သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေး ရွှေ့ပြောင်းကလေးတွေကို ပညာပေး


စွန့်ပစ်ပစ္စည်းများဖြင့် ပြုလုပ်ထားသည့် မြန်မာ ရွှေ့ပြောင်းအလုပ်သမား သားသမီး ကလေးငယ်များ၏ လက်ရာများ။ ဇွန် ၅၊ ၂၀၁၁။
စွန့်ပစ်ပစ္စည်းများဖြင့် ပြုလုပ်ထားသည့် မြန်မာ ရွှေ့ပြောင်းအလုပ်သမား သားသမီး ကလေးငယ်များ၏ လက်ရာများ။ ဇွန် ၅၊ ၂၀၁၁။

စွန့်ပစ်ပစ္စည်းတွေကို လူသုံးကုန်ပစ္စည်းတွေ ဖြစ်လာအောင် ပြုလုပ်တဲ့ ပညာပေးပြပွဲ တခုကို ထိုင်း၊ မြန်မာနယ်စပ်မှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။ ထိုင်း၊ မြန်မာနယ်စပ်က ရွှေ့ပြောင်း အလုပ်သမား သားသမီးတွေအတွက် ဖွင့်ထားတဲ့ စာသင်ကျောင်း ၅ ခုက စုပေါင်းပြီး ဒီပွဲကို ကျင်းပခဲ့တာ ဖြစ်ပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

ထိုင်းနိုင်ငံတွင်းမှာ အခြေချ နေထိုင်နေကြရတဲ့ ရွှေ့ပြောင်း အလုပ်သမား ကလေးငယ်တွေက ကမ္ဘာကြီးနဲ့ မိမိနေထိုင်ရာ ပတ်ဝန်းကျင်မှာ ညစ်ညမ်းမှုတွေကို လျော့နည်းသွားစေဖို့ ရည်ရွယ်ချက်တွေနဲ့ စွန့်ပစ် ပစ္စည်းလေးတွေကို လူတွေ အသုံးပြုလို့ရအောင် လက်မှုပစ္စည်းလေးတွေ ထုတ်လုပ် ပြသခဲ့ကြတာပါ။ တဆက်တည်းမှာပဲ ဒီနေ့မှာ ကျရောက်တဲ့ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ကို တပ်ခ်ခရိုင် မဲဆောက်မြို့နယ် အတွင်းက ရွှေ့ပြောင်းအလုပ်သမား ကလေးငယ်တွေအတွက် ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်း ၅ ခုကနေ စုပေါင်းပြီး အသိပညာပေး ဟောပြောပွဲတခုကို လုပ်ခဲ့ကြပါတယ်။

ဒီလို ပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကိုတော့ ဦးဆောင် ပြုလုပ်ခဲ့တဲ့ ဆရာ သီဟမောင်မောင်က အခုလို ပြောပါတယ်။

“ရွှေ့ပြောင်း အလုပ်သမား မိသားစုရဲ့ သားသမီးတွေ ရှိတယ်၊ ရွှေ့ပြောင်း အလုပ်သမားတွေ ရှိတယ် ဆိုတဲ့အတိုင်း ကျနော်တို့တိုင်းပြည် မဟုတ်ပါဘူး။ ဒါပေမဲ့ ကျနော်တို့တိုင်းပြည် မဟုတ်သော်ငြားလည်း ကိုယ်နေထိုင်ရာ ဝန်းကျင်ကို ထိန်းသိမ်း စောင့်ရှောက်ပေးခြင်းအားဖြင့် ကျနော်တို့ ကမ္ဘာမြေကြီးကို ထိန်းသိမ်း စောင့်ရှောက်ပေးတယ် ဆိုတဲ့ အသိကို ကျနော်တို့ဆီက ကလေးတွေကို ပေးခြင်း ဖြစ်ပါတယ်။

“နောက်ပြီး ကိုယ်နေထိုင်ရာ ဝန်းကျင်မှာလည်း စိမ်းလန်း စိုပြည်တယ်၊ သာယာလှပတယ်ဆိုရင် ကိုယ် နေရထိုင်ရတာလည်း ကောင်းပါတယ်။ ကမ္ဘာကြီးမှာ ဖြစ်ပေါ်နေတဲ့ ဘေးဆိုးတွေထဲက တတ်နိုင်သမျှ အကုန်လုံး မဟုတ်သည့်တိုင်အောင် လျော့နည်းသွားတယ် ဆိုတာဟာလည်း ကမ္ဘာကြီးကို ထိန်းသိမ်းစောင့်ရှောက်ခြင်း ဖြစ်တယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပြုလုပ်ရခြင်း ဖြစ်ပါတယ်။

“စွန့်ပစ်ပစ္စည်းတွေနဲ့ ပြုလုပ်တဲ့ လက်မှု အနုပညာတွေ ရှိပါတယ်။ သဘာ၀ ဘေးဆိုးတွေနဲ့ ပတ်သက်ပြီးတော့ ပြတဲ့ ဓာတ်ပုံတွေ ရှိပါတယ်။ ဒီလို ပြသခြင်းအားဖြင့် ကလေးတွေက သဘာ၀ ပတ်ဝန်းကျင်ကို၊ ကမ္ဘာကြီးမှာ ဘာတွေ ဖြစ်နေသလဲ ဆိုတာ သူတို့ သိလာရတယ်။ ကမ္ဘာကြီးမှာ ဖြစ်ပေါ်နေတဲ့ ဆိုးကျိုးတွေကိုလည်း ကိုယ်စီကိုယ်စီ ကာကွယ် စောင့်ရှောက်ရမယ်ဆိုတဲ့ အသိတွေလည်း တတ်နိုင်သမျှတော့ သူတို့ ရရှိသွားပါတယ်။ အဲဒီလို ရရှိခြင်းအားဖြင့် ကိုယ့်ဝန်းကျင်မှာ အနည်းဆုံး စောင့်ရှောက်ခြင်းအားဖြင့် ဒီလိုမျိုး ကမ္ဘာကြီးကို ထိန်းသိမ်း စောင့်ရှောက်ရမယ်ဆိုတဲ့ အသိတွေ ဘ၀ တသက်တာလုံး သယ်ဆောင်သွားနိုင်မယ် ဆိုတဲ့ အရာကို ပေးခြင်းဟာလည်း ပြပွဲပြုလုပ်ရတဲ့ အကျိုးရဲ့ ရလဒ်ပဲ ဖြစ်ပါတယ်။”

သဘာ၀ ပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့အတွက် ဘာကြောင့် လိုအပ်သလဲ ဆိုတာကိုတော့ ပြပွဲ ကျင်းပရာမှာ ပါဝင်ခဲ့တဲ့ ကျောင်းသူလေး တဦးက အခုလို ရှင်းပြပါတယ်။

“ဥပမာ မြန်မာနိုင်ငံမှာ နာဂစ်မုန်တိုင်း ဖြစ်တာမျိုး၊ ဂျပန်မှာ ငလျင်လှုပ်တာမျိုးတို့ ဖြစ်တယ်။ အဲဒါတွေ ကြားရတာ အရမ်းကို စိတ်မကောင်း ဖြစ်မိပါတယ်။ လူတွေက သူတို့အကျိုးစီးပွား အတွက်ပဲ သူတို့ လုပ်ကြတယ်။ နောက်ဆက်တွဲ ဘာဖြစ်မယ်ဆိုတာ သူတို့ မစဉ်းစားကြဘူး။ ကိုယ့်ဖို့ပဲ ကိုယ်ကြည့်ကြတယ်။ မြန်မာနိုင်ငံမှာဆိုရင် သစ်တောတွေ ခုတ်လှဲတာမျိုးတို့၊ မြေကြီးထဲမှာရှိတဲ့ ရေနံကို ထုတ်ပြီးတော့ နိုင်ငံခြားကို တင်ပို့တာမျိုး၊ သူတို့ အကျိုးစီးပွား အတွက်ပဲ လုပ်တယ်။”

ကလေးငယ်တွေ ပြုလုပ်တဲ့ စွန့်ပစ်ပစ္စည်းလေးတွေကနေ ပုံဖော်ပြုလုပ်တဲ့ မီးအိမ်လေးတွေ၊ စားပွဲတင် ပန်းလေးတွေ၊ သော့တွဲလေးတွေကိုလည်း ခင်းကျင်း ပြသခဲ့ကြပါတယ်။

ဇွန်လ ၅ ရက်နေ့ကို သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အဖြစ် ကမ္ဘာ့ကုလသမဂ္ဂက ၁၉၇၂ ခုနှစ်ကတည်းက သတ်မှတ် ပြဋ္ဌာန်းခဲ့တာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG