သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းရင်းသားဒေသ မမှန်မကန် ကြိုတင်မဲကောက်ခံ


တိုင်းရင်းသားဒေသ မမှန်မကန် ကြိုတင်မဲကောက်ခံ
တိုင်းရင်းသားဒေသ မမှန်မကန် ကြိုတင်မဲကောက်ခံ

ရွေးကောက်ပွဲ မကျင်းပခင်ကတည်းက စစ်အစိုးရရဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီက ကြိုတင်ထောက်ခံမဲတွေကို နည်းလမ်းမမှန်ကန်စွာနဲ့ လိုက်လံကောက်ခံနေတယ်လို့ တိုင်းရင်းသားဒေသက နယ်မြို့တွေနဲ့ ရွာတွေမှာ အထူးသဖြင့် တွေ့နေရတယ်လို့ သိရပါတယ်။ လက်ဆောင်တွေ၊ ငွေအသပြာတွေ ပေးပြီး စည်းရုံးမဲဆွယ်တာတွေ ရှိသလို အမိန့်ပေးတဲ့အနေနဲ့ ကြိုတင်မဲတွေ အတင်းကောက်ခံတာ တွေလည်း ရှိတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လုံခြုံရေးအကြောင်းပြချက်နဲ့ ရွေးကောက်ပွဲ မကျင်းပဘူးလို့ စစ်အစိုးရက ကြေညာထားတဲ့ မြို့နယ်တွေမှာလည်း မဲမပေးဘဲတက်လာ အမတ်တွေ ရှိလာနိုင်ချေ ဖြစ်နေတာကြောင့် ဒါတွေကို ထောက်ခံနိုင်မှာ မဟုတ်ဘူးလို့ ဒေသခံ အဖွဲ့အစည်းတွေက ပြောသံဆိုသံတွေလည်း ရှိနေပါတယ်။ ဒီအကြောင်းစုံကို စုံစမ်းထားတဲ့ မနော်ရှိုးက တင်ပြမှာပါရှင်။

ရွေးကောက်ပွဲ ဥပဒေအရ ဆေးရုံတက်နေတဲ့သူတွေ သက်ကြီးရွယ်အိုတွေနဲ့ ရွေးကောက်ပွဲနေ့မှာ ခရီးသွားနေမယ့် ဝန်ထမ်းတွေဆီကနေ ကြိုတင်မဲတွေ ကောက်ခံနိုင်ပါတယ်။ ဒါပေမဲ့ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကတော့ အဲဒီလို ဘောင်ထဲကနေ ကြိုတင်မဲ ကောက်ခံတာမျိုး မဟုတ်ဘဲ မမှန်ကန်တဲ့ နည်းလမ်းတွေနဲ့ ကြိုတင်မဲ ကောက်ခံနေတာကို ပြည်နယ်နဲ့ တိုင်းတချို့တွေမှာ ကြားနေရတာပါ။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာဆိုရင်လည်း မြစ်ကြီးနားမြို့က သူနာပြုကျောင်းမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ငွေပေးပြီးတော့ သူတို့ကို ထောက်ခံမဲပေးဖို့ စည်းရုံးနေတယ်လို့ မြစ်ကြီးနား မြို့ခံတဦးက အခုလို ပြောပြပါတယ်။

“ကျောင်းက ဆရာမလေးတွေကို တယောက်ကို ၁ သောင်းစီ ပေးပြီးတော့ သူတို့ကို ကြံ့ခိုင်ဖွံ့ဖြိုးရေးကို ထောက်ခံတဲ့ ကြိုတင်မဲဆန္ဒတွေ ယူသွားတယ်လို့ အဲဒါ သိရတယ်။”

တဆက်တည်းမှာပဲ ရွေးကောက်ပွဲဥပဒေအရ ဘာသာရေး အသင်းအဖွဲ့တွေနဲ့ ပတ်သက်မှု မရှိရဘူးလို့ ဆိုပေမဲ့လည်း မြစ်ကြီးနားက ဇာတာကွန့်ထီးဝင်း ဆိုတဲ့ ရပ်ကွက်မှာလည်း ခရစ်ယာန် ဘုရားကျောင်းတကျောင်းကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ကျပ် သိန်း ၃၀ အလှူပေးပြီးတော့ သူတို့ကို ထောက်ခံဖို့ စည်းရုံးခဲ့တယ်လို့ ဆိုပါတယ်။

ရွေးကောက်ပွဲဆိုင်ရာ တာဝန်ရှိသူတွေက မင်ဖျက်လို့ရတဲ့ ဘောပင်တွေကို လိုက်စုနေတယ်လို့ သတင်းကြားရတဲ့အကြောင်းကိုလည်း ကချင်ဒေသခံက ပြောပြပါတယ်။ ရွေးကောက်ပွဲနေ့မှာ ဒီလို မင်ဖျက်လို့ရတဲ့ ဘောပင်တွေကိုပဲ သုံးခိုင်းပြီး မဲမသမာမှုတွေ ရှိနေမှာကိုလည်း ဒေသခံတွေက စိုးရိမ်နေကြတာပါ။ အခုလို နည်းလမ်းမမှန်ဘဲ ကြိုတင်မဲ ကောက်ခံတာတွေ ရှမ်းပြည်နယ်မှာလည်း တွေ့ရတာကြောင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ကျားဖြူပါတီက ရွေးကောက်ပွဲ ကော်မရှင်ကို တိုင်ကြားပြီး ဖြစ်ပေမဲ့ ဘာမှ ပြန်မကြားသိရသေးဘူးလို့ တောင်ကြီးမြို့ ကျားဖြူပါတီကလည်း အခုလို ပြောပါတယ်။

“ပြည်ထောင်စုကိုတော့ တင်ထားတယ်ပြောတာပဲ။ အဲဒါ တင်ပြီးတော့လည်း ဘာမှ ပြန်လည် တုံ့ပြန်လာတာတွေဘာတွေ မကြားရသေးပါဘူး။ အဲန်ကယ်လ်တို့ကလည်း ပြည်နယ်မှာပေါ့ တောင်ကြီးမှာ ထိုင်ပေးတယ်ဆိုတော့ တခြား မြို့နယ်တွေက ရောက်လာကြတယ်လေ။ ကော်မရှင်တွေကိုယ်တိုင် ရယက တွေကိုယ်တိုင် သွားပြီးတော့ သွားယူတာပေါ့နော်။ အထက်ကခိုင်းလို့ ဆိုပြီးတော့။ ကြံ့ခိုင်ရေးကခိုင်းလို့ လုပ်ရပါတယ်ဆိုပြီးတော့ နေကောင်းတဲ့သူရော မကောင်းတဲ့သူရော၊ အသက် ၁၈ နှစ် ပြည့်တဲ့သူအထက် အကုန်လုံးက သွားပြီးတော့ ကဲ ထည့်ထည့်၊ မဲထည့်။ သူတို့ထဲကို ထည့်လို့ ပြောတာပေါ့။ အဲဒီလို တိုင်ကြတယ်လေ။”

အခုလို နည်းလမ်းမမှန်ဘဲ ကြိုတင်မဲ ကောက်ခံတာနဲ့ပတ်သက်ပြီး ဒေသခံတွေက မကျေမနပ် ဖြစ်နေရတဲ့အပြင် စစ်အစိုးရက လုံခြုံရေး မရှိဘူးဆိုပြီး ရွေးကောက်ပွဲ မကျင်းပဘူးလို့ ကြေညာထားတဲ့နေရာတွေမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက အလိုအလျောက် မဲအနိုင်ရသွားမယ့် အလားအလာ ရှိနေတဲ့အပေါ်မှာလည်း ဒေသခံတွေက စိုးရိမ်မကင်း ဖြစ်ရတဲ့အကြောင်း မြစ်ကြီးနား မြို့ခံတဦးက အခုလို ပြောပြပါတယ်။

“ကျောက်ယမ်မြို့နယ်မှာ ဒေသနှစ်ခုခွဲထားတာပေါ့နော်။ ပြည်နယ်မဲဆန္ဒနယ် (၁)၊ (၂) ဆိုပြီးတော့ မြို့နယ်တိုင်းမှာ ကျောက်ယမ်ရဲ့ မဲဆန္ဒနယ် (၂)၊ အဲဒါလည်း ပယ်ဖျက်တယ်။ ဆွမ်ပရာဘွမ် မြို့နယ်မှာလည်း ဒေသလုံခြုံရေး မရှိဘူးဆိုပြီးတော့ အကြောင်းပြချက်နဲ့ ပယ်ဖျက်ပြီးတော့ အဲဒီနေရာမှာလည်း ကြားရတာက ပြိုင်ဘက်မရှိလို့ သူတို့အနေနဲ့ အနိုင်ရပြီးသား ဖြစ်တယ်ဆိုတဲ့ဟာမျိုးကို ကြားနေရတယ်။ တကယ်ပဲ သူတို့ တရားဝင် ရွေးကောက်ပွဲ ဥပဒေအရ ဒီမဲဆန္ဒနယ်ကို ပယ်ဖျက်ပြီး ဖြစ်တယ်ဆိုရင်တော့ အဲဒီ မဲဆန္ဒနယ်ကနေပြီးတော့ ဘယ်သူ တဦးတယောက်မှ အမတ်ကိုယ်စားလှယ်လောင်းအဖြစ် တက်ခွင့်ရမှာမဟုတ်ဘူးလေ။”

အလားတူ အစိုးရက လုံခြုံရေး အကြောင်းပြချက်နဲ့ ၀ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ၆ ဒေသလုံးမှာ ရွေးကောက်ပွဲ လုံး၀ မကျင်းပဘူး၊ မဲပေးခွင့်လည်း မရှိဘူး။ မဲရုံတွေလည်း မထားဘူးလို့ ကြေညာထားတာပါ။ ဒီလို ကြေညာထားတာကြောင့် ၀ ဒေသတွေကို ကိုယ်စားပြု တက်လာတဲ့ ဘယ် ကိုယ်စားလှယ်ကိုမှ UWSA ဝပြည်သွေးစည်း ညီညွတ်ရေးအဖွဲ့က မနေ့က ကြေညာချက်တစောင် ထုတ်ပြန်ထား ပါတယ်။ ဒါပေမဲ့ အသစ်တက်လာမယ့် အစိုးရကိုတော့ အရင်အတိုင်းပဲ UWSA အဖွဲ့က ညှိနှိုင်းသွားမယ်လို့ ဆိုပါတယ်။

XS
SM
MD
LG