သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပစ်ခတ်ရင်း ငြိမ်းချမ်းရေးဆွေးနွေးမှု တိုင်းရင်းသားအဖွဲ့တွေ သံသယဖြစ်


တပြည်လုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေး NCA လက်မှတ်ရေးထိုးနိုင်ဖို့နဲ့ ပူးတွဲကိုယ်စားလှယ် ဖွဲ့စည်းရေးအတွက် မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့ မနေ့က တွေ့ဆုံဆွေးနွေးခဲ့ရာမှာ လက်မှတ်ထိုးနိုင်မယ့်ရက်ကို အတည်မပြု နိုင်သေးဘူးလို့ ငြိမ်းချမ်းရေး အကျိုးဆောင်တွေက ပြောပါတယ်။ NCA လက်မှတ် ထိုးဖို့ အသင့်အနေထားမှာရှိတဲ့ တောင်ပိုင်းရှမ်းပြည် တပ်မတော် RCSS/SSA အနေနဲ့လည်း လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့ အခြေအနေကြောင့် အစည်းအဝေး တက်ရောက်တာမရှိသလို ဒီရက်ပိုင်း အတွင်းမှာ ငြိမ်းချမ်းရေးနဲ့ အပစ်ရပ်စဲရေး ဆွေးနွေးသွားဖို့ အစိုးရ ကိုယ်စားလှယ်တွေက ကမ်းလှမ်းနေတဲ့တချိန်တည်းမှာပဲ TNLA တအာင်း ပလောင်တပ်ဖွဲ့နဲ့ မြန်မာ့ တပ်မတော်အကြားမှာ တိုက်ပွဲဆက်လက်ဖြစ်ပွားနေခဲ့ပါတယ်။ ဒီအခြေအနေကိုတော့ ဗွီအိုအေထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

မြန်မာအစိုးရ ပြည်ထောင်စုငြိမ်းချမ်းရေးဖေါ်ဆောင်ရေးလုပ်ငန်းကော်မီတီနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအကြားNCA လက်မှတ်ထိုးနိုင်ရေးနဲ့ ပူးတွဲကိုယ်စားလှယ်ဖွဲ့ရေးကိစ္စရပ်တွေကို ဆွေးနွေးဖို့ ရန်ကုန်မြို့မှာ တွေ့ဆုံခဲ့ပါတယ်။ မနေ့ကကျင်းပခဲ့တဲ့ မြန်မာအစိုးရကိုယ်စားလှယ်အဖွဲ့နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တို့ရဲ့ တွေ့ဆုံ ညှိနှိုင်းမှုမှာတော့ လာမယ့် အောက်တိုဘာ (၃) ရက်နေ့မှာ ပြန်လည်ကျင်းပတဲ့အစည်းအဝေးကနေ NCA လက်မှတ် ရေးထိုးမယ့် ရက်ကို သတ်မှတ်သွားမယ်လို့ မြန်မာငြိမ်းချမ်းရေးစင်တာက အကြီးတန်းအရာရှိ ဦးလှမောင်ရွှေက ပြောပါတယ်။

တနိုင်ငံလုံး အပစ်ရပ်ရေး NCA လက်မှတ်ထိုးနိုင်ဖို့နဲ့ ပူးတွဲကိုယ်စားလှယ်ဖွဲ့စည်းရေး မြန်မာအစိုးရကိုယ်စားလှယ်အဖွဲ့နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့ မနေ့က တွေ့ဆုံဆွေးနွေးခဲ့ကြစဉ်။ (ဓာတ်ပုံ-ဦးညိုအုန်းမြင့်)
တနိုင်ငံလုံး အပစ်ရပ်ရေး NCA လက်မှတ်ထိုးနိုင်ဖို့နဲ့ ပူးတွဲကိုယ်စားလှယ်ဖွဲ့စည်းရေး မြန်မာအစိုးရကိုယ်စားလှယ်အဖွဲ့နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့ မနေ့က တွေ့ဆုံဆွေးနွေးခဲ့ကြစဉ်။ (ဓာတ်ပုံ-ဦးညိုအုန်းမြင့်)

“မနေ့တုန်းက ကျနော်တို့လက်မှတ်ရေးထိုးမယ့်ရက်နဲ့ လက်မှတ်ရေးထိုးတဲ့အခမ်းအနားတွေကို နှစ်ဘက်ညှိနှိုင်းပြီး ကျင်းပဖို့အတွက်ကို အစည်းအဝေး ဖိတ်ခဲ့ပါတယ်။ ဒီအစည်းအဝေးမှာ တိုင်းရင်းသားကိုယ်စားလှယ်တချို့အနေနဲ့ကတော့ ၂၈၊ ၂၉၊ ၃၀ မှာ ချင်းမိုင်မှာ summit တခု ရှိပါတယ်။ အဲဒါပြီးတဲ့ အထိ စောင့်ပေးဖို့ကို ဝန်ကြီးကိုအဆိုပြုတဲ့အတွက် ဝန်ကြီးကလည်း ညှိနှိုင်းဆောင်ရွက်ရတာဖြစ်တဲ့အတွက် ဒါကို သဘောတူပါတယ်။ ဒါပေမယ့် ဝန်ကြီး ဦးအောင်မင်းဘက်ကလည်း ပြန်ရှင်းပြတာက နိုင်ငံတော်သမ္မတက စက်တင်ဘာ ၂၉၊ တိုင်းရင်းသား ခေါင်းဆောင်တွေက အောက်တိုဘာ လလယ်လို့ ပြောတဲ့အတွက် အောက်တိုဘာလလယ်လောက် ကျော်ဖို့တော့ မသင့်ပါဘူး-လို့ ပြောတဲ့ အတွက် တချို့ တက်လာတဲ့သူတွေကလည်း လက်ခံပါတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ နောက်တကြိမ်ပြန်ပြီးတော့ ညှိနှိုင်းပွဲကို အောက်တိုဘာလ (၃) ရက်နေ့မှာ ဆုံကြမယ်။ အောက်တိုဘာ (၃) ရက်နေ့မှာ လက်မှတ်ရေးထိုးမယ့်ရက်ကို ဆုံးဖြတ်မယ်။ လက်မှတ် ရေးထိုးတဲ့ အခမ်းအနားကိုလည်း joint committee ဖွဲ့မယ်လို့ မနေ့က တက်ရောက်လာတဲ့သူတွေနဲ့ ဝန်ကြီးဦးအောင်မင်းနဲ့ သဘောတူညီခဲ့ ပါတယ်ဗျ။”

ဒါပေမယ့် NCAလက်မှတ်ထိုးဖို့အဆင်သင့်ဖြစ်နေပြီးလို့ပြောဆိုခဲ့တဲ့ တောင်ပိုင်းရှမ်းပြည်တပ်မတော် RCSS/SSA အနေနဲ့ ဒီအစည်းအဝေးကို တက် ရောက်ခဲ့ခြင်း မရှိပါဘူး။ ရှမ်းပြည်နယ်ဘက်မှာ မြန်မာတပ်မတော်နဲ့ RCSS တို့အကြား စစ်ရေးတင်းမာနေတဲ့ အခြေအနေတွေကြောင့်ပြည်ထောင်စု ငြိမ်းချမ်းရေးဖေါ်ဆောင်ရေးလုပ်ငန်းကော်မီတီရဲ့ဖိတ်ကြားချက်အတိုင်း တက်ရောက်ခြင်းမပြုဘူးလို့ တောင်ပိုင်းရှမ်းပြည် တပ်မတော်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းလကပြောပါတယ်။

“အစည်းအဝေးကျင်းပတဲ့နေ့ရက်တွေမှာ ကျနော်တို့ဒေသတွေမှာ တိုက်ပွဲတွေဖြစ်နေတယ်။ နောက်ပြီးတော့ ပြည်သူလူထုကလည်း ….တွေ ခံနေရတယ် ဆိုတော့ ဒီကိစ္စတွေကို ကျနော်တို့ ဖြေရှင်းနိုင်ဖို့အတွက် ဆွေးနွေးဖို့လိုအပ်တယ်လို့ မြင်တဲ့အတွက်ကြောင့် ကျနော်တို့ အသင်းတိုင်းမှာ မကျေမလည်ဖြစ်တဲ့ ကိစ္စတွေအားလုံး ပြေလည်မှုတွေရှိလာအောင် လမ်းစတွေရှာဖို့ ဆွေးနွေးဖို့ လိုအပ်ပါတယ်။ အဲဒီလို တိုက်ဆိုင်မှုတွေကြောင့် ……. ကနေ ဖိတ်ကြားလာတဲ့ အစည်းအဝေးကို ကျနော်တို့ မတက်ရောက်နိုင်ခြင်းပဲဖြစ်ပါတယ်။”

အလားတူ မြန်မာအစိုးရကနေ အပစ်အခတ်ရပ်စဲရေးအတွက်တွေ့ဆုံဆွေးနွေးဖို့ကမ်းလှမ်းထားတဲ့ TNLA ခေါ် တအာင်းပလောင် တပ်ဖွဲ့နဲ့ မြန်မာစစ်တပ်တို့ အကြား ရှမ်းပြည်နယ် ကျောက်မဲမြို့နယ်၊ မိုင်းလုံမြို့နယ်ခွဲဘက်မှာ တိုက်ပွဲတွေ ရက်ဆက်ဆိုသလိုဖြစ်ပွားနေတယ်လို့ TNLA နိုင်ငံခြားရေးတာဝန်ခံ တာပန်းလှက ပြောပါတယ်။

“မနေ့ကပဲ နှစ်ကြိမ်လောက်ဖြစ်သွားတယ်ဗျ။ မနေ့ကဆိုရင် ကျောက်မဲမြို့နယ်၊ မိုင်းလုံမြို့နယ်ခွဲမှာ နှစ်ကြိမ်ဖြစ်တယ်။ ၂၀ ရက်နေ့မှာလည်း ကျောက်မဲမြို့ နယ်၊ မိုင်းလုံမြို့နယ် နန်းခမ်းလုံရွာမှာဖြစ်တယ်။ ၁၉ ရက်နေ့ကျတော့ မန်တုံမြို့နယ် …..ကျေးရွာမှာဖြစ်တယ်။ ဒီရက်ပိုင်းတော့ တိုက်ပွဲက တော်တော်လေး ကို တောက်လျှောက် ဖြစ်နေတယ်ခင်ဗျ။ ကျောက်မဲမြို့နယ်တနေရာတည်းမှ မဟုတ်ဘူး။ ကျနော်တို့ဆီမှာ ရှိနေတဲ့ နေရာအနှံ့ပေါ့လေ။”

အခု စနေ တနင်္ဂနွေနေ့တွေမှာတိုက်ပွဲဆက်တိုက်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း ထိခိုက်ကျဆုံးမှုတွေကိုတော့ အတည်မပြု နိုင်သေးဘူးလို့လည်း TNLA နိုင်ငံခြားရေးတာဝန်ခံ တာပန်းလှ က ပြောပါတယ်။

တနိုင်ငံလုံး အပစ်ရပ်ရေး NCA လက်မှတ်ထိုးနိုင်ဖို့နဲ့ ပူးတွဲကိုယ်စားလှယ်ဖွဲ့စည်းရေး မြန်မာအစိုးရကိုယ်စားလှယ်အဖွဲ့နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့ မနေ့က တွေ့ဆုံဆွေးနွေးခဲ့ကြစဉ်။ (ဓာတ်ပုံ-ဦးညိုအုန်းမြင့်)
တနိုင်ငံလုံး အပစ်ရပ်ရေး NCA လက်မှတ်ထိုးနိုင်ဖို့နဲ့ ပူးတွဲကိုယ်စားလှယ်ဖွဲ့စည်းရေး မြန်မာအစိုးရကိုယ်စားလှယ်အဖွဲ့နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့ မနေ့က တွေ့ဆုံဆွေးနွေးခဲ့ကြစဉ်။ (ဓာတ်ပုံ-ဦးညိုအုန်းမြင့်)

စက်တင်ဘာ (၁၈) ရက်နေ့တုန်းက မြန်မာအစိုးရကနေ MPC ခေါ် မြန်မာငြိမ်းချမ်းရေးစင်တာကတာဝန်ရှိသူတွေကနေ တဆင့် ငြိမ်းချမ်းရေးနဲ့ အပစ် အခတ်ရပ်စဲရေးအတွက် TNLA ဘက်ကို ကမ်းလှမ်းလာခဲ့ပါတယ်။ အစိုးရဘက်ကမ်းလှမ်းချက်အပေါ် TNLAဘက်က ကြိုဆိုသလို တဘက်မှာလည်း မြန်မာတပ်မတော်ဘက်ကနေထိုးစစ်ဆင်မှုတွေ ပိုမိုများပြားလာတဲ့အတွက် ငြိမ်းချမ်းရေးကမ်းလှမ်းချက်အပေါ် သံသယ ဝင်မိတယ်လို့ ဆိုပါတယ်။

“ဒီရက်ပိုင်းမှာလည်း ကျနော်တို့လည်း အရှေ့တောင်ကုန်း လုံခြုံရေး အစည်းအဝေးခေါ်ပြီးတော့ ဆွေးနွေးနေပါတယ်။ တွေ့ဆုံဆွေးနွေးရေးကို ကျနော်တို့ ကြိုဆိုတယ်။ ကျနော်ထင်တယ်၊ ကျနော်တို့ ဗဟိုကော်မတီကလည်း ဆွေးနွေးသွားဖို့ ဖြစ်မှာပါ။ စက်တင်ဘာလ ၇ ရက်နေ့က စပြီးတော့ တောက်လျှောက် တိုက်ပွဲတွေက နေ့တိုင်းနီးပါးပေါ့လေ။ အဲလိုမျိုးကို ဖြစ်ပွားတယ်လို့ ကျနော်တို့ တွေ့ရှိရတယ်။ စကားပြောဖို့ ကမ်းလှမ်းတယ်။ တဘက်မှာလည်း စစ်ရေး အရ အရင်ကထက်ပိုမိုပြီး ဖိအားပေးတဲ့ဟာကျတော့လည်း ကျနော်တို့ဘက်က ငြိမ်းချမ်းရေးမှာ သံသယပွားစရာဖြစ်တယ်။”

TNLAအနေနဲ့ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး NCA လက်မှတ်ထိုးရေးမှာ အားလုံးစုံပါဝင်ရေးမူအတိုင်းဆက်လက်ရပ် တည်သွားမယ်လို့ တာပန်းလှက ပြောပါတယ်။ NCAလက်မှတ်ရေးထိုးနိုင်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းနေချိန်ကြားကာလတွေမှာလဲ စစ်ရေးပဋိပက္ခတွေ ဖြစ်ပွားနိုင်သေးသလို စိတ်ရှည်သည်းခံပြီး နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးသွားဖို့လိုတယ်လို့လည်း မြန်မာငြိမ်းချမ်းရေး စင်တာက အကြီးတန်း အရာရှိ ဦးလှမောင်ရွှေက ပြောပါတယ်။

တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတဲ့အခြေအနေကြောင့် မျှော်မှန်းသလို ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်နိုင်ဖို့ အခက်အခဲရှိနေဦးမယ်လို့လည်း တိုင်းရင်းသားခေါင်းဆောင်တွေဘက်က ပြောပါတယ်။

XS
SM
MD
LG