သုံးရလွယ်ကူစေသည့် Link များ

တိုင်းရင်းသားဒေသနဲ့ ရွေးကောက်ပွဲဆိုင်ရာ သတင်းများ

  • Ronald အောင်နိုင်

ကျွန်မက နူးပန်ပါ။ တိုင်းရင်းသားဒေသက သတင်းတွေကို စိုင်းမိဏ်းနဲ့အတူ တင်ဆက်သွားမှာပါ။

အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ

မြစ်ကြီးနားမြို့နယ်မှ အမျိုးသား ဒီမိုကရေစီအင်အားစုပါတီက အမတ်လောင်းအဖြစ် ဝင်ပြိုင်မယ့် ဦးမာခါးအား ပြည်နယ်ကော်မရှင်မှ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးခြင်းဆိုင်ရာ စည်းကမ်းချက်တွေနဲ့ ကိုက်ညီမှုမရှိဘူးဆိုပြီး စည်းရုံးရေးဆင်းခွင့် ပိတ်ပင်ထားတယ် ဆိုတဲ့ စာကို တပ်ကုန်းနဲ့ စီတာပူ ရပ်ကွက် ဥက္ကဋ္ဌတွေဆီကို ဒီလ ၁၁ ရက်နေ့က ပေးပို့ခဲ့ပါတယ်။

စည်းရုံးရေး ပိတ်ပင်ခြင်းကို ကော်မရှင်မှ ဦးမာခါးအား တရားဝင် ပြောဆိုခြင်းမရှိသေးသော်လည်း ပြည်နယ်ကော်မရှင်ရုံးထံ လာရောက်ပေးရန် ခေါ်စာရောက်ရှိနေပြီဖြစ်ကြောင်း ဦးမာခါးကပြောပါတယ်။

ဦးမာခါးဟာ အမျိုးသား ဒီမိုကရေစီအင်အားစုပါတီကနေ ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး သူနဲ့ ပြိုင်ဘက်ကတော့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက ဆက်သွယ်ရေးဝန်ကြီး ဦးသိန်းဇော် ဖြစ်ပါတယ်။

ဦးမာခါးဟာ ဟူးကောင်းချိမ့်ဝှမ်းက လယ်သမားတွေ လယ်မြေဆုံးရှုံးတဲ့အပေါ် ယုဇန ကုမ္ပဏီကို တရားစွဲဆိုထားတာကို လိုက်ပါကူညီ ဆောင်ရွက်ပေးနေသူ ရှေ့နေတဦးလည်း ဖြစ်ပါတယ်။

ချင်းတိုးတက်ရေးပါတီက လူထု စည်းရုံးရေး ဟောပြောပွဲ

ချင်းတိုးတက်ရေးပါတီက အောက်တိုဘာလ ၁၂ ရက်နေ့က ကလေးမြို့ တာဟန်းရပ်ကွက် EFC ခန်းမမှာ လူထုစည်းရုံးရေး ဟောပြောပွဲ ကျင်းပခဲ့ရာ ထောင်နဲ့ချီတဲ့ ချင်းလူမျိုးတွေ တက်ရောက်ခဲ့တယ်လို့ ပါတီပြောရေးဆိုခွင့်ရှိသူတဦးက ပြောပါတယ်။

“ချင်းလူမျိုး ၇၀၀၀ ကျော်တက်ရောက်ခဲ့တယ်။ စာရင်းမယူပေမယ့် EFC Hall ခန်းမထဲမှာ လူ ၆၀၀၀ ဆန့်တယ်။ မတ်တပ်ရပ်တဲ့ လူလည်း ရှိသေးတယ်။ ခန်းမ အပြင်ဘက်မှာလည်း လူတွေအပြည့်ပဲ။ လမ်းမကြီးအထိ လူတွေအပြည့်ပဲ.. ဒါကြောင့် လူ ၇၀၀၀ ကျော်တက်တယ်ဆိုတာ လုံးဝမှားဘူး”

ကလေးမြို့မှာ ချင်းလူမျိုးတွေ အများကြီးနေထိုင်တယ်ဆိုတာကို ပြသချင်လို့ အခုလို ထောင်နဲ့ချီပြီး အင်နဲ့အားနဲ့ တက်ရောက်ခဲ့တာ ဖြစ်တယ်လို့ ကလေးမြို့မှ ချင်း တယောက်က ပြောပါတယ်။

စီပီပီပါတီက ကလေးမြို့နယ်မှာ ချင်းတိုင်းရင်းသားလွတ်တော်အတွက် ပူးနိုးထန်ကပ်။ တသီးပုဂ္ဂလအဖြစ် ယှဉ်ပြိုင်မယ့် ချင်းတိုင်းရင်း ပူးဧနောခ်၊ ကြံ့ဖွံ့ပါတီမှ ပူး ကျင်လျန်မန် နဲ့ တစည ပါတီမှ ပူးကျင်ဇာပုမ် တို့နဲ့ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

ကိုးကန့်ပါတီက လူထုကို မဲပေးနည်းသင်ပေး

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ရှိ ကိုးကန့်လူမျိုးအနေများတဲ့ ရပ်ကွက်တွေမှာ မဲပေးပိုင်ခွင့်ရှိတဲ့ ကိုးကန့်တွေကို ကိုးကန့်ပါတီက မဲစာရွက် နမူနာပုံစံ လိုက်လံဖြန့်ဝေပြီး ပါတီရဲ့ အမှတ်တံဆိပ်ဖြစ်တဲ့ ကြိုးနှစ်ချောင်း ကိုးကန့်စောင်း အမှတ်တံဆိပ် ဘေးနားကအကွက်မှာ အမှန်ခြစ်ရမယ့် နေရာဆိုပြီး ရှင်းလင်းပြောဆိုနေတယ်လို့ အသက် ၂၅ နှစ်ရှိ လားရှိုးကြီးဈေးအတွင်း ကုန်စုံဆိုင်ပိုင်ရှင် ရှမ်း-တရုတ် ကပြား အမျိုးသမီးတစ်ဦးကပြောပါတယ်။

လားရှိုးမြို့ပေါ် ရပ်ကွက်တိုင်း ကိုးကန့်တရုတ်လူမျိုးပျံ့နှံ့နေထိုင်ပြီး အထူးသဖြင့် အမှတ် ၂ ၊ ၇ နဲ့ ၈ ရပ်ကွက်တို့မှာ လူဦးရေသောင်းချီနဲ့ အများဆုံးနေထိုင်တယ်လို့ တက္ကသိုလ်ကျောင်းသားတယောက်က ပြောပါတယ်။

ကချင်ပြည်နယ်မှာတော့ ကျားဖြူပါတီက ကချင်ပြည်နယ်အတွင်းရှိ မြို့ နယ် ၉ မြို့ နယ်မှာ ဒီကနေ့ကစပြီး စည်းရုံးရေးဆင်းနေရာ စည်းရုံးရေးခရီးစဉ်အတွင်း မဲထည့်ပုံထည့်နည်းတွေနဲ့ ပတ်သက်လို့ မဲသရုပ်ပြပွဲကို ပြုလုပ်သွားမယ်လို့ ကျားဖြူပါတီဝင်တယောက်က ပြောပါတယ်။

မဲသရုပ်ပြမယ့် မြို့ နယ်တွေက မိုးညှင်း၊ မိုးကောင်း၊ ဖားကန့်၊ ပူတာအို၊ မံစီ၊ ဗန်းမော်၊ မိုးမောက်၊ ဝိုင်းမော်၊ မြစ်ကြီးနားစတဲ့ မြို့ နယ်တွေဖြစ်ပြီး အဲဒီမြို့ နယ်တွေမှာ မနေ့က တမြို့ နယ်ကို လက်ကမ်းစာစောင် တသောင်းစီ ဝေငှထားတယ်လို့ ပြောပါတယ်။

ချင်း တိုးတက်ရေးပါတီအနေနဲ့ ဘာလို့ ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့တယ်ဆိုတဲ့ အကြောင်းကို ပါတီဥက္ကဌ နိုးထန်ကပ်နဲ့ ချင်း သတင်းထောက် ကိုပီတာက မေးမြန်းထားပါတယ်။

ကျွန်မက ချမ်းလွန်ပါ။ အခု မေးမြန်းခန်းတခုကို ကြားကြရမှာပါ။ တစ်ချိန်က စစ်အစိုးရကို လက်နက်ကိုင်တော်လှန်တဲ့ ချင်းအမျိုးသားတပ်ဦးရဲ့ ဥက္ကဌတာဝန်ကို ထမ်းဆောင်ခဲ့တဲ့ ပူးနိုးထန်ကပ်ဟာ အခုအခါ ချင်းတိုးတက်ရေး ပါတီကို ဖွဲ့စည်းပြီး ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်နေပါတယ်။ ဘာဖြစ်လို့ ရွေးကောက်ပွဲ ဝင်ဖို့ ဆုံးဖြတ်ခဲ့တာလဲ၊ ရွေးကောက်ပွဲအပေါ် ဘယ်လောက် မျှော်လင့်ထားလဲ ဆိုတာ ကို ဆလိုင်းပီတာ က ဆက်သွယ် မေးမြန်းထားပါတယ်။

ကလေးမြို့မဲဆန္ဒနယ်ကနေ ချင်းတိုင်းရင်းသားလွတ်တော်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် ချင်းတိုးတက်ရေးပါတီဥက္ကဌ ပူး နိုးထန်ကပ်က မိမိတို့လိုချင်တဲ့ ကိုယ်ပိုင်ပြဌါန်းခွင့်ကို လက်နက်မကိုင်ပဲ ပြည်တွင်းကနေ အကြမ်းမဖက်သောနည်းဖြင့်လည်း တောင်းဆိုလိုတာကြောင့် ပါတီ ဖွဲ့စည်းခဲ့တာလို့ စပြောပြပါတယ်။

ကျနော့်ရဲ့အမြင် အမျိုးသားရေးနဲ့ ပတ်သက်ပြီးတော့ ဘာတခုမှ ပြောင်းလဲမှုမရှိသေးဘူး။ ချဉ်းကပ်ပုံချဉ်းကပ်နည်းက နည်းမျိုးစုံ ရှိတယ်လေ။ အရင်တုံးက လက်နက်ကိုင်တယ် မှန်တယ်။ ရည်မှန်းချက်က To have to right selfdetermination လို့ အတည့်အလင်း ရေးထားတယ်။ ကျနော်တို့ လေးလေးနက်နက် လိုချင်တယ်။ ပြောရုံသက်သက် မဟုတ်ဘူးဆိုတာ လက်နက်ကိုင်ပြီးတော့ ပြခဲ့တယ်လေ။ နောက် ကျနော်တို့ လက်နက်မကိုင်ပဲနဲ့ ပြည်တွင်းမှာ ရှိပြီးတော့လည်း ဒီ ကျနော်တို့ရည်မှန်းချက် self-determination ဆိုတာ ဆက်လက်ပြီးတော့ အကြမ်းမဖက်နည်းနဲ့ တောင်းဆိုလို့လည်းရတယ်၊ ဆွေးနွေးလို့လည်းရတယ်။ အတိုကောက်အားဖြင့် ကျနော် ရှင်းရှင်းပြောရမယ်ဆိုရင် ဒီအမျိုးသားရေးနဲ့ To have to right selfdetermination ကို ထားခဲ့ပြီးတော့ လုံးလုံးလျားလျား အမြင်ပြောင်းတယ် ဆိုတာမျိုးတော့ မဟုတ်ဘူး။ ဒီမှာ အေးအေးဆေးဆေး နေတာထက် ကိုယ့်အမျိုးသားရေးအတွက် တတ်တဲ့နည်းနဲ့ ပြဌါန်းထားတဲ့ ဘောင်ထဲကနေ ပြောရတာဆိုရတာဟာ မမှားဘူးလို့ မြင်တယ်။

ဟုတ်ကဲ့… ဒီ ၂၀၁၀ ရွေးကောက်ပွဲကို NLD အပါအ၀င် ဒီမိုကရေစီကိုလိုလားတဲ့ တိုင်းရင်းသား အဖွဲ့အစည်း တော်တော်များများက သပိတ်မှောက်ကြတယ်။ ချင်းတိုးတက်ရေးပါတီ အနေနဲ့ ရွေးကောက်ပွဲဝင်ဖို့ ဘာလို့ ရွေးချယ်ခဲ့တာလဲ။

အခု ၁၀၀ မှာ ၁၀၀ တပ်မတော်ကနေ ဆုပ်ကိုင်ထားရာကနေ ၇၅ ရာခိုင်နှုန်း ပြည်သူလက်ထဲ အပ်နှံလိုက်တဲ့အခါ ဒီ ၇၅ % ကို ရာခိုင်နှုန်းပြည့် ၇၅% ရအောင် ပြည်သူတွေက မလုပ်နိုင်တဲ့အခါကြတော့ တချို့ကလည်း ရွေးကောက်ပွဲမှာ မပါဝင်ပါနဲ့၊ မဲမထည့်ပါနဲ့ ဆိုတဲ့အသံတွေ ထွက်တဲ့အခါကြတော့ ၇၅% ဟာ ကျနော်တို့ သိလျက်နဲ့၊ လုပ်နိုင်လျက်နဲ့။ အလိုလိုပေါ့ ကျနော်တို့ ဆန့်ကျင်နေတယ်လို့ ပြောနေတဲ့ တပ်မတော်လက်ထဲမှာ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီမှာ အပ်နှင်းသလို ဖြစ်တယ်လေ။

အခြေခံ ဥပဒေအရ လွတ်တော်မှာ ၂၅ ရာနှုန်းကို စစ်တပ်ကိုယ်စားလှယ်တွေက ချုပ်ကိုင်ထားတော့ တိုင်းရင်းသား ကိုယ်ပိုင်ပြဌာန်းခွင့်ကို ဘယ်လို ပြောယူလို့ ရနိုင်မှာလဲ။

ကျနော်တို့ တိုင်းပြည်အခြေအနေ၊ သမိုင်းကို ပြန်ကြည့်မယ်ဆိုရင် တပ်မတော်နဲ့ အခုချိန်မှာ ဘုန်းတိုင်းကြီး ၁၀၀ မှာ ၁၀၀ ပြည်သူမှာအပ်မယ်ဆိုရင် ကျနော်စိတ်ထဲမှာ စိုးရိမ်မိတယ်။ ပြည်သူနဲ့ ဒီမိုကရေစီက ယဉ်ပါးမှု မရှိသေးတဲ့အခါကြတော့ law and order ကိစ္စမှာ ဗရုန်းသုန်းခတွေ၊ ထိန်းမရသိမ်းမရ ပုံစံမျိုးတွေ လွတ်လပ်မှုကို အသုံးမချတတ်တဲ့ ပုံစံမျိုး ပေါ်လာမှာ ကျနော် စိုးရိမ်တယ်။ ၁၀၀ မှာ ၇၅ ကို ပြည်သူကို ပေးထားတယ်၊ ၂၅ % ကို သူတို့ ကိုင်ထားတယ်။ တဖြည်းဖြည်းနဲ့ ပြောင်းလဲမှုကို သူတို့လည်း လိုမှာပဲလေ။ နောက် ရွေးကောက်ပွဲမှာ ကဲ…၂၅% များတယ်ဆိုပြီးတော. ၂၀% ၁၅% ၁၀% ဆိုပြီးတော့ သူတို့ လျှော့ချင်မှ လျှော့မယ်လေ..အားလုံး ခြုံပြီးပြောရရင် ၂၅% သူတို့ယူထားတာဟာ ကျနော် ဒီလောက်ကြီး အဆိုးမမြင်ဘူး.

အခုရွေးကောက်ပွဲကို ၁၉၉၀ ရွေးကောက်ပွဲတုန်းက ချင်းပြည်မှာ ယှဉ်ပြိုင်ခဲ့တဲ့ ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က သပိတ်မှောက်ထားပေးမယ့် ချင်းပြည်နယ်လုံးကို ကိုယ်စားပြုပြီး ဖွဲ့စည်းထားတဲ့ ချင်းတိုင်းရင်းသားပါတီ နှစ်ခုထဲမှာ ပူးနိုးထန်ကပ်ရဲ့ ချင်းတိုးတက်ရေးပါတီကလည်း တခုဖြစ်ပါတယ်။

XS
SM
MD
LG