သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းရင်းသားလက်နက်ကိုင် ထိပ်သီးညီလာခံ KNU နယ်မြေမှာ ကျင်းပမည်


ဓာတ်ပုံ - ကေအန်ယူဖေ့ဘုတ်စ်
ဓာတ်ပုံ - ကေအန်ယူဖေ့ဘုတ်စ်

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ထိပ်သီးညီလာခံကို ဇွန်လ ၂ ရက်နေ့မှာ ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ နယ်မြေမှာကျင်းပဖို့ ရှိနေပြီး ဒီညီလာခံမှာ တနိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စာချုပ် NCA နဲ့ တနိုင်ငံလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ မူဘောင်ချမှတ်ရေးတွေကို အဓိကထား ဆွေးနွေးဖို့ ရှိနေပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတွက် အစိုးရရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC နဲ့ အဓိက ဆွေးနွေးနေတဲ့ NCCT ခေါ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ညှိနှိုင်းကော်မတီ အဖွဲ့ဝင်တွေ ဦးဆောင်ကျင်းပမယ့် ထိပ်သီးညီလာခံကို ဇွန်လဆန်းမှာ ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ နယ်မြေမှာ ကျင်းပဖို့ စီစဉ်ထားပြီ ဖြစ်ပါတယ်။

ဒီညီလာခံကျင်းပမယ့် နေ့ရက်နဲ့ နေရာကို NCCT ခေါ် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းအဖွဲ့ရဲ့ အဖွဲ့ဝင်၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ရဲ့ နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက အခုလို အတည်ပြုပါတယ်။

“ဒီ လော်ခီးလာမှာလေ ၂ ရက်ကနေ ၆ ရက် ဇွန်လ။ NCCT ထဲမှာ ပါပြီးသားကတော့ တိုင်ပင်ထားတာ ရှိတယ်လေ။ မပါသေးတဲ့လူကို ပိုပြီးတော့ တိုင်ပင်ဖို့ လိုတာပေါ့။ မပါသေးတဲ့အဖွဲ့တွေ အဓိကထား ဖိတ်တယ်ပေါ့။”

လောလောဆယ်မှာ ဖိတ်စာတွေကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအသီးသီးကို ပေးပို့ထားပြီး တက်ရောက်မယ်၊ မတက်ရောက်ဘူးဆိုတာကို ဒီလ ၂၆ ရက်နေ့ နောက်ဆုံးထား ပြန်ကြားဖို့အတွက်လည်း ပန်ကြားထားပါတယ်။ ထိပ်သီးညီလာခံမှာ မတ်လကုန်က UPWC နဲ့ သဘောတူထားတဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA နဲ့ နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ မူဘောင်ချမှတ်ရေးတွေကို အဓိကထား ဆွေးနွေးမယ်လို့ ဗိုလ်မှုးကြီးခွန်ဥက္ကာက ဆက်ပြောပါတယ်။

“အဓိကကတော့ NCA လိုင်းပေါ့။ အဲဒီရဲ့ နောက်ဆက်တွဲက နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်ပေါ်ဖို့အတွက် Framework ဘယ်လိုသွားမလဲ၊ နိုင်ငံရေးဆွေးနွေးပွဲ ဘယ်ပုံစံ ချဉ်းကပ်မလဲ၊ ကျနော်တို့ ညီညွတ်ရေး ဘယ်လိုတည်ဆောက်မလဲပေါ့ဗျာ။ အကယ်၍ NCA ပြီးရင်တောင်မှ ခိုင်မာအောင် ဘယ်လိုလုပ်မလဲပေါ့ အဲဒါတွေပါ လူစုံတုန်းမှာ တခါတည်း ညှိထားမှာပေါ့ဗျာ။”

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းအဖွဲ့ ခေါ် NCCT မှာ အဖွဲ့ဝင် ၁၅ ဖွဲ့ရှိပြီး အဖွဲ့ဝင်မဟုတ်တဲ့ အခြားအဖွဲ့တွေကတော့ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA၊ မိုင်းလားအဖွဲ့လို့ လူသိများတဲ့ အမျိုးသားဒီမိုကရေစီ သွေးစည်းညီညွတ်ရေးတပ်မတော် NDAA၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တောင်ပိုင်း၊ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ NSCN-K နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF တို့ ဖြစ်ပါတယ်။ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တောင်ပိုင်းကတော့ ဖိတ်စာရရှိထားပြီး၊ မကြာခင်မှာ ဆုံးဖြတ်မယ်လို့ SSA တောင်ပိုင်းက ဗိုလ်မှူးကြီး စိုင်းမိန်းက ပြောပါတယ်။

“ဖိတ်စာတော့ ရပါပြီခင်ဗျ။ ဒီ ၁ ရက် ၂ ရက်အတွင်းမှာ ကျနော်တို့ ရှမ်းပြည် အမျိုးသားများ တော်လှန်ရေးနေ့ ကျင်းပမှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ အဲဒီအချိန်မှာ လူကြီးတွေလည်း စုံကြပါလိမ့်မယ်။ အဲဒီအခါကျမှပဲ ပြန်ပြီးတော့ ဗဟိုကော်မတီက ဆွေးနွေးမယ်လို့ ကျနော် သိရှိရပါတယ်။”

RCSS/SSA တောင်ပိုင်းဟာ အရင်နှစ်တွေက ကျင်းပတဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ် လိုင်ဇာနဲ့ လော်ခီးလာမှာ ကျင်းပတဲ့ တိုင်းရင်းသား ထိပ်သီးညီလာခံ ၃ ကြိမ်ကို လေ့လာသူအဖြစ် ပါဝင်တက်ရောက်ခဲ့ဖူးပါတယ်။ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA က လက်ရှိကျင်းပမယ့် ထိပ်သီးအစည်းအဝေး ဖိတ်စာမရသေးကြောင်းနဲ့ ညီလာခံ တက်မယ်၊ မတက်ဘူးဆိုတာကို အထက်ကို တင်ပြရဦးမှာဖြစ်ကြောင်း အဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့်က ပြောပါတယ်။

“သြော် မတွေ့ရသေးဘူး ကျနော်။ ဒီကိစ္စလေးကတော့ လူကြီးတွေကို တင်ပြရဦးမှာပါ။”

ဒီလ ၂ ရက်နေ့ကနေ ၆ ရက်နေ့အထိ UWSA ဌာနချုပ် ပန်ဆန်းမှာကျင်းပတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၅ ဖွဲ့ တက်ရောက်တဲ့ ထိပ်သီးဆွေးနွေးပွဲမှာတော့ အချက် ၁၂ ချက်ပါဝင်တဲ့ ကြေညာချက်တစောင်ကို ထုတ်ပြန်ခဲ့ပြီး အဲဒီထဲမှာ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ပြီး ဖက်ဒရယ် ပြည်ထောင်စု ထူထောင်ရေး၊ ပြည်တွင်းစစ်ကို နိုင်ငံရေးနည်းအရ ဖြေရှင်းရေး၊ ပြည်ထောင်စုတွင်းမှ ခွဲမထွက်ရေး စတဲ့ အချက်တွေ ပါဝင်ပါတယ်။

လာမယ့်ဇွန်လမှာ ကျင်းပမယ့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ထိပ်သီးညီလာခံမှာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA နဲ့ နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ မူဘောင်ချမှတ်ရေးတွေကို ဆွေးနွေးဖို့ ပြင်ဆင်နေချိန်မှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကတော့ သူတို့ အစိုးရအနေနဲ့ NCA ကို လက်မှတ်ရေးထိုးဖို့ အသင့်ရှိကြောင်းနဲ့ နိုင်ငံရေးဆွေးနွေးပွဲကို ရွေးကောက်ပွဲမတိုင်ခင် ကျင်းပလိုကြောင်း တနင်္လာနေ့က နိုင်ငံရေးပါတီခေါင်းဆောင်တွေနဲ့ တွေ့ဆုံစဉ်မှာ ပြောကြားထားပါတယ်။

XS
SM
MD
LG