သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတသစ်မိန့်ခွန်းအပေါ် တိုင်းရင်းသားတွေ သဘောထား


နိုင်ငံတော်သမ္မတ ဦးထင်ကျော် ပြည်ထောင်စုလွှတ်တော်တွင် မိန့်ခွန်းပြောကြား (ဓာတ်ပုံ-MOI)
နိုင်ငံတော်သမ္မတ ဦးထင်ကျော် ပြည်ထောင်စုလွှတ်တော်တွင် မိန့်ခွန်းပြောကြား (ဓာတ်ပုံ-MOI)

သမ္မတသစ် ဦးထင်ကျော် ကတိပြုလိုက်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ် ပြည်ထောင်စုတရပ် ဖြစ်ပေါ်ရေးတို့ဟာ တိုင်းရင်းသားတွေရဲ့ လိုလားချက်တွေနဲ့ ထပ်တူ ဖြစ်တယ်လို့ တိုင်းရင်းသားခေါင်းဆောင်တချို့က ပြောဆိုပါတယ်။ ဆယ်စုနှစ်တွေအတွင်း ပထမဆုံးအကြိမ် အများဆန္ဒနဲ့ ရွေးကောက်ခံထားရတဲ့ အစိုးရသစ်တရပ် အာဏာရလာတာဟာ အရပ်ဘက်အဖွဲ့အစည်းတွေ မျှော်မှန်းထားတဲ့ ပန်းတိုင်တဝက်ကို ရောက်ပြီလို့လည်း အခွင့်အရေး လှုပ်ရှားသူတချို့က ပြောဆိုပါတယ်။ အပြည့်အစုံကို မသိင်္ဂီထိုက် စုစည်းတင်ပြထားပါတယ်။

မြန်မာအစိုးရအဆက်ဆက်ကို ဆယ်စုနှစ်ပေါင်းများစွာ လက်နက်ကိုင် တော်လှန်နေတဲ့ မြန်မာ့ သက်တမ်းအရှည်ဆုံး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ကြီးဖြစ်တဲ့ ကရင့်အမျိုးသားအစည်းအရုံး KNU က သမ္မတသစ် ဦးထင်ကျော်ရဲ့ ကတိကဝတ်တွေကို ကြိုဆိုပါတယ်။ သမ္မတ ဦးထင်ကျော်ရဲ့ ကတိပြုချက်တွေက တိုင်းရင်းသားတွေရဲ့ လိုလားချက်နဲ့ ထပ်တူ ဖြစ်တယ်လို့ KNU ရဲ့ အထွေထွေ အတွင်းရေးမှူး ဖဒိုကွယ်ထူးဝင်း က ပြောပါတယ်။

“ဒီဖွဲ့စည်းပုံကို ခုနက ကျနော်တို့ပြောတဲ့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုစနစ်ကို ဖွဲ့စည်းမယ်ဆိုရင် ကျနော်တို့ တိုင်းရင်းသားတွေဘက်က ကျနော်တို့ မျှော်လင့်ချက်နဲ့ တထပ်တည်းဖြစ်တယ်။ နောက်ပြီးတော့ အခြေအနေကလည်း ပြည်သူကလည်း ရွေးကောက်လိုက်တဲ့ အစိုးရဖြစ်တယ်။ နောက် ကျနော်တို့ ဒီလို အခြေပြချခြင်းအားဖြင့် ဆက်လက်ပြီးတော့ အကောင်အထည်ဖော်မယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းနဲ့ရော နောက်ပြီးတော့ နိုင်ငံတော်မှာရှိနေတဲ့ နိုင်ငံရေးအစုအဖွဲ့ အကုန်လုံး စုပေါင်းပြီးတော့ ဆောင်ရွက်မယ်ဆိုရင်တော့ ကျနော်တို့ ဟိုး လွန်ခဲ့တဲ့ ၁၉၄၀ ခုနှစ်က စပြီး နှိုင်းယှဉ်လာမယ်ဆိုရင်တော့ ပိုမို နီးစပ်လာတယ်လို့ မြင်ပါတယ်။”

အစိုးရသစ်ရဲ့ ကနဦး ဆောင်ရွက်ချက် တချို့ဟာလည်း တိုင်းရင်းသား သွေးစည်းညီညွတ်မှုကို ဦးတည်တာ တွေ့ရတယ်လို့လည်း KNU အထွေထွေ အတွင်းရေးမှူး ဖဒိုကွယ်ထူးဝင်းက ပြောပါတယ်။

“အခုလက်ရှိမှာ ကျနော်တို့ ဒီ နိုင်ငံ့တာဝန် ထမ်းဆောင်ရမယ့် လွှတ်တော်မှာ နောက်ပြီးတော့ ပြည်ထောင်စုအဆင့်၊ ဝန်ကြီးအဆင့် နောက်ပြီးတော့ ပြည်နယ်အဆင့်မှာလည်း ကျနော်တို့ တိုင်းရင်းသား ခေါင်းဆောင်တွေ တော်တော်များများ ပါဝင်လာခဲ့တာ တွေ့ရတဲ့အတွက်ကြောင့် ကျနော်တို့ရဲ့ တိုင်းရင်းသားကြားထဲမှာရှိတဲ့ နားလည်မှုတွေ ပိုမို မြင့်မားလာဖို့အတွက် ဆောင်ရွက်တာပဲလို့ ကျနော်တော့ ယုံကြည်ပါတယ်။”

မြန်မာအစိုးရနဲ့ တိုက်ပွဲတွေဖြစ်နေဆဲ လက်နက်ကိုင်အဖွဲ့တွေ ပါဝင်တဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ကတော့ သမ္မတသစ်ရဲ့ ကတိကဝတ်တွေကို ကြိုဆိုပြီး ဒီကတိကဝတ်တွေအတိုင်း အကောင်အထည် ဖော်ဆောင်လာနိုင်ဖို့ မျှော်လင့်တဲ့အကြောင်း ပြောပါတယ်။ UNFC ရဲ့ ဒုတိယဥက္ကဌ နိုင်ဟံသာ က အခုလို ပြောပါတယ်။

“ကျနော်တို့ မျှော်လင့်တာကတော့ နော် ဒေါ်အောင်ဆန်းစုကြည်လည်း ခဏခဏပြောတယ်။ NLD ရဲ့ သဘောထားအရဆိုရင် အခုကတော့ ဒီ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးနဲ့ တဘက်က နိုင်ငံကို ကျနော်တို့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးကို ဦးစားပေးပြီးတော့ အကောင်အထည် ဖော်မယ်ဆိုတဲ့ကိစ္စလေ ဒါကတော့ သိပ်ကို မှန်ကန်တဲ့ ရပ်တည်ချက်ဖြစ်တယ်။ ကျနော်တို့လည်း ဒါကို လိုလားတယ်။ အဲ့လို ရပ်တည်ချက်မျိုးရှိရင်တော့ ကျနော်တို့ကတော့ အကောင်အထည် ဖော်တဲ့နေရာမှာ ထိရောက် ကောင်းမွန်လာလိမ့်မယ်လို့တော့ ယုံကြည်တယ်။”

အစိုးရသစ်နဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲနိုင်ရေး အချိန်မရွေး ဆွေးနွေးနိုင်ဖို့လည်း အဆင်သင့် ရှိနေတယ်လို့ UNFC က ပြောဆိုပါတယ်။ အစိုးရသစ် အာဏာလွှဲပြောင်း ရယူမှုအပေါ် အရပ်ဘက် လူမှု အသိုင်းအဝိုင်းတွေ ဘက်မှာလည်း မျှော်လင့်ချက်တွေ ရှိနေပါတယ်။ အခွင့်အရေး လှုပ်ရှားသူ မမေစပါယ်ဖြူ က အခုလို ပြောပါတယ်။

“လူမျိုးစုတွေနဲ့ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ပဋိပက္ခ ချုပ်ငြိမ်းရေးပေါ့ ပြည်ထောင်စု ငြိမ်းချမ်းရေးအတွက်ကို ဦးစားပေးပြီး ဖော်ဆောင်မယ်ဆိုတဲ့ ကတိစကားကို ကြားရတာတော့ ကျမတို့ဘက်ကတော့ ဒါ အားရကျေနပ်စရာတော့ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြည်တွင်းငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မှပဲ ကျမတို့အားလုံး မျှော်လင့်တောင့်တတဲ့ ဒီမိုကရေစီနဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ ဖြစ်လာနိုင်မယ်ပေါ့နော်။ နောက်တခုကတော့ ပြည်တွင်းငြိမ်းချမ်းရေးကို ဖော်ဆောင်မယ်ဆိုတဲ့ နေရာမှာ စစ်မှန်တဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ လိုအပ်တယ်လေ။ အဲတော့ အဲဒါတွေနဲ့ ပတ်သက်ပြီး အစိုးရသစ်ဟာ ဦးစားပေးပြီး တာဝန်ယူ ဆောင်ရွက်သွားမယ် ဆိုပြီးတော့ ကျမ်းသစ္စာကျိန်ဆိုတဲ့နေရာမှာ ပြောသွားတာတွေကိုတော့ ကျမတို့က အများကြီးပဲ မျှော်လင့်ပါတယ်။”

သမ္မတသစ် ဦးထင်ကျော်ရဲ့ လက်ထက်မှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျသူတွေ၊ ဖမ်းဆီးခံထားရသူတွေ လွတ်မြောက်လာဖို့နဲ့ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ အစိုးရသစ်ကြား ပူးပေါင်းဆောင်ရွက်မှုတွေ ရှိလာဖို့ မျှော်လင့်တဲ့ အကြောင်းလည်း အရပ်ဘက် အဖွဲ့အစည်းတွေက မျှော်လင့်နေကြပါတယ်။

XS
SM
MD
LG