သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းရင်းသား လက်နက်ကိုင် ၃ ဖွဲ့ NCCT က နုတ်ထွက်မည်


ပန်ဆန်းမှာကျင်းပနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်များညီလာခံ
ပန်ဆန်းမှာကျင်းပနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်များညီလာခံ

အစိုးရတပ်တွေနဲ့ လက်ရှိတိုက်ပွဲဖြစ်နေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့ဟာ NCCT အဖွဲ့ကနေ နုတ်ထွက်မယ်လို့ ရှမ်းပြည်နယ် ဝဒေသ ပန်ဆန်းမှာ ကျင်းပနေတဲ့ လက်နက်ကိုင် တိုင်းရင်းသားထိပ်သီးညီလာခံမှာ မနေ့တုန်းက အဆို တင်သွင်းလိုက်ပါတယ်။ အပစ်ရပ် ငြိမ်းချမ်းရေးရဖို့ လုပ်ဆောင်နေတယ် ဆိုတဲ့ မြန်မာအစိုးရရဲ့လုပ်ရပ်တွေပေါ် သံသယရှိလာတာကြောင့်လို့ ဆိုပါတယ်။ ဆက်သွယ်စုံစမ်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပေးထားပါတယ်။

မြန်မာအစိုးရ ငြိမ်းချမ်းရေးဖေါ်ဆောင်မှုအဖွဲ့ UPWC နဲ့ NCCT တနိုင်ငံလုံး အပစ်ရပ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့တို့ဟာ မတ်လ ၃၁ ရက်နေ့က တနိုင်ငံလုံး အပစ်ရပ်ရေး သဘောတူစာချုပ်မူကြမ်းကို လက်မှတ်ရေးထိုးခဲ့ကြ ပါတယ်။ ဒီလို သဘောတူညီ မှုတွေရှိပေမယ့်လည်း အစိုးရတပ်တွေက AA ရခိုင်တပ်မတော်၊ MNDAA ကိုးကန့်တပ်ဖွဲ့နဲ့ TNLA တအောင်း ပလောင် တပ်ဖွဲ့တွေ ကို တောက်လျှောက် ထိုးစစ်ဆင်နေခဲ့တာပါ။

အခုပန်ဆန်းမှာကျင်းပတဲ့ ညီလာခံကို AA/ MNDAA နဲ့ TNLA တပ်ဖွဲ့တွေကို ဖိတ်ကြားခြင်းမပြုဖို့ အစိုးရဘက်က ဖိအားပေးတာမျိုး ရှိတာကြောင့် ဒီအခြေ အနေတွေပေါ် မူတည်ပြီး အစိုးရနဲ့အပစ်ရပ်ရေး ဆွေးနွေးနေတဲ့ NCCT အဖွဲ့ကနေ သူတို့နုတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့ကြကြောင်း TNLA တအောင်း ပလောင် တပ်ဖွဲ့ပြော ခွင့်ရသူ မိုင်အိုက်ကျော် က VOA ကိုပြောပါတယ်။

“NCCT ကနေ နုတ်ထွက်ရတဲ့အကြောင်းအရင်းက ဒီ မတ်လ ၃၁ ရက်နေ့မှာ NCCT အဖွဲ့နဲ့ UPWC က သဘောတူညီချက်မူကြမ်းကို လက်မှတ်ထိုး သွားတာပေါ့နော်။ လက်မှတ်ထိုးနေတဲ့အချိန်မှာ ကျနော်တို့ ဒေသတွေမှာ တိုက်ပွဲတွေဆက်ဖြစ်နေတယ်။ ရခိုင်ဘက်ရော၊ ကိုးကန့်ဘက်ရော၊ ကျနော်တို့ တအောင်း ဒေသ ပေါ့နော- ပလောင်ဒေသမှာ လည်း တောက်လျှောက် တိုက်ပွဲတွေဖြစ်နေတယ်။ နောက်ပိုင်းမှာ ပန်ဆန်း ညီလာခံကို ကျနော်တို့အဖွဲ့တွေကို ပေးမတက်ဖို့ UPWC က ဝ ကို လှမ်းပြီး မှ ပြောကြားတာ ရှိတယ်။ အဲဒါကို ကြည့်ခြင်းအားဖြင့် UPWC က ကျနော်တို့ အဖွဲ့အပေါ်မှာ မရိုးသားမှု ထင်ဟပ်တာပေါ့နော်။ အဲဒါကြောင့်မို့ လို့ နုတ်ထွက် လိုက်ရတဲ့ သဘောပါ။”

သူတို့ရဲ့အဆိုပြုချက်ကို NCCT အဖွဲ့က ချက်ချင်းအကြောင်းပြန်ကြားခြင်း မရှိသေး ပါဘူး။ ပန်ဆန်းညီလာခံပြီးဆုံးမယ့် မေလ ၆ ရက်လောက်မှာ တိုင်းရင်းသား လက်နက်ကိုင် ၃ ဖွဲ့တင်ပြထားတဲ့ နုတ်ထွက်အဆိုနဲ့ပတ်သက်ပြီး တစုံတရာ အဖြေထွက်လာမယ်လို့ မျှော်လင့်နေကြပါတယ်။

NCCT အဖွဲ့ဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံးကို ကိုယ်စားပြုပြီး တနိုင်ငံလုံး အတိုင်းအတာ အပစ်ခတ်ရပ်စဲနိုင်ဖို့ အစိုးရရဲ့ UPWC အဖွဲ့ နဲ့ ဆွေးနွေးလာခဲ့တာပါ။ လက်နက်ကိုင်အဖွဲ့အားလုံး သဘောတူမှသာ NCCT ကလည်း အစိုးရနဲ့ အပစ်ရပ်ရေးလက်မှတ်ကို ရေးထိုးနိုင်မှာဖြစ်တယ်လို့ အစောပိုင်းတုန်းက ထုတ်ပြောခဲ့တာရှိပါတယ်။ အခုလို လက်နက်ကိုင် ၃ ဖွဲ့ ခွဲထွက်မယ့်ကိစ္စနဲ့ ပတ်သက်လို့ NCCT အဖွဲ့ရဲ့သဘောထားကို သိရှိနိုင်ဖို့ တာဝန်ရှိသူတွေကို VOA ကကြိုးစား ဆက်သွယ်ခဲ့ပေမယ့် အဆက်သွယ် အခုထိမရသေးပါဘူး။

ဒီအတောအတွင်း မေလ ၄ ရက်နေ့တုန်းက အစိုးရတပ်တွေနဲ့ TNLA တအောင်း ပလောင် တပ်ဖွဲ့တို့ ကျောက်မဲမြို့မှာ ရင်ဆိုင်တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။ ဒီအခြေနေအရ မြန်မာအစိုးရဟာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ တတိုင်းပြည်လုံး အတိုင်းတာ အပစ်အခတ်ရပ်စဲဖို့ အာသီသ ရှိပုံမရဘူး လို့ မြင်ကြောင်း TNLA တပ်ဖွဲ့ ပြောခွင့်ရသူ မိုင်အိုက်ကျော် ပြောပါတယ်။

“ကျနော့်အမြင်ကတော့ သူတို့ဆွေးနွေးတာလည်း အချိန်လည်း တော်တော်လေး ကြာပြီပေါ့နော်။ ဒါပေမယ့်လည်း ဒီဟာက အမှန်တကယ် အစစ်အမှန်လုပ်ချင်တဲ့ သဘောတော့ မရှိဘူးထင်တာပဲ။ သူတို့က ဒီ တိုင်းရင်းသားအဖွဲ့ တဖွဲ့ပြီးတဖွဲ့ တဖွဲ့ပြီးတဖွဲ့ သူတို့က ခွဲပြီးမှ စည်းရုံးသိမ်းသွင်း ချင်တဲ့သဘောတော့ တွေ့ရတယ်။ ရှိပြီးသားအဖွဲ့တောင်မှ အစိုးရက လက်မခံဘူးဆိုရင်တော့ တတိုင်းပြည်လုံး ဆောင်ရွက်ရဖို့ အနေအထားတော့ တော်တော်လေး ခဲယဉ်းတာပေါ့နော။”

NCCT အဖွဲ့ကနေ နုတ်ထွက်လိုက်ကြသည့်တိုင်အောင် အဲဒီ တိုင်းရင်းသား လက်နက်ကိုင် ၃ ဖွဲ့က အစိုးရနဲ့ အပစ်ရပ်ငြိမ်းချမ်းရေး ဆွေးနွေးသွားနို င်ဖို့ နည်းလမ်းရှာသွားမယ်လို့ ပြောပါတယ်။

ဒါ့အပြင် မတ်လ ၃၁ ရက်နေ့က ရန်ကုန်မြို့မှာ UPWC နဲ့ NCCT အဖွဲ့တို့ သဘောတူထားတဲ့ တနိုင်ငံလုံးဆိုင်ရာ အပစ်ရပ်ရေး သဘောတူ စာချုပ်မူကြမ်းပါ အချက်တချို့ကို ပြန်လည်ပြင်ဆင်နိုင်ဖို့ NCCT အဖွဲ့ဝင် လက်နက်ကိုင် ၄ ဖွဲ့က ဝဒေသမှာ လက်ရှိ ကျင်းပနေတဲ့ ပန်ဆန်းညီလာခံမှာ တင်ပြဆွေးနွေး တာတွေ ရှိခဲ့ပါတယ်။

XS
SM
MD
LG