သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပစ် ရပ်ပြီး မှ နိုင်ငံရေး ဆွေးနွေးဖို့ တိုင်းရင်းသားညီလာခံ ဆုံးဖြတ်


ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်ရာ လောခီးလာ မှာ ကျင်းပတဲ့ တိုင်းရင်းသားလက်နက်ကိုင်များအဖွဲ့ရဲ့ ညီလာခံ ( Credit to AP Khin Mg Win FB)
ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်ရာ လောခီးလာ မှာ ကျင်းပတဲ့ တိုင်းရင်းသားလက်နက်ကိုင်များအဖွဲ့ရဲ့ ညီလာခံ ( Credit to AP Khin Mg Win FB)
မြန်မာအစိုးရတပ်တွေ နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား အပစ်အခတ်ရပ်စဲပြီးမှ နိုင်ငံရေးဆွေးနွေးသွားဖို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက သဘောတူလိုက်ကြပါတယ်။ ကရင်အမျိုးသား အစည်းအရုံးထိန်းချုပ်ရာ လောခီးလာ မှာ ဒီကနေ့ဆက်ပြီးကျင်းပတဲ့ တိုင်းရင်းသားလက်နက်ကိုင်များအဖွဲ့ရဲ့ ညီလာခံအတွင်း အခုလိုမျိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဘက် သဘောတူဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

မြန်မာအစိုးရဘက်က တနိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲပြီးမှ နိုင်ငံရေး မူဘောင်တွေကိုဆွေးနွေးမယ့် လုပ်ငန်းစဉ်ကို လုပ်ဆောင်မယ်ဆိုပြီး၊ အစောပိုင်းမှာ အဆိုပြုတောင်းဆိုထားတာဖြစ်တဲ့အတွက် အခုလို သဘောတူလိုက် တာဟာ မြန်မာအစိုးရ ဘက်က တောင်းဆိုထားတဲ့ အတိုင်း အပစ်ရပ်ပြီးမှ၊ နိုင်ငံရေးဆွေးနွေးဖို့ ဆိုတဲ့အချက်ကို လက်ခံသဘောတူလိုက်တာလည်းဖြစ်ပါတယ်။

တိုင်းရင်းသားအဖွဲ့တွေအားလုံးက ဒီအချက်ကိုလက်ခံသွားပြီဖြစ်တဲ့အတွက် အပစ်အခတ်ရပ်စဲရေး စာချုပ်ပါအချက်တွေကိုလည်း ဒီကနေ့မှာ အပြီးသတ် ဆွေးနွေး အတည်ပြုခဲ့ကြတယ်လို့လည်းသိရပါတယ်။ အခုတကြိမ် ကျင်းပတဲ့ လောခီးလာညီလာခံဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အကြားပြုလုပ်တဲ့ ဒုတိယအကြိမ်ညီလာခံဖြစ်ပါတယ်။

ပထမအကြိမ်ညီလာခံကိုတော့ ပြီးခဲ့တဲ့ အောက်တိုဘာလကုန်က ကချင်ပြည်နယ်လိုင်ဇာမြို့မှာ ကျင်းပခဲ့တာပါ။ မြန်မာအစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကြား ဖေဖော်ဝါရီလအတွင်းမှာ ကျင်းပဖို့စီစဉ်ထားတဲ့ ဘားအံဆွေးနွေးပွဲကိုတော့ ပြည်ပနိုင်ငံတွေက အစိုးရတွေကိုလည်း ဖိတ်ကြားသွားမယ်လို့ တိုင်းရင်းသားအဖွဲ့တွေဘက်က ပြောပါတယ်။
XS
SM
MD
LG