သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၇၄နှစ်အကြာ မြန်မာ့တပ်မတော်ကဏ္ဍ ပြည်ပတိုင်းရင်းသားတချို့အမြင်


မြန်မာ တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား
မြန်မာ တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား

မြန်မာ့တပ်မတော်အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာရေးထက် ဗိုလ်ကျစိုးမိုးရေး မူဝါဒကိုပဲ စွဲကိုင်ကျင့်သုံးနေဆဲဖြစ်ကြောင်း ပြည်ပရောက် တိုင်းရင်းသားအရေး ဦးဆောင်နေသူတွေက ပြောကြားလိုက်ပါတယ်။

ဒီကနေ့ မတ်လ (၂၇) ရက်နေ့ကို မြန်မာ့လွတ်လပ်ရေးသမိုင်းမှာ အရေးပါတဲ့ ဖက်ဆစ်တော်လှန်ရေးနေ့ လို့ ဂုဏ်ပြုသတ်မှတ်ခဲ့ပေမယ့် နောက်ပိုင်းမှာ တပ်မတော်နေ့ အဖြစ် ပြောင်းလဲခေါ်ဝေါ်သတ်မှတ်ခဲ့တဲ့အတွက် ဖက်ဆစ်ဂျပန်တွေနဲ့ တိုက်ပွဲမှာ တန်းတူပါဝင်ခဲ့ကြတဲ့ တိုင်းရင်းသားတွေအတွက် တပ်မတော်နေ့ဟာ သူတို့ကိုပါ ကိုယ်စားပြုပါသလား၊ လက်ရှိတပ်မတော်ရဲ့ ရပ်တည်ချက်အပေါ်မှာ သူတို့သဘောထားအမြင်တွေဘယ်လိုရှိပါသလဲ။ မအင်ကြင်းနိုင်က ဆက်လက်တင်ပြမှာပါ။

ဒီနှစ်မှာ ကျရောက်တဲ့ (၇၄)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားကို ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်စား ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင် တက်ရောက်ခဲ့ပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ မတ်လ ၂၆ ရက်နေ့ညနေပိုင်း ရုံးအဆင်း ခြေချော်ခဲ့တဲ့အတွက် ဒူးခေါင်မှာ ထိခိုက်ဒဏ်ရာရခဲ့တာကြောင့် ဒီကနေ့ ကျင်းပမယ့် တပ်မတော်နေ့ အခမ်းအနားကို တက်ရောက်နိုင်ခြင်းမရှိကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ မတ်လ (၂၇)ရက် နံနက်ခင်း အစောပိုင်း ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

မနှစ်က တပ်မတော်နေ့အခမ်းအနားမှာတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ သဘောထားကွဲလွဲမှုတွေကို လက်နက်ကိုင်ပြီးတောင်းဖို့ မလိုအပ်တော့ကြောင်း ပြောသွားပါတယ်။ အခု တနှစ်တိတိကြာလာပေမယ့် တိုင်းရင်းသားဒေသတွေမှာ အထူးသဖြင့် အရင်က အဖြူရောင် နယ်မြေဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်မှာ မြန်မာစစ်တပ်နဲ့ AA ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ကြား တိုက်ပွဲတွေ ပိုပြီး ပြင်းထန်လာနေတာပါ။

ဒီအခြေအနေနဲ့ ပတ်သက်လို့ အမေရိကန်-ရခိုင်လူမှုအဖွဲ့အစည်း ဒုတိယဥက္ကဌ ကိုသိန်းထွန်းဇံရဲ့ အမြင်ကတော့-

“AA အပေါ်မှာ တပ်မတော်ကထားတဲ့ မြန်မာစစ်တပ်ကထားတဲ့ သဘောထားကတော့ အနိုင်ကျင့်နေတယ်ပေါ့နော်။ ဒီလိုသဘောပဲမြင်ပါတယ် နောက်ပြီးတော့ သူတို့အနေနဲ့ကတော့ လက်ဝါးကြီးအုပ်ပြီးတော့ သူတို့ကြီးစိုးချင်တယ်။ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို သေသေချာချာ ကျကျနန တခုခုပေးလိုက်ရမှာမျိုးပေါ့နော် တခုခုကြောင့် အဲလို လက်လွှတ်သွားမှာမျိုးကြောက်တယ် အဲလိုပဲ ကျနော်တို့မြင်တယ်။ နောက်ပြီးတော့ သူတို့အပြောတွေက အခုတမျိုး တော်ကြာတမျိုး အမျိုးမျိုးပြောပြီးတော့ လှည့်ပတ်ပြီးတော့ အမှန်ကတော့ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို ကောင်းကောင်းမွန်မွန်တောင်းလို့ပဲဖြစ်ဖြစ် လက်နက်နဲ့ တောင်းလို့ပဲဖြစ်ဖြစ် အဲဒါတွေကို ခြေမှုန်းပစ်ချင်တယ် စေတနာမမှန်ဘူးပေါ့ဗျာ အဲလိုမြင်ပါတယ်။”

ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေအတွက် လက်ကမ်းကြိုဆိုနေဆဲဖြစ်ကြောင်းနဲ့ ဆွေးနွေးတဲ့အခါမှာလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ မဖြစ်နိုင်တာတွေကို တောင်းဆိုနေမယ့် အစား ဖြစ်သင့်တာတွေကိုပဲ ညှိုနှိုင်းတာက လက်တွေ့ကျမယ်လို့ မြန်မာတပ်မတော်ဘက်က အမြဲပြောနေတာပါ။ အဲဒီလို မြန်မာစစ်တပ်ရဲ့ ရပ်တည်ပြောဆိုချက်တွေ ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအတွက် တကယ် အလုပ်ဖြစ်သလား။ ကာလီဖိုးနီးယားပြည်နယ်အခြေစိုက် ရှမ်းစာပေ ယဉ်ကျေးမှုအဖွဲ့ဥက္ကဌ ဒေါက်တာစိုင်းထွေးမောင်ရဲ့ သုံးသပ်ချက်ကတော့-

“တိုင်းရင်းသားတွေက လက်နက်ကိုင်ပြီးတော်လှန်လာတယ်ဆိုတာကလည်း သူတို့မှာ တိုင်းရင်းသားတွေရပိုင်ခွင့်၊လွတ်လပ်မှုနဲ့ တန်းတူညီမျှမှု အခွင့်အရေးကို လိုချင်လို့ ရချင်လို့ အဲဒါသူတို့လက်နက်ကိုင်ပြီးတော်လှန်လာတာပဲ အဲဒီတော်လှန်လာတာက နှစ်ပေါင်း ၇၀ လောက်ရှိပြီ။ ဆိုတော့ ဒီကြားထဲမှာ အခုဆိုရင် ငြိမ်းချမ်းရေးလိုချင်တယ်ဆိုတဲ့ စကားတွေပြောလာတယ်။ နောက်ပြီးတော့မှ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်မယ်ဆိုတာတွေပြောလာတယ်။ ဆိုရင် သူတို့က ထိန်းထိန်းသိမ်းသိမ်းနဲ့ တိုက်ပွဲတွေ ရပ်စဲဖို့ ကြိုးစားရမယ် ။ အခုလိုဆိုရင် ကျနော်တို့က ငြိမ်းချမ်းရေးလည်းဆွေးနွေးတယ်၊ ၄ နှစ်ကျော်ကျော် ၅ နှစ်လောက်ရှိပြီ။ ဒီကြားထဲမှာ တိုက်ပွဲတွေဖြစ်တာလည်း မလျော့သွားပဲနဲ့ ပိုပြီးတော့တောင်များလာသေးတယ် နောက်တိုက်ပွဲတွေကလည်း ပိုပြီးပြင်းထန်လာသေးတယ်။ အခုဆိုရင် လေယာဉ်ပျံတွေ သုံးပြီးတော့ ဗုံးကျဲတာတွေ ရှိလာတယ်။ ဆိုတော့ ကျနော်တို့ထင်တာ ငြိမ်းချမ်းရေး တကယ်လိုလားတယ်ဆိုရင် စစ်ပွဲရပ်ဖို့လိုတယ်။ အခုစစ်ပွဲရပ်ဖို့ဆိုတာထက် အဓိကတော့ အစိုးရတပ်မတော်ပဲ ၊ အစိုးရတပ်မတော်က သွားမတိုက်တော့ဘူး ထိန်းထိန်းသိမ်းသိမ်းနဲ့ ရပ်ထားမယ်ဆိုရင် စစ်ပွဲလည်း ဖြစ်စရာအကြောင်းမရှိဘူး။”

မြန်မာတပ်မတော်ဘက်က တကယ်ပဲငြိမ်းချမ်းရေးကို လိုလားတယ်ဆိုရင် အရင် ပင်လုံစာချုပ်ကတိကဝတ်မှာပါတဲ့ တိုင်းရင်းသားအားလုံးတန်းတူပါဝင်တဲ့ စစ်မှန်တဲ့ ပြည်ထောင်စုတပ်မတော် အဖြစ် ပြုပြင် ပြောင်းလဲဖို့ လိုအပ်နေကြောင်း အမေရိကန်အခြေစိုက် ကချင်မဟာမိတ်အဖွဲ့ ဥက္ကဋ္ဌ Gum Sang က ပြောပါတယ်။

“အမှန်အတိုင်းပြောရင် တော်လှန်ရေးနေ့ပါ ၊ ဒီဖက်ဆစ်ဂျပန်တွေကို တော်လှန်လို့ တော်လှန်ရေးနေ့ပေါ်ပေါက်လာတာပါ။ ဒါအပိုင်စီးလိုက်တာပေါ့နော် တပ်မတော်ဆိုတဲ့ Institution တခုပဲ အပိုင်စီးလိုက်တယ် အမှန်ဆိုရင် တနိုင်ငံလုံးပါဝင်တာပါ။ ကျနော်တို့ ကချင်တွေရော ဒီဖက်ဆစ်ဂျပန်တွေကို တော်လှန်ပြီးတဲ့အခါမှာ မနောအကကို အရှေ့မြောက်ပိုင်း ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မနောကပွဲတွေ ကျင်းပခဲ့ပါတယ်။ ကျနော်တို့ “Padang Manau” မနောကပွဲတွေလုပ်ခဲ့တယ်။ ဖက်ဆစ်ဂျပန်တွေကို ချေမှုန်းပြီးနောက်ပိုင်းမှာ အဲဒါကြောင့် ဒါဟာ အကုန်လုံးပါဝင်တဲ့ တော်လှန်ရေးနေ့ဗျာ ။ အဲဒါကို အခုက တပ်မတော် တခုနဲ့ပဲ ပေါက်ဖွားလာသလိုလို ၊ တစုပဲ ပိုင်ရလိုလို ဖော်ဆောင်လိုက်တာကို ကျနော်တို့ မလိုလားပါဘူး။ တကယ်ဆိုရင် တော်လှန်ရေးနေ့ပါခင်ဗျ။”

မတ်လ (၂၇) ရက်နေ့ တပ်မတော်နေ့ အထိမ်းအမှတ်အဖြစ် မနေ့ အင်္ဂါနေ့က နေပြည်တော်မှာရှိတဲ့ သူရဲကောင်းဗိမာန်မှာ ၁၉၄၀နဲ့ ၁၉၅၀ ခုနှစ် တဝိုက် လွတ်လပ်ရေးကြိုးပမ်းမှုကာလနဲ့ လွတ်လပ်ရေးရပြီးနောက် ကာလတွေမှာ တပ်မတော်အတွင်း စွန့်စွန့်စားစား တာဝန်ထမ်းဆောင်ခဲ့သူ အောင်ဆန်းသူရိယဘွဲ့ ရရှိခဲ့တဲ့ ခြောက်ဦးရဲ့ ရုပ်တုတွေကို ဖွင့်လှစ်တဲ့ အခမ်းအနား ပြုလုပ်ခဲ့ပါတယ်။ အောင်ဆန်းသူရိယဘွဲ့ရရှိခဲ့သူတွေကတော့- ဗိုလ်မှူး အောင်ဆန်းသူရိယ အေးချို (၁၉၁၇-၁၉၄၈) ၊ ဗိုလ်သူရ အောင်ဆန်းသူရိယ တိုက်ချွန်း ခေါ် တိုင်ကောင်း (၁၉၂၂-၁၉၈၈)၊ တပ်သား အောင်ဆန်းသူရိယ ဆွတ်(က်) ဗဟာဒူးရိုင်း (၁၉၃၁-၁၉၅၀) ၊ တပ်သား အောင်ဆန်းသူရိယ လှသောင်း (၁၉၂၇-၁၉၄၉) ၊ တပ်သား အောင်ဆန်းသူရိယ စောမြင့် (၁၉၂၉-၁၉၅၁) ၊ အရပ်သား အောင်ဆန်းသူရိယ စောဘရီ (၁၉၅၁ - ကျဆုံး) တို့ဖြစ်ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG