သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းရင်းသားခေါင်းဆောင်တွေ တပ်ချုပ်နဲ့ တွေ့


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တိုင်းရင်းသားအဖွဲ့တွေ နေပြည်တော်မှာ တွေ့ဆုံ ( သတင်းဓာတ်ပုံ-ပြန်ကြားရေးဝန်ကြီးဌာန)
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တိုင်းရင်းသားအဖွဲ့တွေ နေပြည်တော်မှာ တွေ့ဆုံ ( သတင်းဓာတ်ပုံ-ပြန်ကြားရေးဝန်ကြီးဌာန)

နေပြည်တော်မှာ ကျင်းပတဲ့ ပြည်ထောင်စုနေ့အခမ်းအနားကိုတက်ရောက်ခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့က ခေါင်းဆောင်တွေဟာ ဒီကနေ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ရာမှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က တပ်မတော် အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ဌာနချုပ်တွေကို တိုက်ခိုက်တာ မရှိဘူး ဆိုတာကို အလေးထားပြောကြားခဲ့ပါတယ်။ လွှတ်တော် ဥက္ကဋ္ဌတွေနဲ့ တွေ့ဆုံရာမှာတော့ ပြည်တွင်း ငြိမ်းချမ်းရေး နဲ့ နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရေးကို အလေးထားဆွေးနွေးခဲ့ကြပါတယ်။ သတင်း အပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြ ထားပါတယ်။

နိုင်ငံတော်အစိုးရရဲ့ ဖိတ်ကြားချက်နဲ့ ပြည်ထောင်စုနေ့အခမ်းအနားကို တက်ရောက် လာတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေဟာ သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရ အဖွဲ့ဝင်တွေ၊ နိုင်ငံရေး ပါတီခေါင်းဆောင်တွေ နဲ့ တွေ့ဆုံခဲ့ပြီး ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုင်ရာ ကတိ ကဝတ်ပြုချက် ကို သဘောတူ လက်မှတ်ရေးထိုးဖို့ မနေ့က ဆောင်ရွက်ခဲ့သလို ဒီကနေ့မှာတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ လွှတ်တော်ဥက္ကဋ္ဌတို့နဲ့ သီးခြားစီတွေ့ဆုံဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ခေါင်းဆောင်တွေနဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဟာ ဒီကနေ့မနက် နေပြည်တော် ဘုရင့်နောင်ခန်းမမှာ မနက် ၈နာရီခွဲကနေ ၁၀နာရီထိ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲမှာ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က တပ်မတော်ရဲ့ အမျိုးသားရေးမူဝါဒ ၃ရပ်ကို ရှင်းလင်းပြောဆိုခဲ့သလို တိုင်းရင်းသားခေါင်းဆောင်တွေဖက် ကတော့ ပြည်ထောင်စုနေ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုင်ရာ ကတိကဝတ်ပြုချက်မှာ ပါဝင် လက်မှတ်ထိုးဖြစ်တဲ့ အကြောင်းနဲ့ မထိုးဖြစ်တဲ့ အကြောင်းတွေကို ရှင်းလင်းဆွေးနွေးခဲ့ပါတယ်။

တဆက်တည်းမှာပဲ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က တိုင်းရင်းသားတပ်ဖွဲ့တွေရဲ့ ဌာနချုပ်ကို တိုက်ခိုက်တာမျိုး မရှိကြောင်း ပြောဆိုသလို ဝပြည်သွေးစည်းညီညွတ်ရေး တပ်ဖွဲ့ UWSAနဲ့ မိုင်းလားခေါ် အမျိုးသားဒီမိုကရေစီသွေးစည်းညီညွတ်ရေးတပ်ဖွဲ့ NDAA ကတော့ လက်ရှိ ကိုးကန့်ဒေသတိုက်ပွဲနဲ့ ပတ်သက်ပြီး သူတို့ ရပ်တည်ချက်ကို ရှင်းလင်းခဲ့ကြတယ်လို့ ပအိုဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းက ပြောပါတယ်။

"တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အနေနဲ့က သူတို့တပ်မတော်အနေနဲ့က ဘယ်သူရဲ့ဌာနချုပ်ကိုမှ ထိုးစစ်ဆင်ပြီး တိုက်ခိုက်တာမျိုးမရှိဘူး။ သို့သော်လည်း သူတို့အနေနဲ့ ခုခံကာကွယ်ရုံမှလွဲလို့ ကျန်တာ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ မရှိဘူးဆိုတာကိုတော့ သူ့အနေနဲ့ အလေးအနက်ထား ကတိပေး ပြောကြားပါတယ်။ UWSA ရဲ့ ကိုယ်စားလှယ်ပြောတာတော့ သူတို့ဟာ ဒီစစ်ရေးအရ၊ နိုင်ငံရေးအရ ဘာမှ ပါဝင်ပတ်သက်မှု မရှိဘူး။ သို့သော်လည်း သူတို့ရဲ့ ဆေးရုံတွေမှာပေါ့လေ ထိခိုက်လာတဲ့သူတွေကို လူသားချင်းစာနာမှုနဲ့ သူတို့ကတော့ ဒါကို စောင့်ရှောက်မှု ပေးတယ် ဆိုတဲ့အကြောင်းကိုတော့ ပြောပါတယ်။ ကျန်တဲ့ နိုင်ငံရေးအရ၊ စစ်ရေးအရတော့ သူတို့အနေနဲ့ ကူညီထောက်ပံ့ခြင်း မရှိဘူးဆိုတာကို ရှင်းပါတယ်။ မိုင်းလားအဖွဲ့လည်း ထိုနည်းတူပါပဲ။"

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေဟာ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌတို့နဲ့ နေ့ခင်း၁၁နာရီကနေ့ ၁နာရီအထိတွေ့ဆုံခဲ့ပြီး အဓိက ဆွေးနွေးဖြစ်တာတွေကို ဦးခွန်မြင့်ထွန်းက အခုလို ဆက်ပြောပါတယ်။

"အဓိကအားဖြင့်တော့ ဒီနေ့ ကျနော်တို့တိုင်းပြည်ရဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို အမြန်ရရှိအောင် အကောင်အထည်ဖော်နိုင်ဖို့ နောက်တခါ နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်နိုင်ဖို့ ကျနော်တို့ လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ သဘောထားတွေ ကို အဓိက သူတို့နားထောင်ချင်ပါတယ် လို့ပြောပါတယ်။ သူတို့ကတော့ လွှတ်တော်ရဲ့ တာဝန်ရှိမှု၊ တာဝန်ခံမှုနဲ့ပေါ့လေ ဒါကိုတတ်နိုင်သမျှကြိုးစားဆောင်ရွက်မယ် ဆိုတဲ့အကြောင်း အဲ့တာကို ပြောပြီးတော့ ဆွေးနွေးပွဲကို စကြတာဖြစ်ပါတယ်။ ဆွေးနွေးကြတဲ့ ပုဂ္ဂိုလ်တွေကတော့ မနေ့က လက်မှတ် မရေးထိုးဖြစ်တာဟာ ငြိမ်းချမ်းရေးကို ကျနော်တို့ မလိုလားလို့ မဟုတ်ဘူးဆိုတာ အပါအဝင်ပေါ့လေ ကျနော်တို့ ရှင်းပြကြတာတွေရှိတယ်။ နောက်တခုက မယုံကြည်မှုတွေ သံသယတွေကို ပပျောက်ဖို့အတွက်ကို အဓိကထားပြီးဆောင်ရွက်မှ ငြိမ်းချမ်းရေးက ခိုင်မြဲမယ်ဆိုတာကို ပြောပါတယ်။"

အစိုးရ၊ လွှတ်တော်နဲ့ တပ်မတော်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေ အမြင်ချင်းဖလှယ်နိုင်တာဟာ လက်ရှိဆွေးနွေးနေတဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်အတွက် အထောက်အကူပြုနိုင်မယ်လို့ ယုံကြည်ကြောင်းလည်း ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ အထွေထွေ အတွင်းရေးမှုး ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

"အဓိကကတော့ ကျနော်တို့ အခုညှိနှိုင်းတဲ့နေရာမှာ ပထမဦးဆုံးအခက်အခဲက မယုံသင်္ကာမှုနဲ့ လွန်ခဲ့တဲ့ အချိန်ကဖြစ်ပျက်လာခဲ့တဲ့ အဖြစ်အပျက်တွေရဲ့ အကျိုးသက်ရောက်မှုပေါ့၊ ဒီလိုတွေ့ခြင်းအားဖြင့် တရားဝင်တာပဲပြောပြော၊ အလွတ်သဘော ဆွေးနွေးတာပဲ ပြောပြော ကျနော်တို့ တိုင်းရင်းသားဘက်က အစိုးရရဲ့ သဘောထားကို တင်ပြတာ ဒါကတော့ ပိုမိုပြီးတော့ တဖက်နဲ့ တဖက်ရဲ့ သဘောထားကို နားလည်လာတယ် ဆိုတော့ ကျနော်တို့ NCA (Nationwide Ceasefire Agreement ) သွားတဲ့နေရာမှာ ပိုမိုပြီးတော့ အထောက်အကူပြုတယ်လို့တော့ မြင်တယ်လေ။"

လက်ရှိဖြစ်ပွားနေတဲ့ ကိုးကန့်တိုက်ပွဲနဲ့ပတ်သက်ပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က မကြာခင်မှာ သတင်းစာရှင်းလင်းပွဲကျင်းပဖို့ ရှိကြောင်း ပြောဆိုခဲ့သလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖက်ကလည်း အခြေအနေ အသေးစိတ် မသိရသေးတာကြောင့် တစုံတရာဆွေးနွေးတာ မရှိကြောင်း လည်း ပြောပါတယ်။

ဒါဟာ အစိုးရ၊ လွှတ်တော်နဲ့ တပ်မတော်ခေါင်းဆောင်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေ ဒုတိယ အကြိမ် တွေ့ဆုံတာ ဖြစ်ပြီး ပထမတကြိမ်ကတော့ လွတ်လပ်ရေးနေ့ အခမ်းအနားအပြီးတွေ့ဆုံခဲ့တာပါ။

ပြည်ထောင်စုနေ့အခမ်းအနားကို အစိုးရဖက်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၆ဖွဲ့ကို ဖိတ်ကြားခဲ့ရာမှာ ၁၃ဖွဲ့ တက်ရောက်ခဲ့ပါတယ်။ ပြည်ထောင်စုနေ့က လက်မှတ်ရေးထိုးတဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုင်ရာ ကတိကဝတ်ပြု သဘောတူချက်ကိုတော့ တက်ရောက်လာတဲ့အဖွဲ့တွေထဲက အဖွဲ့ ၄ဖွဲ့ ပါဝင်လက်မှတ်ရေးထိုးထားပါတယ်။

XS
SM
MD
LG