သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းရေး နည်းဗျူဟာ တိုင်းရင်းသားချင်း ညှိနှိုင်းဆဲ


တိုင်းရင်းသားညီလာခံတွင် KIO, KNU တိုင်းရင်းသားခေါင်းဆောင်တွေကို တွေ့ရစဉ်။ (အောက်တိုဘာလ ၃၀၊၂၀၁၃)
တိုင်းရင်းသားညီလာခံတွင် KIO, KNU တိုင်းရင်းသားခေါင်းဆောင်တွေကို တွေ့ရစဉ်။ (အောက်တိုဘာလ ၃၀၊၂၀၁၃)
မြန်မာနိုင်ငံရေးဖြစ်စဉ်မှာ အပစ်အခတ်ရပ်စဲရေး၊ နိုင်ငံရေးဆွေးနွေးပွဲနဲ့ ပင်လုံကဲ့သို့သော ပြည်ထောင်စုညီလာခံတရပ်ခေါ်ယူရေးဆိုတဲ့ အဆင့်သုံးဆင့်ခွဲပြီး လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ကချင်ပြည်နယ် လိုင်ဇာမြို့မှာ ကျင်းပနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့စုံ ညီလာခံဒုတိယနေ့မှာ တိုင်းရင်းသားခေါင်းဆောင်တွေက ပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် မြန်မာ့နိုင်ငံရေးဖြစ်စဉ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍ အရေးကြီးတယ်ဆိုတာကိုလည်း တိုင်းရင်းသားခေါင်းဆောင်တွေက အလေးထား ပြောဆိုသွားကြပါတယ်။ အပြည့်အစုံကိုတော့ ညီလာခံကို ကိုယ်တိုင် သွားရောက်ပြီး သတင်းယူနေတဲ့ ဗွီအိုအေဝိုင်းတော်သား ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ကေအိုင်အို ကချင်လွတ်မြောက်ရေး အဖွဲ့ဌာနချုပ်ရှိရာ ကချင်ပြည်နယ် လိုင်ဇာမြို့မှာ ကျင်းပနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ပေါင်းစုံရဲ့ ညီလာခံ ဒုတိယနေ့ ဆွေးနွေးခဲ့ကြတဲ့ အကြောင်းအရာတွေထဲ ခေါင်းဆောင်တွေကြားမှာ သဘောထား ကွဲပြားမှုတချို့လဲ ရှိခဲ့ပါတယ်။ အဓိက အားဖြင့် ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေး၊ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်ရေး အတွက် အကောင် အထည်ဖော်ကြတဲ့နေရာမှာ၊ မဟာဗျူဟာအရ ချဉ်းကပ်ပုံချင်း တူညီကြပေမဲ့ လည်း ဒီကိစ္စကို မတူညီတဲ့ အဖွဲ့အစည်းတွေက ကွဲပြားတဲ့ အဆိုပြုချက်တွေကို တင်သွင်းထားကြတဲ့အတွက် နည်းပညာပိုင်းဆိုင်ရာမှာ ကွဲပြားနေကြ တာလည်းဖြစ်ပါတယ်။

CNF ချင်းအမျိုးသားတပ်ဦးရဲ့ အဓိပတိကောင်စီဝင် ဒေါက်တာ ဆလိုင်းလျန်မုန်း ကတော့ အနာဂတ်မြန်မာ့နိုင်ငံရေးလမ်းစဉ်မှာ တိုင်းရင်းသားတွေဘက်က ပုံဖော်ဖို့ ညှိနှိုင်းထားကြတဲ့အချက်ကို ရှင်းပြပါတယ်။

"ပြီးခဲ့တဲ့ ၂၀၁၂ စက်တင်ဘာမှာ တိုင်းရင်းသားညီလာခံတစ်ခုခေါ်ပါတယ်။ အဲ့ဒီညီလာခံမှာ ကျနော်တို့ချမှတ်ခဲ့တာ ကျနော်တို့ နိုင်ငံရေးဖြစ်စဉ်နဲ့ သုံးဆင့်အဖြစ်နဲ့သွားမယ်လို့ ကျနော်တို့ ပြောတယ်။ ပထမတဆင့်က အပစ်အခတ်ရပ်စဲရေး၊ ဒုတိယတဆင့်က နိုင်ငံရေးဆွေးနွေးပွဲလုပ်မယ်။ အဲ့ဒီ့ဆွေးနွေးပွဲတွေ ရလာဒ်တွေ အားလုံးကို စုပေါင်းပြီးတော့မှ ပင်လုံကဲ့သို့သော ပြည်ထောင်စုညီလာခံကိုခေါ်ယူပြီးတော့ ပင်လုံစာချုပ် ကဲ့သို့သော ပြည်ထောင်စုစာချုပ် ချုပ်ဆိုဖို့ဆိုတာနဲ့ ကျနော်တို့ သွားနေတာဖြစ်ပါတယ်။ ဆိုတော့ အဲ့ဒီ့ မူ နဲ့ပဲ ဆက်ပြီး သွားနေတယ်လို့ ကျနော် အဲ့လိုပဲ နားလည်ပါတယ်။

မေး။ ။ NLD ဒေါ်အောင်ဆန်းစုကြည် တချိန်တုန်းကလည်း ပြောခဲ့ဖူးပါတယ်။ သူပြန်လွတ်လာပြီးတဲ့နောက်ပိုင်းမှာ ဒုတိယပင်လုံညီလာခံမျိုး ပေါ်ပေါက်အောင် လုပ်ရမယ်လို့ တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့တွေ့ဆုံဆွေးနွေးတာမျိုး လုပ်ခဲ့တယ်။ အခုအဲ့တာကတော့ အသံ နည်းနည်းတိတ်သွားတာပေါ့လေ။ ဒါပေမဲ့ NLD ဘက်ကရော အခုလိုမျိုး ဆွေးနွေးပွဲတွေမှာ အကြံညဏ်ပေးတာတို့၊ သဝဏ်လွှာပေးပို့တာတို့ သူတို့ဖြစ်စေချင်တဲ့ပုံစံမျိုးပြောတာမျိုး ရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ တိုင်းရင်းသားအဖွဲ့အစည်းမဟုတ်သော်လည်း လက်ရှိအခြေအနေအရ နိုင်ငံရေးအခြေအနေအရ အကြီးဆုံး မြန်မာနိုင်ငံမှာ အတိုက်အခံအင်အားစုဖြစ်နေတာကိုး။

" ဒေါ်အောင်ဆန်းစုကြည်အခန်းကဏ္ဍအင်မတန်မှ အရေးကြီးတယ်။ ပြီးတော့ သူ့အနေနဲ့ကလည်း ပြည်ထောင်စုကိစ္စ၊ တိုင်းရင်းသားကိစ္စကို သူတို့အမြဲတမ်း ပူးပေါင်းဆောင်ရွက်မယ်ဆိုတာ သူတို့အမြဲတမ်းပြောတာရှိပါတယ်။
အခုနောက်ပိုင်း အသံတိတ်တယ်ဆိုတာက အချိန်မတန်သေးလို့ ဖြစ်ပါလိမ့်မယ်။ ကျနော်တို့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အများကြီးမျှော်လင့်ပါတယ်။ ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်တင်မကပါဘူး။ အစိုးရဘက်ကိုလဲ ကျနော်တို့ မျှော်လင့်ပါတယ်။ ဒီအချိန်မှာ သူတို့အနေနဲ့ လည်း ပဲ တိုင်းပြည်အရေး၊ ပြည်ထောင်စုအရေး၊ ပြည်သူလူထုအရေး ထုတ်ဆိုသောအားဖြင့် ကျနော်တို့ အကောင်းဆုံးဖြစ်အောင် ဒီတိုင်းပြည်ကို ပင်လုံစိတ်ဓာတ်နဲ့ ပင်လုံမူအတိုင်း ပြန်လည်ထူထောင်ဖို့ အချိန်တန်ပြီလို့ ကျနော်ပြောချင်ပါတယ်။"

မေး။ ။ ဆရာပြောနေတဲ့ ဖက်ဒရယ်စနစ်၊ ဖက်ဒရယ်စနစ်ဆိုတာကလေ တနည်းအားဖြင့် ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပါတဲ့ဟာတွေက စစ်မှန်တဲ့ ဖက်ဒရယ် ပုံစံမဟုတ်ဘူး ဆိုပြီးဒီဟာကို ပြင်ရမယ် ဆိုပြီး ပြောနေကြတာတွေ ရှိတယ်။ ဆိုတော့ လွှတ်တော်ကလည်း တဖက်မှာ နိုဝင်ဘာ လဆန်းဆိုရင်ပဲ အကြံပေးချက်တွေကို လက်ခံတော့မယ်။ ဖွဲ့စည်းပုံပြင်ဆင်ရေးကိုလုပ်မလား၊ အသစ်ပြန်လည်ရေးဆွဲရေးကိုပဲ လုပ်မလားဆိုတာ NLD က ဆန္ဒခံယူပွဲတွေ လုပ်နေတယ်။ လွှတ်တော်၊ အစိုးရပိုင်းနဲ့ နိုင်ငံရေးပါတီတွေ သွားနေတဲ့ လမ်းကြောင်းနဲ့ အခုတိုင်းရင်းသားပါတီတွေ လုပ်နေတဲ့ လမ်းကြောင်းနဲ့ ဘယ်လို ကွာခြားမှုရှိသလဲ။ ဒါမှမဟုတ် ဘယ်လောက်အထိလဲ။

"ကျနော်တို့ အသေးစိတ်ဆွေးနွေးတိုင်ပင်ဖို့ အမြင်ဖလှယ်မှုပွဲလို ဟာမျိုး မရှိသေးတဲ့အခါ ကျတော့ ဘယ်အခြေအနေမှာ တူသလဲ၊ ဘယ်အခြေအနေမှာ ကွဲသလဲဆိုတာတော့ ဒီအခြေအနေမှာ ကျနော်အနေနဲ့ ပြောဖို့ခက်တယ်။ ဒါပေမဲ့ ကျနော်မျှော်လင့်တာကတော့ ကျနော်တို့ အားလုံးဟာ ပြည်ထောင်စုကို ချစ်တယ်။ ဒီပြည်ထောင်စုဟာ ပင်လုံညီလာခံ၊ ပင်လုံစာချုပ် အရ ပေါ်လာ တာဖြစ်တယ်။ အဲ့ဒ့ီအတွက် ပင်လုံစာချုပ်မှာ ကတိထားခဲ့တဲ့ အတိုင်း၊ ပြန်လည် ထူထောင်ဖို့ အကောင်းဆုံးကာလဖြစ်တယ်။ ဒီအကောင်းဆုံး ကာလကို ကျနော်တို့ တိုင်းရင်းသားဘက်ကလည်း ကြိုးစားနေတယ်။ အစိုးရဘက်ကလည်း ကြိုးစားသင့်တယ်။ တပ်မတော်ကလည်း ကြိုးစားသင့်တယ်။ NLD ကလည်း ကြိုးစားသင့်တယ်။ ဒီကြိုးစားမှုအားလုံးရဲ့ အသီးအပွင့်ကို ပြည်သူလူထုအားလုံး အကျိုးခံစားနိုင်ဖို့ ဒီတိုင်းပြည် ငြိမ်းချမ်းနိုင်ဖို့၊ ဒီတိုင်းပြည်ကြီး တိုးတက်နိုင်ဖို့အတွက် ကျနော်တို့ အားလုံး လုပ်ဆောင်သင့်တယ်လို့ပဲ ကျနော်ပြောချင်ပါတယ်။"

UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီရဲ့ တွဲဖက် အတွင်းရေးမှူး(၂) ဗိုလ်မှူးကြီးခွန်ဥက္ကာကတော့-

" ဒီနေ့တစ်ရက်တည်း မပြီးပြတ်တဲ့အခါကျတော့ ကဲ ကောင်းတာတွေယူ၊ မကြိုက်တဲ့ဟာ ဖယ်၊ အချောတစ်ခုကို ဒီညရေးဖို့ ကော်မတီဖွဲ့လိုက်တယ်။ အဲ့ဒီ့ကော်မတီရေးတော့ မနက် ၉နာရီမှာ လာတင်ပြမယ်။ ကော်မတီမှာ တဖွဲ့တယောက်ဖြစ်တယ်။ ဒေါက်တာဆလိုင်းလျန်မုန်းက ဦးဆောင်ပြီးရေးမှာဖြစ်တယ်။"

အခုအသစ်ဖွဲ့စည်းလိုက်တဲ့ကော်မတီဟာ တိုင်းရင်းသားအဖွဲ့ပေါင်းစုံရဲ့ အဆိုပြုချက်မူကြမ်းတွေအပါအဝင်၊ အစိုးရဘက်က တင်ပြတဲ့အချက်တွေပါ ပါဝင်တဲ့ မူကြမ်းလေးခုကို အခုည ဆွေးနွေးတိုင်ပင်ပြီးတော့ မနြက်ဖန် ညီလာခံသုံးရက်မြောက်နေ့မှာ ဆွေးနွေးညှိနှိုင်းကြဖို့ မူကြမ်းတရပ် တင်သွင်းရမှာလည်းဖြစ်ပါတယ်။ အဲ့ဒီ့မူကြမ်းတင်သွင်းပြီးရင် အခုဖွဲ့စည်းတဲ့ ကော်မတီရဲ့သက်တမ်းဟာလည်း ကုန်ဆုံးသွားမှာဖြစ်ပါတယ်။ မူလက ဒီညီလာခံကို သုံးရက်ကျင်းပဖို့ စီစဉ်ထားပေမဲ့လည်း ဆွေးနွေးတဲ့ ကိစ္စတွေ မပြီးပြတ်သေးရင်တော့ နောက်ထပ်ရက်ဆက်ဖို့ရှိတယ်လို့ ညီလာခံတက်ရောက်နေကြတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေက ပြောပါတယ်။
XS
SM
MD
LG