သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပြည်ပြည် ဆိုင်ရာ မြစ်ချောင်းများ ထိန်းသိမ်းရေးနေ့မှာ မြန်မာ့ မြစ်တွေပေါ် ရေကာတာ တည်ဆောက်မှု ကန့်ကွက်


မြန်မာ-တရုတ် ရေကာတာစီမံကိန်းပြမြေပုံ။
မြန်မာ-တရုတ် ရေကာတာစီမံကိန်းပြမြေပုံ။
အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းများထိန်းသိမ်းရေးနဲ့ ရေကာတာ ဆန့်ကျင်ရေးနေ့မှာ ဧရာဝတီ မြစ်ဆုံရေကာတာနဲ့ သံလွင်မြစ်ပေါ်မှာ
တည်ဆောက်မယ့် ရေကာတာစီမံကိန်းတွေကို ရပ်တန့်ဖို့အတွက်
လူမှုအဖွဲ့အစည်းတွေနဲ့ ဒေသခံပြည်သူတွေက တောင်းဆိုလိုက်ပါတယ်။ အထူးသဖြင့် ဒီစီမံကိန်းတွေကို ဆက်လက် တည်ဆောက်မယ် ဆိုရင် ဒေသခံပြည်သူတွေရဲ့ ကျေးရွာတွေ၊ လယ်ယာတွေ ဆုံးရှုံးမှာ ဖြစ် သလို လတ်တလောဆောင်ရွက်နေတဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွေ ကိုပါ ထိခိုက်နိုင်တယ်လို့ မြစ်ချောင်းများစောင့်ကြည့်ရေး အဖွဲ့တွေက သုံးသပ်ထားပါတယ်။ သတင်းအပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဒီကနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းများ ထိန်းသိမ်းရေးနဲ့ ရေကာတာ ဆန့်ကျင်ရေးနေ့မှာ ကချင်ပြည်နယ်
မြစ်ဆုံနဲ့ မွန်ပြည်နယ် ဘီလူးကျွန်းမှာ ဆုတောင်းပွဲတွေ ကျင်းပပြီး
ဧရာဝတီမြစ်ဆုံရေကာတာနဲ့ သံလွင်မြစ်တွေပေါ်မှာ တည်ဆောက်မယ့်
ရေကာတာစီမံကိန်းတွေ ရပ်တန့်ပေးဖို့အတွက် တောင်းဆိုကြတာဖြစ်ပါတယ်။

ဒီကနေ့ လူမှုအဖွဲ့အစည်း၃၀လောက် စုပေါင်းပြီး မြစ်ဆုံစီမံကိန်း ရပ်တန့်ဖို့ အတွက် ဧရာဝတီမြစ်ဆုံမှာ အခမ်းအနားကျင်းပ တောင်းဆိုခဲ့ကြတဲ့ အကြောင်းကို ကချင် လူမှုဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့က ကိုဆားဂျီးက အခုလို ပြောပါတယ်။

"ဒီနေ့က စိမ်းရောင်စိုအဖွဲ့ကနေ အဖွဲ့ ၃၀ ပူးပေါင်းပြီးတော့မှ International River Day လေ။ နိုင်ငံတကာ မြစ်ချောင်းအင်းအိုင်များနေ့လေ။ အဓိကက ဧရာဝတီမြစ်ဆုံရေကာတာကို အပြီးအပိုင် ရပ်ဆိုင်းပေးဖို့၊ CPI က နောက်ဆုတ်ပေးဖို့၊ အစိုးရအနေနဲ့လည်း လုံးဝ ရပ်ဆိုင်းဖို့ တောင်းဆိုတယ်။ အဲ့ဒီ့ ရည်ရွယ်ချက်နဲ့ ပြုလုပ်ခြင်းဖြစ်တယ်။ လူက အားလုံး စုစုပေါင်းဆို ၂၀၀ဝန်းကျင်လောက်ရှိတယ်။ လာတက်ကြတဲ့သူတွေက မြစ်ကြီးနားက တချို့ ရေကာတာရေးဆိုင်ရာ လူကြီးတွေပေါ့နော်။ အဲ့ဒီ့က ပါတယ်။ ဦးစီး ဆရာတော်တွေပါတယ်။ နောက်ပြီး သဘာဝပတ်ဝန်းကျင်အဖွဲ့ မြန်မာ တနိုင်ငံလုံးက အဖွဲ့ ၃၀လောက် လာရောက် ရှင်းပြခြင်းဖြစ်တယ်ခင်ဗျ။"

မြစ်ဆုံရေကာတာ တည်ဆောက်တာကို တနိုင်ငံလုံးက ဝိုင်းဝန်း ကန့်ကွက်ခဲ့ တာကြောင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က သူ့
အစိုးရလက်ထက်မှာ ရပ်ဆိုင်းထားမှာ ဖြစ်ကြောင်း ၂၀၁၁ စက်တင်ဘာလက
ကြေညာထားတာဖြစ်ပါတယ်။ လောလောဆည်မှာ မြစ်ဆုံစီမံကိန်းကို ဆက်လက် ဆောင်ရွက်ဖို့ ပြင်ဆင်နေတာတွေကို တွေ့မြင်နေရတယ်လို့လည်း ကိုဆားဂျီးက ပြောပါတယ်။

" အခုမြစ်ဆုံရေကာတာ စီမံကိန်းနဲ့ ပတ်သက်ပြီးတော့မှ ဆက်ပြီးတော့မှ အောင်မြင်သာ ကျေးရွာပေါ့နော်။ ဆက်ပြီးတော့ ပြောင်းရွှေ့ဖို့ အစီအစဉ်တွေ နေရာချထားတာတွေကို တွေ့ရှိရတယ်။ အခုထိ စက်ယန္တယားကြီးတွေ လမ်းအသစ်ေဖောက်တာတို့၊ မြေယာစီမံကိန်းတွေ ထပ်လုပ်နေတာကို တွေ့ရှိရတယ်။ အဲ့တာကြည့်ခြင်းအားဖြင့် မြစ်ဆုံရေကာတာကို သမ္မတဦးသိန်းစိန် သက်တမ်းကုန်တာနဲ့တပြိုင်တည်း လုပ်ဖို့ အဆင်သင့် ပြင်ဆင်နေတဲ့ သဘောထား ကို တွေ့ရှိရတယ်။"

ဧရာဝတီမြစ်ဆုံမှာ မြစ်ဆုံစီမံကိန်းရပ်တန့်ဖို့ တောင်းဆိုနေချိန်မှာပဲ
သံလွင်မြစ်ပေါ်က ရေကာတာတွေ တည်ဆောက်တာကို ရပ်တန့်ဖို့အတွက်
မြန်မာနိုင်ငံမြစ်ချောင်းများ ကွန်ရက်အဖွဲ့က ဦးဆောင်ပြီး
မွန်ပြည်နယ်မှာ ဆုတောင်းပွဲကျင်းပ တောင်းဆိုခဲ့တယ်လို့ အဖွဲ့ရဲ့
ပြောရေးဆိုခွင့်ရှိသူ စိုင်းခေးဆိုင်က ပြောပါတယ်။

"ကျနော်တို့ ဒီနေ့ မနက်ပိုင်းမှာ မော်လမြိုင် မှာ ကမ်ပိန်းသွားလုပ်တယ်။ မနက်ပိုင်းမှာတော့ ဘာသာလေးခုနဲ့ ဆုတောင်းတာပေါ့။ သံလွင်မြစ်ရေကာတာ စီမံကိန်းမှာ ထိခိုက်သူတွေ မထိခိုက်အောင် ဆုတောင်းရင်း၊ နောက်ပြီးတော့ စုပေါင်းကာကွယ်ဖို့တွေရယ်။ နောက်ပြီးတော့ ဒီရေကာတာကြီး မဖြစ်လာအောင်ရယ်၊ နောက်ပြီးတော့ ကျနော်တို့ ဒီသံလွင်မြစ်တလျောက် မှာနေထိုင်နေတဲ့ သူတွေ ကျန်းမာချမ်းသာစွာနဲ့ ယခင်လိုမျိုးနေနိုင်အောင် အဲ့တာမျိုးတွေ ဆုတောင်းကြပါတယ်ခင်ဗျ။ "

၂၀၁၃ခုနှစ်အတွင်းမှာတော့ သံလွင်အထက်ပိုင်း ကွမ်းလုံမြို့နယ်အတွင်းမှာ
ရေကာတာ တည်ဆောက်ဖို့အတွက် လမ်းဖောက်လုပ်ပြင်ဆင်နေ တာကြောင့် ကျေးရွာ ၆၀က ဒေသခံတွေက မြေယာနဲ့ အိုးအိမ်တွေ ဆုံးရှုံးခဲ့ရ တယ်လို့ မြန်မာနိုင်ငံ မြစ်ချောင်းများ ဆိုင်ရာ ကွန်ရက် အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သံလွင်မြစ်ပေါ်မှာ တည်ဆောင်မယ့် ရေကာတာတွေကတော့ ရှမ်းပြည်နယ်မှာ ကွမ်းလုံ၊ နောင်ဖာနဲ့ တာဆန်း၊ ကယားပြည်နယ်မှာ ရွာသစ်နဲ့ ကရင်ပြည်နယ်မှာ
ဟတ်ကြီးရေကာတာတွေကို တည်ဆောက်ဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။ ဒီစီမံကိန်းတွေ ရပ်တန့်ဖို့အတွက် ဒေသခံပြည်သူ ၃သောင်း ၃ထောင်ကျော်နဲ့
နိုင်ငံရေးပါတီတွေအပါအဝင် လူမှုအဖွဲ့အစည်း ၁၃၀ကျော်က
လက်မှတ်ရေးထိုးတောင်းဆိုထားပါတယ်။

ကရင်မြစ်ချောင်းများ စောင့်ကြည့်ရေးအဖွဲ့က စောသာဘိုးကတော့
ရေကာတာတွေကို လူထုသဘောဆန္ဒ မပါဘဲ တည်ဆောက်မယ်ဆိုရင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့
ရယူထားတဲ့ အပစ်အခတ်ရပ်စဲရေးကိုပါ ထိခိုက်လာနိုင်မယ်လို့ သုံးသပ်ပါတယ်။

" လတ်တလော အနေအထားနဲ့ပြောမယ်ဆိုလို့ရှိရင် ကျနော်တို့ ဒီ Ceasefire ကို ထိခိုက်နိုင်တယ်။ အတင်းအကျပ်ဆောက်မယ်ဆိုရင် ဘာကြောင့်လဲဆိုတော့ အခုရေကာတာ တည်ဆောက်မယ့် နေရာတွေက လက်နက်ကိုင် အဖွဲ့အစည်းတွေ အများကြီးရှိတဲ့နေရာ၊ အခုဆို ဟက်ကြီးဆိုပါစို့။ ဟက်ကြီးနေရာက DKBA ရှိတယ်။ ရှမ်းနီတပ်ရှိတယ်။ မြန်မာစစ်တပ်ရှိတယ်။ အဲ့လိုအနေအထားမျိုးမှာ ရှိတဲ့အခါကျတော့ လတ်တလောမှာက အပစ်အခတ်ရပ်စဲရေး တည်ငြိမ်မှုမရှိသေးတဲ့အနေအထားမှာ တကယ်လို့ ရေကာတာကို တိုးချဲ့တည်ဆောက်မယ်ဆိုရင် ဒီနေရာမှာ ပြန်ပြီးတော့ ပစ်ခတ်မှုတွေ ဖြစ်လာနိုင်တယ်။ ဒါဟာ ပထမ နံပတ်တစ်ဖြစ်နိုင်တဲ့ ပြဿနာပဲဗျ။ တိုက်ရိုက် ထိခိုက်မှုရှိမယ်။"

အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား သဘာ၀ အရင်းအမြစ်တွေကို ပိုင်ဆိုင်ခွင့်၊ အသုံးချခွင့်နဲ့ အကျိုးအမြတ် မျှဝေအသုံးပြုခွင့် စတာတွေကို ညှိနှိုင်း အဖြေမရှာနိုင်သေးခင်
ရေကာတာ စီမံကိန်းတွေဆောင်ရွက် မယ်ဆိုရင် ပြည်တွင်းစစ်ကို
မီးမွှေးသလိုဖြစ်နိုင်ကြောင်းလည်း မြန်မာနိုင်ငံ မြစ်ချောင်းများဆိုင်ရာ
ကွန်ရက်အဖွဲ့က သဘောထားထုတ်ပြန်ထားပါတယ်။

ဧရာဝတီမြစ်ဆုံရေကာတာ စီမံကိန်းတည်ဆောက်တာကို အစိုးရနဲ့
အပစ်အခတ်ရပ်စဲရေးအတွက် ဆွေးနွေးနေတဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO က
ကန့်ကွက်ထားသလို ရှမ်းပြည်နယ် တာဆန်းနဲ့ ကရင်ပြည်နယ်က ဟတ်ကြီး
ရေကာတာတည်ဆောက်တာတွေကိုတော့ အပစ်အခတ်ရပ်စဲထားတဲ့
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တောင်ပိုင်းနဲ့
ကရင်အမျိုးသားအစည်းအရုံး KNU တို့က ကန့်ကွက်ထားတာလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံ မြစ်ချောင်းများဆိုင်ရာ ကွန်ယက်အဖွဲ့က လက်ရှိတည်ဆောက်မယ့်
ရေကာတာတွေက ထုတ်လုပ်မယ့် လျှပ်စစ်ဓါတ်အားရဲ့ ၉၀ရာခိုင်နှုန်းကို တရုတ်နဲ့
ထိုင်းနိုင်ငံကို တင်ပို့မှာဖြစ်ကြောင်းနဲ့ ဒေသခံပြည်သူတွေကတော့
အိုးအိမ်နဲ့ လယ်ယာမြေဆုံးရှုံးတာ၊ သဘာဝပတ်ဝန်းကျင်ပျက်ဆီးတာ စတဲ့
ဆိုးကျိုးတွေ ခံစားရမှာဖြစ်တယ်လို့ ဝေဖန်ထောက်ပြပါတယ်။
XS
SM
MD
LG