော့ ငွေပြေစာ ဖြတ်ပိုင်းဖြစ်ပါတယ်။ စကားစု တခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ငွေပြေစာဖြတ်ပိုင်းရဲ့ အောက်ဆုံးမှာပေါင်းထားတဲ့ ကျသင့်တဲ့ငွေ ဖြစ်ပါတယ်။ Idiom ဆိုတဲ့ သွယ်ဝိုက်အဓိပ္ပါယ်က ကျသင့်တဲ့ငွေကို တာဝန်ခံ ရှင်းပေးတာ၊ စိုက်ထုတ်ပေးတာ ဖြစ်ပါတယ်။ အထူးသဖြင့် အတော်လေး ကုန်ကျစရိတ်များတာကို စိုက်ထုတ်ပေးရာမှာ သုံးပါတယ်။ ဒီအသုံးကို လက်ရှိတရုတ်နဲ့ အမေရိကန် ကုန်သွယ်ရေးစစ်မှာ အမေရိကန်ကို တရုတ်က တင်ပို့နေတဲ့ ကုန်စည်တွေအပေါ်သမ္မတ Trump က အခွန်တိုးစည်းကြပ်လိုက်တဲ့အတွက်၊ တရုတ်က သူ့ပို့ကုန်တွေအပေါ်မှာ လိုက်ဈေးတင်လိုက်လို့ Rad Power တံဆိပ် electronic စက်ဘီးတွေ ထုတ်လုပ်တဲ့ Seattle အခြေစိုက် အမေရိကန်စက်ဘီး Company အနေနဲ့ တရုတ်လုပ်စက်ဘီးတာယာတွေနဲ့တခြားစက်ဘီး အစိတ်အပိုင်းတွေကို ဝယ်ယူတင်သွင်းရာမှာ အရင်ထက်ဈေးပိုပေးဝယ်ရတာကြောင့် Washington Post သတင်းစာခေါင်းကြီးမှာ “ US Bikemaker feels he foots the China tariff bill “ ဆိုပြီး တရုတ်ကုန်စည်တွေအပေါ် စည်းကြပ်တဲ့အခွန်ကို အမေရိကန်စက်ဘီး company က ပဲ ကျခံရတဲ့ကိန်းဆိုက်နေတယ်လို့ယူဆနေတဲ့အကြောင်း ရေးသားထားတာဖြစ်ပါတယ်။

ဥပမာ

The father of the bride offered to “foot the bill” for his daughter’s wedding.

သတို့သမီးရဲ့အဖေက သမီးမင်္ဂလာဆောင်ကုန်ကျစရိတ်ကို ကျခံဖို့ ကမ်းလှမ်းခဲ့တယ် ၊၊

(၃) Take a hit

Take (ယူတာ)၊ a hit (ထိတာ၊ရိုက်တာခံရတာ) ဖြစ်ပြီး၊ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ထိတာရိုက်တာကိုခံရတာ ဖြစ်ပါတယ်။ Idiom ဆိုတဲ့သွယ်ဝိုက်အဓိပ္ပါယ်က အထိနာတာ၊ ဆုံးရှုံးမှု နစ်နာမှုကြီးမားတာ၊ အပျက်အစီး ကြီးမားတာကိုဆိုလိုတာ ဖြစ်ပါတယ်။ဒီအသုံးကို လက်ရှိအမေရိကန်နဲ့ တရုတ်နှစ်နိုင်ငံကြား ပို့ကုန်တွေအပေါ် အပြန်အလှန်အခွန်စည်းကြပ်မှုကြောင့် တရုတ်ကပို့ကုန်တွေအပေါ် ဈေးတင်လိုက်တဲ့အတွက် အမေရိကန်မှာ ကုန်ဈေးနှုန်းတွေ တက်လာလို့ လက်လီဆိုင်တွေ အထိနာကြတော့မယ် ၊ ဒီကုန်သွယ်ရေးစစ်ကြောင့် နိုင်ငံတဝှမ်း ဈေးဆိုင်တွေ ပိတ်ပစ်ရမယ့် အခြေဆိုက်နိုင်တယ်ဆိုပြီး CNBC ရုပ်သံလွှင့်က “Retailers to take a hit: Trade war could cause widespread store closures” ဆိုတဲ့ ခေါင်းကြီးနဲ့ ရေးသားခဲ့တာ ဖြစ်ပါတယ်။

ဥပမာ

The airline company “took a hit” because of the recent plane crashes.

လေကြောင်းကုမ္ပဏီက မကြာသေးမီက လေယာဉ်တွေ ပျက်ကျခဲ့တဲ့အတွက် အတော်လေးအထိနာခဲ့တယ်၊၊

XS
SM
MD
LG