သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းရင်းသားဖွံ့ဖြိုးရေး ကောလိပ်ကျောင်းသားများ ထပ်မံဆန္ဒပြ


ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(မန္တလေး)က တိုင်းရင်းသားလူငယ် ကျောင်းသားတွေဟာ နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီးနဲ့ သဘောတူညီ ထားတဲ့ အချက်တွေကို အာဏာပိုင်တွေဖက်က ချိုးဖောက်တယ်လို့ ယူဆတာကြောင့် ဒီကနေ့ ကျောင်းဝင်းရှေ့မှာ ထိုင်ပြီး သူတို့ လိုလားချက်တွေကို ထပ်မံတောင်းဆိုနေကြပါတယ်။ တိုင်းရင်းသား လူငယ်ကျောင်းသားတွေဟာ မန္တလေးက သူတို့ရဲ့ကျောင်းကို စစ်ကိုင်းတိုင်းဒေသကြီးမှာ ရှိတဲ့ ရွာသစ်ကြီးဖက်ကို မပြောင်းရွှေ့ဖို့ အတွက် တောင်းဆို ထားတာလည်း ဖြစ်ပါတယ်။ နောက်ဆုံးအခြေအနေ အသေးစိတ်ကို ဆက်သွယ်စုံစမ်းထားတဲ့ ထိုင်းအခြေစိုက်သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

မန္တလေးမှာရှိတဲ့ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်မှာ ပြန်လည်နေထိုင်ခွင့်ရရှိဖို့အတွက် တိုင်းရင်းသားကျောင်းသားလူငယ်တွေရဲ့ ဆန္ဒထုတ်ဖော် တောင်းဆိုမှုဟာ စနေနဲ့ တနင်္ဂနွေနေ့တွေက ငြိမ်သက်နေခဲ့ရာက ဒီကနေ့ နေ့ခင်းမှာ ပြန်လည်စတင်ခဲ့တာဖြစ်ပါတယ်။ဒီလိုပြန်လည် ဆန္ဒထုတ်ဖော်တောင်းဆိုရတဲ့ အကြောင်းကို တိုင်းရင်းသားလူငယ်ကျောင်းသားတယောက် က အခုလို ပြောပါတယ်။

“အခုလို ပြန်ထွက်လာတဲ့အကြောင်းကတော့ ကျနော်တို့ကို ဝန်ကြီးပေးခဲ့တဲ့ကတိတွေက ဖြစ်နေတာနဲ့ သူပေးခဲ့တဲ့ ကတိတွေနဲ့ အရမ်းဘဲ ဆန့်ကျင်ဘက်ဖြစ်နေတယ်လို့ ကျနော်တို့ အားလုံး ထင်ကြပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အခု ဌာနဆိုင်ရာ အကြီးအကဲတွေက လာပြန်ခေါ်နေပါတယ်။ ပြီးတော့ မိဘတွေကိုလည်း အတင်းအကျပ်ပြန်ခေါ်ခိုင်းပါတယ်။ တချို့ဝန်ထမ်းသားသမီးတွေရှိပါတယ်၊ ဒီထဲမှာ။ အဲ့ဒီ့ဝန်ထမ်းသားသမီးတွေကို ဘယ်လောက်အထိ ခြိမ်းခြောက်လည်းပေါ့။ သူတို့ကိုပြန်မေးကြည့်တဲ့အခါမှာ အကယ်လို့ မင်းတို့သားသမီးတွေကို ရအောင်ပြန်မခေါ်ခဲ့ဘူးဆိုရင်၊ မင်းတို့ အလုပ်ပါ ဖြုတ်ပစ်မယ်ဆိုတဲ့၊ အနေအထားမျိုးအထိကို ပြောပြီးတော့ ပြန်လာခေါ်ခိုင်းပါတယ်ခင်ဗျာ။

ပြီးတော့ ကျနော်တို့ကျောင်းမှာဆိုရင် နယ်စပ်တွေမှာ ဖွင့်ထားတဲ့ နစတပေါ့နော့်။ နယ်စပ်တိုင်းရင်းသားဖွံ့ဖြိုးရေးကျောင်းပေါ့။ ပြီးတော့ ပရဟိတကျားကျောင်းက ကလေးတွေများပါတယ်ခင်ဗျာ။ အဲ့တော့ စာထွက်ပြီးတော့ မင်းတို့ကလေးတွေကို မရမက ပြန်ခေါ်ပါဆိုပြီးတော့ ပြည်နယ်အသီးသီးမှာရှိတဲ့ကျောင်းက နတလကျောင်းက ကျောင်းအုပ်ကြီးတွေက ကလေးတွေကို လာပြန်ခေါ်ကြပါတယ်။ အဲ့တာကြောင့် အခုကျနော်တို့ကို လူစုခွဲအောင် လုပ်နေတယ်လို့ အားလုံးက ယုံကြည်ကြတဲ့အတွက် ကျနော်တို့ အဖဝန်ကြီးက ပြောသွားတဲ့ ကျနော်တို့ကို ပြန်ခေါ်ချင်းက ပြန်လည်ရပ်တန့်ပေးပါမယ်ဆိုတဲ့စကားဟာ ဆိုရင် လုံးဝမတည်သလိုဖြစ်သွားပါတယ်။ အဲ့တာကြောင့် ကျနော်တို့က ကျနော်တို့ ပေးထားတဲ့အတိုင်း အပြင်ကို လုံးဝမထွက်ပါဘူးဆိုတဲ့ ကတိကို ပြန်ရုပ်သိမ်းပြီးတော့ ကျနော်တို့ကျောင်းသားတွေ လုံခြုံရေး အတွက် ကျောင်းရှေ့ကို ပြန်လည်ရောက်ရှိ လာခြင်းဖြစ်ပါတယ်။ ကျနော်တို့ ဒီမှာပဲ အခြေအနေကို စောင့်သွားမှာပါ။ ကျနော်တို့ပြန်ပြီး အထဲဝင်ဖို့ အစီအစဉ်လုံးဝမရှိပါဘူးခင်ဗျ။”

တိုင်းရင်းသားလူငယ်ကျောင်းသားတွေ ဆန္ဒထုတ်ဖော်တောင်းဆိုနေတဲ့ နေရာကတော့ မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ တိုင်းရင်းသားများ ဖွံဖြိုးတိုးတက်ရေး ဒီဂရီ
ကောလိပ်မှာ ဖြစ်ပြီး ဒီကောလိပ် ကို ၂၀၀၀ပြည့်နှစ်က စတင်ဖွင့်လှစ်ခဲ့တာပါ။
ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကတော့ မန္တလေးက ကျောင်းကို စစ်ကိုင်းတိုင်းဒေသကြီး ရွာသစ်ကြီးမှာရှိတဲ့ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး တက္ကသိုလ်ကိုပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ ဒီလိုပြောင်းရွှေ့လိုက်တာကြောင့် စာသင်ဆောင်၊ ကျောင်းဆောင်အခက်အခဲနဲ့ ပြင်ပမှာ ကွန်ပြူတာနည်းပညာ၊ အင်္ဂလိပ်စကားပြော စတဲ့ သင်တန်း တက်ရောက်လေ့လာဖို့ အခွင့်အလမ်း မရတာကြောင့် ကျောင်းသား ၅၀၀ကျော်လောက်ဟာ ဒီလ ၂၂ရက်နေ့ က မန္တလေးကို ခြေလျင်ပြန်လာပြီး သူတို့ မူလကျောင်းမှာ ပြန်နေခွင့်ရဖို့အတွက် တောင်းဆိုခဲ့ကြပါတယ်။

ဒီလ ၂၄ရက်နေ့က ပြီးခဲ့တဲ့ စနေနေ့ကတော့ နယ်စပ်ရေးရာဝန်ကြီး ဒုဗိုလ်ချုပ်ကြီးသိန်းဌေးက တိုင်းရင်းသားလူငယ်ကျောင်းသားတွေနဲ့ လာရောက်ဆွေးနွေးပြီး နှစ်ဖက် သဘောတူခဲ့တဲ့အချက်တွေကိုတော့ တိုင်းရင်းသားလူငယ်ကျောင်းသားက အခုလို ပြောပါတယ်။

“အဲ့ဒီ့နေ့က ကျနော်တို့ဝန်ကြီးနဲ့တွေ့တဲ့အခါမှာ ကျောင်းသားမှန်ရင် အနောက်လိုက်ခဲ့ဆိုပြီး ကျနော်တို့က ကျောင်းသားမှန်တဲ့အတွက် အကုန်လုံး ဝင်ပါတယ်။ ပြီးတော့ အဘရဲ့ သြဝါဒကို နားထောင်ပါတယ်။ အဲ့ဒီ့အခါ ကျနော်တို့ အပြန်အလှန် ကတိလေးတွေ ပေးကြတယ်ပေါ့နော်။ ကျနော်တို့ဘက်က တောင်းဆိုတာဘာလဲဆိုတော့ ဒီမှာ ကျောင်းသားတွေရော၊ ကျောင်းသားဝန်ထမ်းတွေရော ရှိတဲ့အတွက်ကြောင့် မို့လို့ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ဒီမှာရော၊ ဌာနရောက်သွားတဲ့အခါမှာရော ဘာပြဿနာမှ မဖြစ်ရပါဘူးဆိုတဲ့ ကတိရယ်။ အခုဒီကျောင်းသားမိဘတွေနဲ့ ဌာနဆိုင်ရာ အကြီးအကဲတွေကို ဌာနတွေက လာပြန်ခေါ်တဲ့ ကိစ္စတွေကို ပြန်ရုပ်သိမ်းပေးပါတယ်ဆိုတဲ့ ကတိရယ်၊ ကျနော်တို့ တောင်းခဲ့ပါတယ်။ အဘဝန်ကြီးက ပေးခဲ့ပါတယ်။ ကျနော်တို့ကျောင်းသားတွေဖက်ကလည်း ဘာပြန်ပေးခဲ့ရလည်းဆိုတော့ မီဒီယာတွေနဲ့ ထိတွေ့မှုနဲ့ ပြီးတော့ ဒီအပြင်ကို မထွက်ပါဘူးဆိုတဲ့ ကျနော်တို့ အေးဆေးတည်ငြိမ်စွာနဲ့ ကျနော်တို့ ဒီမှာစောင့်ပါမယ်ဆိုတဲ့ ကတိကို ကျနော်တို့ပေးခဲ့ပါတယ်။”

ဒြီလိုနှစ်ဖက်သဘောတူညီချက်မှာ မူလကျောင်းမှာနေထိုင်ခွင့်ရ မရကို တလအတွင်း အကြောင်းပြန်မှာ ဖြစ်ကြောင်းနဲ့ ဒီကာလ အတွင်းမှာ ကျောင်းအတွင်းမှာပဲ အေးအေးချမ်းချမ်း နဲ့ စောင့်ဆိုင်းဖို့ ဆိုတဲ့အချက်တွေလည်း ပါဝင်ခဲ့ပါတယ်။တိုင်းရင်းသားကျောင်းသား လူငယ်တွေဟာ လက်ရှိအခြေအနေမှာလည်း ကျောင်းပြင်ပကို ထွက်မှာ မဟုတ်ဘဲ ကျောင်းဝင်းအတွင်းမှာပဲ အဖြေရတဲ့အထိ ဆက်လက် စောင့်ဆိုင်းသွားမှာဖြစ်တယ်လို့လည်း ပြောပါတယ်။

“ကျနော်တို့ဟာ ဆန္ဒပြတာ၊ ဆန္ဒဖော်ထုတ်တာ၊ သပိတ်မှောက်တာလည်း မဟုတ်တဲ့အတွက်ကြောင့်မို့ ကျောင်းဝင်းထဲမှာပဲ အေးဆေးတည်ငြိမ်စွာနဲ့ ကျနော်တို့ အဖြေရတဲ့အထိ ဆက်လက်စောင့်စားသွားမယ်ပေါ့နော်။”

စနေနေ့ကလည်း အခါလူမျိုးကျောင်းသားတယောက် ကို ကျောင်းမော်ကွန်းထိန်း က ခေါ်ဆောင်သွားပြီးနောက် ကျောင်းကို ပြန်မလာတာနဲ့ အဆက်အသွယ်ပြတ်တောက်နေခဲ့ တာဟာလည်း ကျောင်းသားတွေ စိုးရိမ်မှုတခုဖြစ်ခဲ့တယ်လို့ ပြောပါတယ်။

လောလောဆယ်မှာတော့ အစိုးရဘက်က ကျောင်းပတ်ဝန်းကျင်မှာ လုံခြုံရေးတွေ ချထားပါတယ်။ တိုင်းရင်းသားလူငယ်ကျောင်းသားတွေဟာ ပြီးခဲ့တဲ့လပိုင်းတွေအတွင်းကလည်း သူတို့ ကျောင်းကို ရွာသစ်ကြီးကို မပြောင်းရွှေ့ဖို့အတွက် နိုင်ငံတော်သမ္မတဆီကို အသနားခံစာ ၂ကြိမ်တင်ပြခဲ့ပေမဲ့ တစုံတရာ တုံပြန်မှုမရခဲ့တဲ့နောက် ကျောင်းသားတွေဘက်က အခုလိုတောင်းဆိုလာတာဖြစ်ပါတယ်။
XS
SM
MD
LG