သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၁၆ ဖွဲ့လုံးပါမှ NCA ကိုတိုင်းရင်းသားအဖွဲ့တွေ လက်မှတ်ထိုးမည်


တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များ၏ လောခီးလာမှာ ကျင်းပနေတဲ့ ထိပ်သီးအစည်းအဝေးကျင်းမြင်ကွင်း။ (ဓာတ်ပုံ- ကရင်အမျိုးသားမီဒီယာ)
တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များ၏ လောခီးလာမှာ ကျင်းပနေတဲ့ ထိပ်သီးအစည်းအဝေးကျင်းမြင်ကွင်း။ (ဓာတ်ပုံ- ကရင်အမျိုးသားမီဒီယာ)

တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ကိုးကန့်၊ ပလောင်၊ ရက္ခိုင့် တပ်မတော်တို့ ပါဝင်လက်မှတ်ထိုးနိုင်မှသာ တနိုင်ငံလုံးအပစ်ရပ်စဲရေး စာချုပ် (NCA) ကို လက်မှတ် ထိုးမယ်လို့ လောခီးလာညီလာခံမှာ တနင်္ဂနွေနေ့က ဆုံးဖြတ်လိုက်ပါတယ်။ ဒီအဖွဲ့သုံးဖွဲ့ကလည်း တနိုင်ငံလုံးပစ်ခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ထဲကို ပြန်လည် ဝင်ရောက်ဖို့လည်းရှိပါတယ်။ တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး ညှိနှိုင်းရေး အဖွဲ့ (NCCT) ပါ တိုင်းရင်းသား ၁၆ ဖွဲ့လုံး မကျန်ရစ်စေဘဲ ပါဝင်မှသာ အပစ်အခတ် ရပ်စဲဖို့ တက်ရောက်လာတဲ့ အဖွဲ့တိုင်းကလက်ခံထားပါတယ်။ ဒီသတင်းကို ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မေခ က ပေးပို့ထားပါတယ်။

ညီလာခံ ၆ ရက်မြောက် အထိ တနိုင်ငံလုံးအပစ်ရပ်စဲရေး စာချုပ် (NCA)ကိုပဲ အဖွဲ့အသီးသီးက ဆွေးနွေးခဲ့ပြီး မနေ့က တနင်္ဂနွေနေ့မှာ စာချုပ်ပါ အခန်း အားလုံးကို ဆွေးနွေးမှု ပြီးဆုံးခဲ့ပါတယ်။ ၆၇ နှစ်ကြာ ပြည်တွင်းစစ်ကာလမှာ ဘယ်လူမျိုးစု တော်လှန်ရေးအဖွဲ့ကိုမှ ကုန်စင်အောင် အစိုးရဘက်က မတိုက်နိုင်ခဲ့ကြောင်း၊ တစ်ဖွဲ့ဖွဲ့ကိုချန်ထားပြီးတော့ ဆက်တိုက်နေရင် ပြည်တွင်းစစ်ဟာ ဘယ်တော့မှပြီးမှာမဟုတ်ဘူးလို့ တနိုင်ငံလုံးအပစ်ခတ် ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) ခေါင်းဆောင် နိုင်ဟံသာက ပြောပါတယ်။

“အပစ်ရပ်ပြီးတော့ နိုင်ငံရေးဆွေးနွေးတဲ့နေရာမှာ သတ်မှတ်ထားတဲ့ အချက်အလက်တွေနဲ့ ပြည့်စုံတဲ့အဖွဲ့တွေ၊ နောက် သူတို့ကိုယ်တိုင် NCA အပေါ်မှာ လက်ခံတဲ့ အဖွဲ့တွေ အားလုံး ပါဝင်ရေး တို့လက်ခံထားတယ်။ အဓိကအားဖြင့်ကတော့ ဒီ NCCT အဖွဲ့ဝင်တွေနဲ့ ABSDF ကတော့ ဒီမှာ အမြဲတမ်း ညှိနှိုင်း ဆွေးနွေးနေတယ်ဆိုတော့ သူတို့ကတော့ NCA အပေါ်မှာ အားလုံးပြေလည်ပြီးသားဖြစ်တယ်။ သူတို့က အားလုံးပါဝင်ရေးဆိုတဲ့မူပေါ်မှာ ရှိနေပြီးသား ဖြစ်တယ်။ အထဲက အင်အားစုတွေက အတူတကွ ပါဝင်လက်မှတ် ရေးထိုးပြီးတော့မှ အပစ်အခတ်ရပ်စဲဖို့၊ နောက် နိုင်ငံရေးဆွေးနွေးတဲ့ အခါကျရင်လည်း အတူတူသွားဖို့၊ အဲဒီလို အမြင်ရှိတယ်။ တကယ်လို့ အစိုးရဘက်က စုစုစည်းစည်းရှိနေတဲ့ ကျနော်တို့အင်အားစုထဲက တချို့အဖွဲ့ကို နောက်ချန်ထားမယ်ဆိုတဲ့ ဟာကိုတော့ ဒီမှာ ဆုံးဖြတ်ကြတယ်လေ။ ဒါကိုတော့ ကျနော်တို့လက်မခံဘူး။”

ရက္ခိုင့်တပ်မတော်က နိုင်ငံတကာဆက်ဆံရေးတာဝန်ခံ ကိုအေးထွန်းက NCCT အဖွဲ့မှာ ပြန်လည်ပါဝင်ရေး စာ ပြန်တင်ပြီး တရားဝင်လုပ်ဆောင်သွားဖို့ ရှိကြောင်း အခုလိုပြောပါတယ်။

“အားလုံးပါရင်တော့ ကျနော်တို့လည်း ပါရမှာပေါ့နော။ အရင်တုန်းက အကြောင်းအရာလေးတွေကို အခြေခံပြီး ကျနော်တို့ ထွက်ဖို့ ဆုံးဖြတ်ခဲ့ကြတာကိုး။ အဲဒီတော့ အားလုံးက ပါစေချင်တယ် လိုလိုလားလားနဲ့ပဲ ပြောကြ ဆိုကြ ဆွေးနွေးကြတော့ ကျနော်တို့ဘက်ကလည်း ပါဖို့ သဘောထား ပြန်ပေးထားတာရှိပါတယ်။”

ဆွေးနွေးမှုအရ စာချုပ်ပါ အခန်း ၇ ခန်းမှာ ပြင်ဆင်ဖြည့်စွက်ချက် ၁၅ ချက်နီးပါးရှိပြီး အဲဒီပြင်ဆင်ချက်တွေကိုတော့ အစိုးရနဲ့ တွေ့ဆုံဆွေးနွေးသွားမှာပါ။ စာချုပ်ပါ အခန်း ၃ နဲ့ အခန်း ၅ တို့မှာ ပြင်ဆင်ချက်တွေရှိခဲ့ပြီး အချို့အခန်းတွေမှာတော့ စကားလုံး ဖြည့်စွက်ချက်တွေရှိတယ်လို့ နိုင်ဟံသာကပြောပါတယ်။

“ကနေ့အနေအထားမှာ တကယ်လို့ နားလည်မှုရနိုင်ဖို့ နည်းလမ်းမရှာတော့ဘူးဆိုရင် သူတို့လည်း စစ်အင်အားကို အားကိုးပြီးတော့ တိုက်လာမယ်ဆိုရင် တို့ဘက်ကလည်း မလွဲှသာမရှောင်သာကတော့ ပြန်ခုခံရမှာပဲ။ ဒါပေမယ့် ဒီကနေ့အနေအထားမှာ ကျနော်တို့နိုင်ငံမှာ နိုင်ငံရေးဘက်မှာ တာဝန်ယူနေတဲ့၊ ဆက်စပ်မှုရှိနေတဲ့ ခေါင်းဆောင်ပိုင်းက တို့နိုင်ငံရဲ့ပြဿနာကို စားပွဲခုံပေါ်မှာ ဖြေရှင်းမှ ပြေလည်နိုင်မယ်ဆိုတဲ့ဟာ အလေးအနက် ရှိနေကြပြီးဖြစ်တယ်။ အခြေအနေကလည်း တော်တော်လေး တွန်းပို့လာနေပြီ။ လူထုအများစုကလည်း တောင်းဆိုနေပြီ၊ နိုင်ငံတကာကလည်း တောင်းဆိုနေပြီဆိုတော့ ရူးရူးမိုက်မိုက်နဲ့လုပ်မယ့် ပုဂ္ဂိုလ်မျိုးတော့ ရှိလိမ့်မယ်မထင်ဘူးဗျ။”

လက်ရှိ NCCT ၁၆ ဖွဲ့မှာ အချို့အဖွဲ့တွေက တိုက်ပွဲတွေဖြစ်ပွားမှုမရှိပေမယ့် လက်နက်အင်အားနည်းပါးမှု၊ တပ်ဖွဲ့စည်းမှုမှာ တိကျတဲ့ တပ်ပိုင်းဆိုင်ရာ ဖွဲ့စည်းမှု၊ နယ်မြေလှုပ်ရှားမှု စတဲ့အချက်တွေ မရှိတာကြောင့် အပစ်ခတ်ရပ်စဲဖို့မလိုဘူးလို့ အစိုးရဘက်ပိုင်းကပြောဆိုမှုတွေရှိနေပါတယ။ ဒါပေမယ့် တိုင်းရင်းသားတွေဘက်ကတော့ NCCT အဖွဲ့ဝင်တွေထဲမှာ ဒီလိုအဖွဲ့ငယ်တွေအတွက် အဖွဲ့အစည်းတခုကနေ တာဝန်ယူပြီး အဲဒီအဖွဲ့စည်းအောက်မှာ လက်မှတ်ထိုးဖို့ လုပ်ဆောင်သွားရေး အစိုးရနဲ့ဆွေးနွေးမှုရှိခဲ့ပေမယ့် ခုချိန်ထိအဖြေမရသေးပါဘူး။

ညီလာခံကနေထွက်လာတဲ့ ပြင်ဆင်ဖြည့်စွက်ချက် ၁၅ ချက်ကို အစိုးရနဲ့ပြန်လည်ညှိနှိုင်းဖို့ အဆုံးအဖြတ်ပေးနိုင်မယ့်ခေါင်းဆောင်တွေပါဝင်တဲ့ အဖွဲ့တဖွဲ့ကို ဖွဲ့စည်းသွားဖို့ ဒီညီလာခံကနေ စီစဉ်နေပါတယ်။ ဒီအဖွဲ့က လက်ရှိတိုက်ပွဲတွေဖြစ်နေတဲ့ ကိုးကန့်၊ ပလောင်၊ ရက္ခိုင့် တပ်မတော်တွေ NCA မှာ ပါနိုင်ဖို့ အတွက်လည်း အစိုးရနဲ့ ဆွေးနွေးသွားမယ်လို့ ပြောပါတယ်။ ဒီအဖွဲ့ ဖွဲ့ရေးနဲ့ဘယ်လိုဆွေးနွေးမလဲဆိုတာကိုတော့ ဆက်လက်ဆွေးနွေးမယ့် ရှေ့ လုပ်ငန်းစဉ်များ ဆိုတဲ့ ခေါင်းစဉ်မှသာဆွေးနွေးသွားမယ်လို့ တိုင်းရင်းသားတွေက ပြောပါတယ်။ လက်ရှိမှာ NCCT အဖွဲ့ဝင် ၁၆ ဖွဲ့ဖြစ်တဲ့ တိုင်းရင်းသား အဖွဲ့တွေမှာ ကိုးကန့်၊ ရက္ခိုင်တပ်မတော်အပါအဝင် အဖွဲ့ ၅ ဖွဲ့ကို အစိုးရက လက်မခံထားတာကြောင့် ဒီအဖွဲ့တွေနဲ့ပတ်သက်ပြီး နှစ်ဘက်ဆက်လက်ဆွေးနွေးရမှာပါ။

ခုလက်ရှိ ထွက်ပေါ်လာတဲ့ ပြင်ဆင်ဖြည့်စွက်မယ့် အချက် ၁၅ ချက်ကို တိုင်းရင်းသားများဘက်က လက်ရှိချိန်ထိ တိကျစွာ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။ မနြက်ဖန်မှာ ဆွေးနွေးပွဲကိုဆက်လက်ကျင်းပမှာဖြစ်ပြီး နိုင်ငံရေးဆွေးနွေးမှု ဆိုင်ရာမူဘောင်ကိစ္စ၊ ရှေ့လုပ်ငန်းစဉ်ကိစ္စစတာတွေကို ဆွေးနွေးမှာဖြစ်ပါတယ်။

XS
SM
MD
LG