သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၀ ပြည်ဌာနချုပ်မှာ မေလ ၁ ရက် တိုင်းရင်းသားညီလာခံ ကျင်းပမည်


UWSA ပြောခွင့်ရ ဦးအောင်မြင့်
UWSA ပြောခွင့်ရ ဦးအောင်မြင့်

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး အပါအဝင် တိုင်းရင်းသားရေးရာကိစ္စရပ်တွေကို အဓိကထား ဆွေးနွေးကြမယ့် တိုင်းရင်းသားညီလာခံတရပ်ကို UWSA ဝပြည်သွေးစည်းညီညွတ်ရေးအဖွဲ့ကနေ ကမကထလုပ်ပြီးတော့ UWSA ဌာနချုပ်ရှိရာ ပန်ဆမ်းမှာ မေလ ၁ ရက်နေ့ကနေစလို့ ၃ ရက်ကြာ ဆွေးနွေးဖို့ရှိပါတယ်။

မြန်မာအစိုးရနဲ့ တိုက်ပွဲတွေဖြစ်နေတဲ့ ကိုးကန့်အဖွဲ့၊ တအောင်းပလောင်အဖွဲ့၊ ရခိုင်အဖွဲ့တွေကိုလည်း ဖိတ်ကြားထားတယ်လို့ UWSA အဖွဲ့ ပြောခွင့်ရက ဆိုပါတယ်။ UWSA ပြောခွင့်ရ ဦးအောင်မြင့်ကို မသိင်္ဂီထိုက်က ဆက်သွယ်မေးမြန်းထားပါတယ်ရှင်။

မေး။ ။ ပန်ဆမ်းအစည်းအဝေးက ဘယ်နေ့မှာ စမလဲရှင့်။

ဖြေ။ ။ “မေလ ၁ ရက်နေ့ကနေ ၃ ရက်နေ့”

မေး။ ။ အဓိက ဘာတွေများ ဆွေးနွေးဆုံးဖြတ်ကြဖို့ ရှိပါသလဲရှင့်။

ဖြေ။ ။ “အဓိကကတော့ ပြည်တွင်းငြိမ်းချမ်းရေးပါ။”

မေး။ ။ ဒီ ၁၂ ဖွဲ့ကိုတော့ ဆရာတို့ တရားဝင် ဖိတ်ထားတာပေါ့နော်။ ချင်းအမျိုးသားတပ်ဦးတို့လို တခြား ၇ ဖွဲ့ကိုတော့ ဖိတ်ထားတာ မတွေ့ပါဘူးရှင့်။ အဲဒီဟာအပေါ်မှာရော ဆရာတို့ ဘာကြောင့် ဒီလိုခွဲခြားပြီး မဖိတ်ရသလဲဆိုတာ ပြောပြလို့ရမလား။

ဖြေ။ ။ “တိုင်းရင်းသားဒီအဖွဲ့အစည်းတွေရဲ့ အကြံပြုချက်ရော၊ ကျနော်တို့ရဲ့ ဆုံးဖြတ်သဘောတူညီချက်ရောပေ့ါနော် ပေါင်းလိုက်တော့ ဒီလို ၁၂ ဖွဲ့ဖြစ်သွားတယ်။ ဒီတော့ အခုက ဘာလို့ အကုန်မဖိတ်သလဲဆိုတော့ အပစ်အခတ်ရပ်စဲရေးက ကြန့်ကြာနေတယ်။ ကြန့်ကြာနေတော့ ကျနော်တို့ကလည်း တိုင်းရင်းသားအဖွဲ့အစည်းတွေ မြန်မြန်လေး ငြိမ်းချမ်းရေး သဘောတူလက်မှတ်ရေးထိုးနိုင်ဖို့အတွက် ငြိမ်းချမ်းရေးအစည်းအဝေးဆိုပြီးတော့ ဆွေးနွေးပြီး သဘောတူထားတာဖြစ်တယ်လေ။ ဒါကြောင့်မို့ အားလုံးဖိတ်တာ မပါဘူး။ ဒီလိုသဘောကျရောက်သွားတယ်လေ။ ဒါပေမဲ့လည်း အခု အချို့တိုင်းရင်းသား အဖွဲ့အစည်းတွေကလည်း ခေါ်မယ်ဆိုရင် အားလုံးခေါ်ရင် ပိုကောင်းတယ်။ တခါတည်း အားလုံး ပြေလည်သွားမယ်။ ကျင်းပနိုင်မယ်လို့ ပြောတယ်လေ။ အကြံပြုတယ်။ ဒီကိစ္စကိုလည်း ကျနော်တို့ ဟိုဘာတုန်း ဗဟိုကို တင်ပြပြီးတော့ ဆွေးနွေးနေပါတယ်။ ဆုံးဖြတ်ချက် မကျသေးလို့လေနော်။ ခင်ဗျားမေးတဲ့မေးခွန်းက အခြေအနေနှစ်ခုကြောင့် ဒီလိုဖြစ်သွားတာ ဖြစ်တယ်လေနော်။”

မေး။ ။ ဒီဆွေးနွေးပွဲကနေပေါ့နော် ဆရာတို့ ဘာများ မျှော်လင့်လို့ ရနိုင်ပါလဲရှင့်။ ဘာတွေများ ထွက်လာနိုင်မယ်လို့များ ဆရာတို့ဘက်က ပြောလို့ရပါသလဲ။

ဖြေ။ ။ “ဒါ ကျနော်တို့ ဒီဆွေးနွေးပွဲက တိုင်းရင်းသား ခေါင်းဆောင်တွေအားလုံး စုံစုံညီညီနဲ့ ဒါ တတိုင်းတပြည်လုံးအတွက် ငြိမ်းချမ်းရေး မြန်မြန်ဆန်ဆန်လေး ရရှိနိုင်ဖို့အတွက် ကျနော်တို့မျှော်လင့်တာ ဖြစ်တယ်။ ဒါကြောင့်မို့လို့ ဒီကိစ္စက အားလုံး ဆွေးနွေးကြမယ်။ အဖွဲ့အစည်းတွေရဲ့ သဘောထား၊ ဒီဟာတွေကို ကျနော်တို့က ရည်ရွယ်တာပေါ့ဗျာ။ ဒါကြောင့်မို့လို့ အားလုံးရဲ့သဘောထားက ဘယ်လိုဖြစ်မယ်ဆိုတာ အခုအချိန်မှာ ကျနော်တို့လည်း ဘာမှ မပြောနိုင်သေးဘူး။”

မေး။ ။ ကိုးကန့်တပ်နဲ့ ရခိုင် အပါအဝင် မြန်မာအစိုးရဘက်က ဒီဆွေးနွေးပွဲကို မဖိတ်ဖို့ဆိုပြီးတော့ ဆရာတို့ကို ပြောတယ်ဆိုတာရော ဟုတ်ပါသလားရှင့်။

ဖြေ။ ။ “သူတို့ မဖိတ်ဖို့ဆိုတာ - သူတို့ ဒီအဖွဲ့အစည်းတွေနဲ့ ဖြစ်နေတဲ့ကိစ္စလေးတွေ ရှိသေးတယ်။ ဒီအဖွဲ့ ၃ ဖွဲ့ကဆိုရင်ပေါ့နော် လူကြီးတွေက အထင်အမြင်ရှိတယ်ဆိုပြီးတော့ ပြောလာတာ ဆွေးနွေးလာတာ ရှိပါတယ်။”

မေး။ ။ တက်မယ့်အဖွဲ့တွေကရော ဆရာတို့ဆီကို confirm လုပ်ပြီးပါပြီလားရှင့်။ ဘယ်အဖွဲ့တွေ တက်ကြမလဲရှင့်။

ဖြေ။ ။ “တချို့အဖွဲ့ကလည်း ကျနော်တို့ပို့လိုက်တဲ့ ဟို ဖိတ်စာပေါ့နော် ကျနော်တို့က ဒီလိုပါ ဒီကော်မတီကနေပြီးတော့ ဆွေးနွေးဆုံးဖြတ်ပြီးတော့၊ ဒီကော်မတီကနေပြီးတော့ ဖိတ်စာရေးပြီးတော့ ဖိတ်လိုက်တယ်နော်။ ဒါကြောင့်မို့လို့ ဒီကိစ္စဟာဆိုရင် ဖြစ်မြောက်ရေးကော်မတီကနေ ဖိတ်လိုက်တယ်။ ၆ ရက်နေ့ကနေပြီးတော့ ကျနော်တို့ အားလုံး မူလစာရင်းပါ ဆုံးဖြတ်ထားတဲ့ အဖွဲ့တွေကို သူတို့ရဲ့ အီးမေးလ်လိပ်စာနဲ့ အားလုံးပို့လိုက်တယ်။ ပို့လိုက်တော့ တချို့အဖွဲ့အစည်းကလည်း ရတယ်။ တချို့အဖွဲ့အစည်းကလည်း မရသေးဘူးဆိုတာ ပြောတယ်။ ဒါကြောင့်မို့လို့ ဒီကိစ္စဟာဆိုရင် တချို့အဖွဲ့အစည်းကလည်း တက်မယ်။ ဖိတ်စာရပြီ။ တချို့အဖွဲ့အစည်းကလည်း ဖိတ်စာမရသေးဘူး။ပြောတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ ဒီနေ့အထိ ဒီနေ့နေ့လည်အထိတောင် ဒီကိစ္စတွေကို ဆောင်ရွက်နေရသေးတယ်။

XS
SM
MD
LG