သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပဋိပက္ခအပေါ် တိုင်းရင်းသားလက်နက်ကိုင်များစောင့်ကြည့်အကဲခတ်ဆဲ


ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ သြဂုတ်၂၅ရက် နေ့က နယ်ခြားစောင့်ကင်းစခန်းတွေ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပြီး တဲ့နောက် ရခိုင်ပြည်နယ်အတွင်းမှာ မြန်မာတပ်မတော်နဲ့ အကြမ်းဖက်တိုက်ခိုက်သူတွေကြားမှာ ပစ်ခတ်မူတွေ ဖြစ်ပွားခဲ့ပြီး တဲ့နောက်မှာတော့ မြန်မာအစိုးရနဲ့ တပ်မတော်ဘက်က သတင်းထုတ်ပြန်မူတွေနဲ့ နိုင်ငံတကာက သုံးသပ် ဝေဖန်ပြောဆိုမူတွေက ကွဲလွဲချက်တချို့ရှိနေပါတယ်။ ဒီအတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေက ရခိုင်ပြည်နယ်အရေးနဲ့ ဘယ်လို သုံးသပ်ကြသလဲဆိုတာ ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

မြန်မာနိုင်ငံရခိုင်ပြည်နယ်မြောက်ပိုင်းလည်းဖြစ်တဲ့ ဘင်္ဂလား-မြန်မာနယ်စပ်မှာ နယ်ခြားစောင့်ကင်းစခန်းတွေ အကြမ်းဖက်တိုက်ခိုက်မူတွေဖြစ်ပွားပြီးတဲ့နောက် မြန်မာပြည်တွင်းက ဒုက္ခသည်အရေးကိစ္စတွေ အကြမ်းဖက်မူကိစ္စတွေက တဆက်တည်းဖြစ်လာခဲ့ပါတယ်။ ဒီအတွက် အကြမ်းဖက်မူတွေကို နိုင်ငံတကာက ရူတ်ချနေပေမဲ့ လူအခွင့်ရေးကိစ္စတွေနဲ့ ပတ်သက်လို့တော့ မြန်မာဟာအကြီးအကျယ် ဝေဖန်ခံနေရတာပါ။ မြန်မာအစိုးရနဲ့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မူရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးထားတဲ့အဖွဲ့တွေထဲက ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံးရဲ့ ဒုဥက္ကဌ ဖဒိုကွယ်ထူးကတော့ ရခိုင်ပြည်အရေးနဲ့ ပတ်သက်လို့သူတို့ရဲ့ သဘောထားတွေကို စုစည်းထားချက်တော့ ရှိနေပြီဖြစ်တဲ့အကြောင်း အခုလိုပြောပါတယ်။

“လောလောဆယ်အတွက်တော့ ရှိထားတဲ့ ဥပဒေကြောင်းအရတော့ ဆောင်ရွက်ရမှာပဲ ၁ ကတော့ လူသားချင်းစာနာမှု ဒါတွေကတော့ လူ့အခွင့်အရေးဖြစ်တဲ့အတွက် ဒီအပေါ်မှာလည်း လုပ်ရမယ့်သဘောရှိတယ်။ နိုင်ငံရေးအရလည်း ဘယ်လိုရှိသလဲဆိုတာတော့ သုံးသပ်ရမယ့်အချက်ဖြစ်တယ်။ ကျနော်တို့ စုစည်းချက်တွေတော့ရှိပါတယ်။ ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြားထဲ Sensitive ဖြစ်တဲ့ကိစ္စဖြစ်တာမို့လို့ ကျနော်တို့က သဘောထားထုတ်ပြန်လို့ ရှိရင်လည်း အဲဒီ စုစည်းထားတဲ့အပေါ်မှာ အခြေခံရမှာ လို့ မြင်ပါတယ်။”

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ရခိုင်ပြည်နယ်အတွင်းကအဖြစ်ပျက်တွေအပေါ်မှာ ထောက်ခံမှု၊ဝေဖန်မှူကန်ကွက်မူတွေ မရှိပဲတိတ်ဆိတ်နေတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေတာပါ။ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီရဲ ့နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေး ကိုယ်စားလှယ်အဖွဲ ့(DPN) ရဲ့ ပြောရေးဆိုခွင့်ရှိသူ နိုင်အောင်မငေး ကတော့ မြန်မာအစိုးရနဲ့ နိုင်ငံတကာရဲ့ ပြောဆိုချက်တွေ တထပ်ထဲ မကျတဲ့အပေါ်မှာ လေ့လာစောင့်ကြည့်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

“နိုင်ငံတကာပြောဆိုချက်နဲ့ မြန်မာအစိုးရရဲ့ ပြောဆိုချက်က တထပ်တည်းမကျတော့ ဒါလည်း ကျနော်တို့က ဒီဟာကို စောင့်ကြည့်နေတယ်။ ကျနော်တို့ လူသားချင်းတရပ်အနေနဲ့တော့ စာနာတာပေါ့လေ စိတ်မကောင်းဘူးပေါ့ ဒီလိုတော့ ဖြစ်တယ်၊ ဒါပေမယ့် ဘယ်လိုကြောင့် ဘာကြောင့်ဖြစ်တယ်ဆိုတာက ကျနော်တို့ အခုအထိ လေ့လာသုံးသပ်နေတဲ့ကာလ ဖြစ်တယ်လေ။ ဒါပေမယ့် ကျနော်တို့က စာနာတော့ စာနာတာပေါ့ ဒါပေမယ့် တကယ့်လက်တွေ့မှာ ဘယ်သူက ပြုလုပ်ခဲ့တယ်ဆိုတာကတော့ ကျနော်တို့ စုံစမ်းစစ်ဆေးလေ့လာစောင့်ကြည့်နေစဲ ကာလဖြစ်ပါတယ်။”

ရခိုင်ပြည်နယ်မှာ၂၀၁၂ ခုနှစ်ကစလို့နှစ်ဘက် လူ့အသိုင်းအဝိုင်းတွေကြား ပဋိပက္ခဖြစ်ပွား ခဲ့ပြီးနောက်ပိုင်း ရခိုင်ပြည်နယ်မှာ အခုနောက်ဆုံး ဖြစ်ပွားတဲ့ အကြမ်းဖက်မှုတွေကြောင့် လူမျိုးတမျိုးနဲ့တမျိုးကြားမှာ ယုံကြည်မှုတွေ ပျက်ပြားသွားခဲ့ရပါတယ်။ အခုဆိုရင် ဗုဒ္ဓဘာသာဝင်တွေ၊အစ္စလာမ်ဘာသာ ဝင်တွေ၊ ဟိန္ဒူဘာသာဝင်တွေ အကုန်လုံးဟာ သတ်ဖြတ် အကြမ်းဖက်တာတွေ ခံရတာကြောင့် တဖက်နဲ့တဖက် ယုံကြည်မှု ပျက်ပြားသွားရပါတယ်။

တချိန်တည်းတပြိုင်တည်းမှာပဲ ကချင်ပြည်နယ် နဲ့ရှမ်းပြည်နယ်အတွင်းမှာ လည်း တိုက်ပွဲတချို့ ရှိနေတဲ့အတွက် တိုင်းရင်းသားဒေသတွေမှာ ဒုက္ခသည်ပြဿနာတွေလည်းရှိနေတာပါ။ ဒါ့အပြင် တိုင်းရင်းသားဒေသတွေအားလုံးနီးနီးမှာ နယ်မြေတည်ငြိမ်မူတွေ ဦးစားပေးဆောင်ရွက်နေရချိန်ဖြစ်သလို မြန်မာအစိုးရနဲ့ လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဆောင်ရွက်နေရချိန်ဖြစ်တာကြောင့်လည်း ရခိုင်ပြည်နယ်အခြေအနေတွေကို စောင့်ကြည့်အကဲခတ်နေတုန်းပ ဲဖြစ်တယ်လို့ တိုင်းရင်းသားခေါင်းဆောင်တွေကပြောဆိုကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG