သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဧရာဝဏ်နတ်ကွန်း ဗုံးခွဲမှု စတင်စစ်ဆေး


ထိုင်းဧရာဝဏ်နတ်ကွန်း ဗုံးခွဲတိုက်ခိုက်မှုနဲ့ စွပ်စွဲခံထားရတဲ့ အမျိုးသားနှစ်ဦးကို စတင်စစ်ဆေး
ထိုင်းဧရာဝဏ်နတ်ကွန်း ဗုံးခွဲတိုက်ခိုက်မှုနဲ့ စွပ်စွဲခံထားရတဲ့ အမျိုးသားနှစ်ဦးကို စတင်စစ်ဆေး

ထိုင်းနိုင်ငံ ဘန်ကောက်မြို့က နာမည်ကြီး နတ်ကွန်းတခုမှာ ၂၀၁၅ ခုနှစ် သြဂုတ်လကဖြစ်ခဲ့တဲ့ ဗုံးခွဲတိုက်ခိုက်မှုနဲ့ စွပ်စွဲခံထားရတဲ့ အမျိုးသားနှစ်ဦးရဲ့ အမှုကို ဒီကနေ့ စတင်စစ်ဆေးပါတယ်။

စွပ်စွဲခံထားရသူတွေဘက်ကနေ ဘာသာပြန်ပေးမယ့်သူတွေနဲ့ပတ်သက်လို့ အငြင်းပွားတာတွေ ရှိခဲ့တာကြောင့် အမှုစစ်ဆေးမှုတွေ နှောင့်နှေးခဲ့ရပြီးတဲ့နောက် အခုမှ စစ်ဆေးမှုတွေ စတင်တာပါ။ Bilal Mohammed နဲ့ Mieraili Yusufu တို့ဟာ လူသတ်မှု၊ တရားမဝင် ဖောက်ခွဲရေးလက်နက်ပစ္စည်းတွေ လက်ဝယ်ပိုင်ဆိုင်မှု အပါအဝင် လူပေါင်း ၂၀ သေဆုံးခဲ့ရတဲ့ ဘန်ကောက် ဧရာဝဏ် နတ်ကွန်းမှာ ဗုံးခွဲတိုက်ခိုက်မှုနဲ့ ဆက်စပ်ပြီး စွဲချက်ပေါင်း ၁၀ ခုကျော်နဲ့ ရင်ဆိုင်နေရတာပါ။ သူတို့နှစ်ဦးကတော့ စွပ်စွဲချက်တွေကို ငြင်းဆန်ထားပါတယ်။

တရုတ် ဝှီကာလူမျိုးတွေ ဖြစ်တဲ့ သူတို့နှစ်ဦးက တရုတ်သံရုံးက စေလွှတ်ပေးတဲ့ ဘာသာပြန်နှစ်ဦးကို လက်မခံခဲ့ပါဘူး။ တရုတ်နိုင်ငံဟာ ဝှီကာလူမျိုးတွေကို အလေးထားသူတွေ မဟုတ်တာကြောင့် သံရုံးကစကားပြန်တွေကို လက်မံနိုင်ဘူးလို့ဆိုပြီး ငြင်းခဲ့ကြတာပါ။ ဒါပေမဲ့ တရားရုံးက နောက်ဆုံးမှာ သူတို့ဘက်က စိုးရိမ်ချက်တွေကို ပယ်ချခဲ့ပါတယ်။

တရုတ်နိုင်ငံ Xinjiang ပြည်နယ်ဟာဝှီကာ လူနည်းစုတွေ အများစုနေထိုင်တဲ့ ပြည်နယ်ဖြစ်ပြီး တရုတ်အစိုးရရဲ့ ဖိနှိပ်မှုတွေနဲ့ ပတ်သက်လို့ ဒေသခံအများအပြားက မကျေမနပ် ဖြစ်နေကြတာပါ။ ဒီဒေသဟာ တရုတ်အစိုးရရဲ့ အကြမ်းဖက်ဝါဒ ဆန့်ကျင်ရေး အကြီးအကျယ် နှိမ်နင်းမှုတွေ ရှိနေတဲ့နေရာလည်း ဖြစ်ပါတယ်။ ဘန်ကောက်မြို့ ဗုံးခွဲတိုက်ခိုက်မှုနဲ့ပတ်သက်လို့တော့ လူမှောင်ခိုကူးမှု ကွန်ရက်တွေကို ထိုင်းအစိုးရ နှိမ်နင်းခဲ့တဲ့အပေါ် လက်တုံ့ပြန်တဲ့အနေနဲ့ တိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့ ထိုင်းအစိုးရ အရာရှိတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG